ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။“လောလောဆယ်တော့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းကို ရောက်ပြီးတော့ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ပြီး၊ နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံကို ဝင်ရောက်သွားနိုင်တယ်လို့ ခန့်မှန်းရတယ်။ နည်းနည်းတော့ စောင့်ကြည့်ရမယ့် အနေအထားပေါ့၊ ပြီးခဲ့တဲ့ မုန်တိုင်းငယ်က အိန္ဒိယကို ဖြတ်သွားပြီးတော့ ဒီဘက်မှာ မိုးရခဲ့တဲ့ အနေအထားလေးတွေ ရှိတယ်။ လောလောဆယ်တော့ မိုးရနိုင်လား မရနိုင်လားဆိုတဲ့ အနေအထားလေးတွေကို စောင့်ကြည့်ရမယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။“အဲဒီ လေဖိအားနည်းရပ်ဝန်းဆီကို ဒီဘက်က ရေခိုးရေငွေ့တွေ ပါသွားတယ်။ အဲဒါကြောင့် မိုးပြန်လျော့သွားတာ ဖြစ်တယ်။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်ဖြစ်တာက ပင်လယ်မျက်နှာပြင် အပူချိန်မြင့်တက်နေတဲ့အတွက်ကြောင့် ဆောင်းရာသီမှာ ခါတိုင်း အေးတာထက်ကို အအေးပေါ့မယ်။ မုန်တိုင်းတွေဖြစ်မယ်၊ မိုးတွေရွာလာမယ်ဆိုရင် အအေးပေါ့သွားတယ်။ အအေးပေါ့တာက ဒီဇင်ဘာလအထိ ဆက်နိုင်တယ်။ ပြီးတော့ ဒီနှစ်က အယ်လ်နီညို ရာသီဥတုကလည်းရှိနေတဲ့ အတွက်ပိုပြီးတော့ ပူနေတဲ့အနေအထား ရှိတယ်” ဟု ဦးကျော်မိုးဦးက ဆက်လက်ရှင်းပြသည်။နိုဝင်ဘာ ၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းခဲ့ကြောင်း နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။“ပြီးခဲ့တဲ့ရက်ပိုင်းက မုန်တိုင်းငယ်က ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေနဲ့ အနောက်လေပွေလှိုင်းတွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းတွေမှာ မိုးရခဲ့တယ်။ အဓိကတော့ အနောက်လေပွေလှိုင်းနဲ့ အရှေ့လေပွေလှိုင်းပေါ်မှာ မူတည်ပြီးတော့ မိုးပေးနိုင်လား မပေးနိုင်လားဆိုတာ အနေအထားလေးတွေကို စောင့်ကြည့်ရမယ်”ဟု ဦးကျော်မိုးဦးက ပြောကြားသည်။“အခု အထက်ပိုင်းမှာ မြူထူကျနေချိန်မှာ အောက်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ တနင်္သာရီ၊ ကရင်၊ ကယားနဲ့ ဧရာဝတီ အနောက်ခြမ်းမှာ မိုးအနည်းငယ် ဆက်ရွာနိုင်ပါတယ်” ဟု မိုးလေဝသပညာရှင် ဦးကျော်မိုးဦးက ပြော ကြားသည်။နိုဝင်ဘာ ၉ ရက်က ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်မှာ အားကောင်းသည့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ တမီနာဒူး(လ်) ကမ်းခြေမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးရခဲ့ကြောင်းလည်း သိရသည်။ယခုဆောင်းရာသီကာလတွင် ရွာသွန်းသော မိုးသည် ဆောင်းသီးနှံအတွက် ကောင်းမွန်သော်လည်း မိုးစပါးရိတ်သိမ်းချိန်ဖြစ်သဖြင့် စပါးများပျက်စီးနိုင်မှုများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။ယခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်လေးလုံးအထိ ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်















