ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ တော်တွင် ယခုနှစ်၌ ပြိုင်ပွဲဝင်အဖွဲ့ ၁၀၀ ကျော် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခင်နှစ်ထက် ပြိုင်ပွဲဝင်အဖွဲ့များ တိုးလာကြောင်း မဟာအံ့ထူးကံသာ ဘုရားကြီးဂေါပကအဖွဲ့ ထံမှသိရသည်။ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ဗုဒ္ဓပူဇနိယပွဲတော် နှင့် (၁၁) ကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမည့်နိုဝင်ဘာ ၂၃ ရက်မှစ၍ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ မဟာအံ့ထူးကံသာ ဘုရားအနီးရှိ ဝတ္တကကုန်းမြေတွင် ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။ “လက်ရှိအချိန်အထိ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ပြိုင်ပွဲဝင်မီးပုံးပျံအဖွဲ့ ၁၀၉ ဖွဲ့ရှိပါပြီ။ နေ့ရုပ်အလှ ပြိုင်မယ့်အဖွဲ့ ၆၇ ဖွဲ့နဲ့ ညပိုင်းပြိုင်မယ့်အဖွဲ့ ၄၂ ဖွဲ့ရှိပါတယ်။ ဒီနှစ် ရွေးကောက်ပွဲနဲ့မို့ သိပ်ပြီး စည်းရုံးရေးတွေမလုပ်နိုင်ပေမယ့် လာပြိုင်တဲ့ အဖွဲ့အရေ အတွက်က မနှစ်ကထက် များလာတယ်။ ဆုကြး အစီအစဉ်တွေကိုတော့ ပြောင်းလဲဖို့မရှိဘဲ မနှစ်ကဆုကြေးတွေအတိုင်း ချီးမြှင့်သွားမှာပါ” ဟု ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ဂေါပကအဖွဲ့ မှ ဦးကျော်ဌေးကိုက ပြောကြားသည်။ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအား နိုဝင်ဘာ၂၃ ရက်တွင် မီးပုံးပျံလွှတ်ခြင်းများဖြင့် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး နေ့ဘက်တွင် ပြိုင်ပွဲဝင်အဖွဲ့ ၁၇ ဖွဲ့ခန့်နှင့် ညဘက်တွင် ပြိုင်ပွဲဝင်အဖွဲ့ ၁၀ ဖွဲ့ခန့်က နေ့စဉ် မီးပုံးလွှတ် ယှဉ်ပြိုင်ခြင်းများ ပြုလုပ်သွား မည်ဖြစ်ကာ ဆုပေးပွဲအား နိုဝင်ဘာ၂၇ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယခင်နှစ် မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ စုစုပေါင်း ၁၀၁ ဖွဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ထို့အတူ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် တန်ဆာင်တိုင် မီးပုံးပျံပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် ဇာတ်ပွဲများ၊ လက်ဝှေ့ပွဲများနှင့် ရှိုးပွဲများလည်း ပါဝင်မည်ဖြစ်ပြီး ရှိုးပွဲအား နိုဝင်ဘာ၂၅ ရက်နှင့် ၂၆ ရက်များတွင် ထည့်သွင်း ကျင်းပမည်ဖြစ်ကာ အဆိုတော် ဝေလ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဇွဲပြည့်၊ ဖြိုးပြည့်စုံ၊ ညီနန္ဒ၊ သြရသ၊ ကျော်ထွဋ်ဆွေ၊ သာဒီးလူ၊ စစ်သွေး၊ စိုးထက်၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ Bobby Soxer ၊ ချောငယ်၊ ဖူးဖူး၊ လမင်းကဗျာနှင့် နွေးနွေးချစ်ဖွယ်တို့က သီဆို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင် ပွဲကို ၂၀၀၅ ခုနှစ်က စတင်ကျင်းပရာ ပြိုင်ပွဲ ဝင် ၁၁ သာရှိခဲ့ပြီး ညပြိုင်ပွဲ တစ်ခုတည်းသာ ကျင်းပနိုင်ခဲ့ရာမှ ၂၀၀၆ ခုနှစ်မှ စတင်၍ နေ့အလှပြိုင်ပွဲ၊ ညအလှပြိုင်ပွဲများ ကျင်းပခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင်အသင်းများ လာခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပြိုင်ပွဲဝင်အဖွဲ့ ၁၀၀ ကျော် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခင်နှစ်ထက် ပြိုင်ပွဲဝင်အဖွဲ့ တိုးလာ















