၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ၁၀ လအတွင်း ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်နှင့် လူနှစ်ထောင်နီးပါး ဖမ်းဆီးအရေးယူထား

၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ၁၀ လအတွင်း ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်နှင့် လူနှစ်ထောင်နီးပါး ဖမ်းဆီးအရေးယူထား
Published 15 November 2015

၂၀၁၅ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ၁၀ လအတွင်း ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်နှင့် လူ ၂၀၀၀ နီးပါးကို ဖမ်းဆီးအရေးယူထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့  မှတ်တမ်းများအရ သိရသည်။ယင်းပမာဏမှာ လွန်ခဲ့သော ခုနှစ်ထက် ပမာဏများပြားခဲ့ပြီး တရားခံဦးရေမှာ လွန်သောနှစ်ထက် ရာဂဏန်းခန့် လျော့ကျခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်အထိ အမှုပေါင်း ၁၅၀၀ မှုဖြစ်ပေါ်ခဲ့ပြီး တရားခံ ကျား ၁၆၅၉ ဦး၊ မ ၂၇၄ ဦး၊ စုစုပေါင်း ၁၉၃၈ ဦး ဖမ်းဆီးခဲ့သည်။ ယင်းဖမ်းဆီးမှုတွင် အများဆုံးမှာ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားသာ ဖြစ်ပြီး  ဘိန်းဖြူပမာဏ ၂၃၂၀၅ ဂရမ် (တစ်ဂရမ် _ ကျပ် ၉၅၀၀၀ နှုန်းဖြင့်) ကျပ်သိန်းပေါင်း ၂၂၀၀၀ ကျော်) ၊ စိတ်ကြွဆေးပြား (၈၁၁၅၈၃ ပြား _ တစ်ပြားလျှင် ကျပ် ၆၀၀၀  နှုန်းဖြင့်) ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော် နှစ်ခုပေါင်း ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ကချင်ပြည်နယ် ပထမတန်း ဒုရဲမှူးကြီး မြင့်ထူးက “လွန်ခဲ့တဲ့နှစ်ကထက် သုံးစွဲသူ လျော့လာတယ်။ ဒီနှစ်အတွင်းမှာပဲ လျော့နည်းလာတယ်။ လုယက်မှုတွေလည်း လျော့ကျလာတယ်။ အများစုက လူထုက မူးယစ်ဆေးဝါးကို တိုက်ထုတ်လာတယ်။ လူမှုအဖွဲ့အစည်းတွေလည်း အားသွန်ပြီး နှိမ်နင်းလာတယ်။ တချို့အဖွဲ့အစည်းတွေက မူးယစ်တိုက်ဖျက်ရာမှာ လွန်ကျူးမှုတွေရှိပေမယ့် သတိပေးမှုတွေ လုပ်ခဲ့ရတယ်။ ဒီနှစ်ရာသီလည်း တစ်နိုင်ငံလုံး အတိုင်းအတာအတိုင်း ဘိန်းဖျက်တဲ့အလုပ်တော့ လုပ်ကြမှာပါ။ လွန်ခဲ့တဲ့ကာလတွေက လက်နက်ကိုင်တွေနှင့် စပ်ကြားဧရိယာဟာ လွတ်နေတဲ့သဘော ရှိခဲ့တဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်ခဲ့တာပါ”ဟု သုံးသပ်ပြောကြားသည်။ကချင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၁၁၃၈ မှု တရားခံဦးရေ ၁၆၉၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၅၀၂ မှု တရားခံဦးရေ ၂၂၉၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း  ၁၈၉၀ မှု တရားခံဦးရေ ကျား ၂၃၆၅ ဦး၊ မ ၃၈၄ ဦး စုစုပေါင်း ၂၇၄၉  ဦးကို ဖမ်းဆီးအရေး ယူခဲ့ကြောင်း သိရသည်။ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲသူများပြားလာခဲ့ပြီး ကချင်ပြည်နယ်အတွင်းသို့ အဓိက မူးယစ်လမ်းကြီးခြောက်ခုဖြင့် ဝင်ရောက်နေကြောင်း သိရသည်။ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော မူးယစ်ဆေးဝါးလမ်းကြောင်း ခြောက်ခုရှိပြီး ယင်းတို့မှာ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွ ဆေးပြားများမှာ ရှမ်းပြည်နယ် ကွတ်ခိုင်-နန်းခမ်း-ဗန်းမော်-ဝိုင်းမော်-မြစ်ကြီးနား -ဖားကန့် လမ်းကြောင်း၊ လွယ်ဂျယ်-ဗန်းမော်-ဝိုင်းမော် -မြစ်ကြီးနား-ဖားကန့် လမ်းကြောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းက ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုဖြတ်၍ မိုးညှင်း-မိုးကောင်း-ဖားကန့် လမ်းကြောင်း၊ မူဆယ်မြို့မှ တရုတ်ပြည်  ရွှေလီကိုကူး၍ ရွှေလီ-ကန်ပိုက်တည်း-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်း၊ ဘိန်းစိမ်းအများစုသယ်သည့် ချင်းတွင်းအထက် ဟုမ္မလင်း-ဆယ်ဇင်း-တာမခံ -ဖားကန့် လမ်းကြောင်း၊ ဆဒုံး-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းတို့ဖြစ်ကြောင်း သိရသည်။ယခုအချိန်တွင် ကချင်ပြည်နယ်မှ  တရုတ်နိုင်ငံသို့ တရားမဝင် မှောင်ခိုလုပ်ငန်းများ ကြီးထွားနေခြင်းနှင့် ရွှေမှော်၊ ကျောက်မှော်များတွင် တရားဥပဒေစိုးမိုးမှု မရှိဘဲ ရွှေ့ပြောင်းလုပ်သားများ သိန်းချီရှိနေခြင်းမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုကို ကြီးမားသော တွန်းအားများဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေသခံများက သုံးသပ်ကြသည်။ကချင်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဦးဝင်းလွင်က “မူးယစ်ဆေးအစားထိုး မက်သာဒုံး တိုက်ကျွေးပြီး ဆေးဖြတ်တဲ့ ဌာနက ၂၀၁၂ ခုနှစ်က စခဲ့တာ ယနေ့ဆိုရင် ၁၁ ဌာနရှိပြီ ဒီနှစ်မှာ ဒေသတွင်း လိုအပ်ချက်အရ ရွှေကူ၊ မန်စီ၊ တနိုင်းမြို့တွေမှာ သုံးဌာန  တိုးချဲ့ဖွင့်လှစ်သွားမယ်။ ယနေ့ဆိုရင် မူးယစ်ဆေးအစားထိုး မက်သာဒုံးသောက်သုံးနေတာ ၃၃၇၁ ဦးရှိတယ်။ ဖားကန့်နဲ့ မြစ်ကြီးနားက လူဦးရေအများဆုံးပေါ့။ အခြေခံ စာရင်းဇယားမရှိပေမယ့် ဖမ်ဆီးမှုများတာ၊ ဆေးသောက်သုံးသူတွေ အရေအတွက် များလာတာကိုကြည့်ပြီး ဆေးသုံးသူတွေ များလာတယ်လို့ ယူဆပါတယ်။ အများစုတွေ့နေရတာက  လူငယ်ပိုင်း စွန့်စားချင်သူတွေများပါတယ်။  အသက် ၁၃ နှစ် ၁၄ နှစ်တွေ အများစု ပါလာတာတော့ စိတ်မကောင်းစရာပါ”ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ပြောကြားသည်။ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ်အတွင်း  မူးယစ်ဆေးဝါးစွဲစွဲမြဲမြဲ သုံးစွဲသူ ၂၀၀၀၀ ကျော်ရှိပြီး  ရံဖန်ရံခါ သုံးစွဲသူများကို ပေါင်းလိုက်ပါက ၄၆၀၀၀ ကျော်ရှိကြောင်း မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး လူထုကော်မတီ (ပက်ဂျက်ဆန်) ၏ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် ကောက်ယူထားသော စာရင်းများအရ သိရသည်။ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း ဘိန်းစိုက်ဧကများ မြင့်တက်ခဲ့ကြောင်း သိရပြီး ၂၀၁၃ ခုနှစ်တွင် UNODC ၏ ခန့်မှန်းချက်အရ စိုက်ပျိုးမှု ဟက်တာ ၄၆၀၀ ရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၇ ဒသမ ၉ ရာခိုင်းနှုန်း ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent