ရွေးကောက်ပွဲကိစ္စများ မပြီးစီးသေးသဖြင့် လာမည့်လများအတွင်း ပြည်သူများ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းကာ ဆူပူလှုံ့ဆော်မှုများကို သတိထားရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

ရွေးကောက်ပွဲကိစ္စများ မပြီးစီးသေးသဖြင့် လာမည့်လများအတွင်း ပြည်သူများ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းကာ ဆူပူလှုံ့ဆော်မှုများကို သတိထားရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
Published 13 November 2015
ကျော်ဇင်ဝင်း

ရွေးကောက်ပွဲကိစ္စများ မပြီးစီးသေးသဖြင့် လာမည့်လများအတွင်း ပြည်သူများ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းကာ ဆူပူလှုံ့ဆော်မှုများကို သတိထားရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားသည်။
လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ် ကဏ္ဍတစ်ခုဖြစ်သော “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်၏ နိုဝင်ဘာ ၁၂ ရက် မေးမြန်းခန်းတွင် ရွေးကောက်ပွဲအပြီးနှင့် ပတ်သက်၍ ပြည်သူများအား အမှတ်တရစကား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ အစ်မတို့ ပြည်သူတွေကြောင့် ဒီရွေးကောက်ပွဲဟာ ဖြစ်မြောက်သွားတာ ကျေးဇူးတင်တယ်။ တကယ့်ကိုလည်း အားတက်တယ်။ လေးစားတယ်။ ပြည်သူတွေကို တန်ဖိုးထားတယ်။ ဒါပေမဲ့ သတိပေးချင်တယ်။ ဒီကိစ္စက မပြီးသေးဘူး။ အခုလာမယ့် အပတ်တွေ နှစ်လ၊ သုံးလလောက် အတွင်းမှာ ပြည်သူတွေဟာ ကိုယ့်စိတ်ကိုယ်နိုင်ရမယ်။ ဆူပူအောင် လှုံ့ဆော်မှုတွေကို သတိထားပါ။ ကိုယ့်လမ်း ကိုယ်လျှောက်တဲ့ အခါမှာ ဘေးကနေ အဖျက်တွေ ရန်တွေဖြစ်နိုင်တယ်။ ဒါပေမဲ့ အစ်မတို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှု ထားပြီးတော့၊ နားလည်မှုထားပြီးတော့ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါလည်း ပြည်သူလူထု အနေနဲ့ လုပ်နိုင်စွမ်းရှိတယ်လို့ အစ်မလုံး၀ ယုံကြည်တယ်။ အဲဒါကြောင့် တစ်ခွန်းတည်း ပြောရမယ် ဆိုရင်တော့ ကျေးဇူးအထူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့မှ ရှုံးနိမ့်ခဲ့ခြင်းများကို ဝန်ခံပြီး အနိုင်ရသည့် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ခြင်း ဆောင်ရွက်မှုအပေါ် သဘောထားအမြင် သိရှိလိုကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က သိက္ခာရှိသည့် နိုင်ငံရေး လုပ်ရပ်ဖြစ်ပြီး ရိုးသားသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့အတူ ရွေးကောက်ပွဲတွင် NLD ပါတီ နေရာအများစု အနိုင်ရရှိခဲ့ခြင်းသည် ပြည်သူများနှင့် ရင်ခုန်သံတူ၍ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ပြည်သူတွေနဲ့ နီးစပ်လို့ပဲ။ ပြည်သူတွေနဲ့ NLD ရဲ့ ရင်ခုန်သံဟာ တစ်ထပ်တည်း ဖြစ်နေလို့ပဲလို့ ဒီလိုပဲ မြင်ပါတယ်။ NLD နဲ့ ပြည်သူဟာ ခွဲလို့မရဘူး။ NLD ဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာပဲ။ ပြည်သူတွေ ပါပဲ NLD ထဲမှာရှိတဲ့ အဖွဲ့ဝင်တွေက။ ပြည်သူတွေသက်သက်၊ NLD ကသက်သက် ဒီလိုမရှိပါဘူး။ နောက်ပြီးတော့ ပြည်သူရုန်းကန်ခဲ့ရတယ်။ ပြည်သူခံခဲ့ရတယ်။ ပြည်သူ မျှော်လင့်ခဲ့ကြရတယ်။ ပြည်သူအိပ်မက် မက်ခဲ့ကြရတယ်။ အဲဒီခရီးရှည်ကြီးပေါ့။ နှစ်သုံးဆယ်နီးပါး လျှောက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေပဲ။ အဲဒီတော့ ဒါကြောင့်ပဲ ပြည်သူက ထောက်ခံတယ်လို့ ယူဆပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အတူ NLD ပါတီ၏ အမှန်တကယ် ပြောင်းလဲဖို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အရင်ဆုံးမည်သည့် ကိစ္စများ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်ရန်အတွက် အုပ်ချုပ်ရေးယန္တရားအား ပြောင်းလဲမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အား  အကောင်အထည်ဖော်ခြင်းနှင့် ပြည်သူများ၏ ရွေးကောက်ပွဲကတစ်ဆင့် ထုတ်ဖော်ခဲ့သည့် ဆန္ဒကို လေးစားလိုက်နာ အကောင်အထည်ဖော်ရန် ပထမဦးဆုံး အကြီးဆုံး အပြောင်းအလဲ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ပြောင်းလဲမှုများကို လူထုအနေဖြင့် မည်သည့်ကာလတွင် သိသိသာသာ မြင်နိုင်မည်နည်းဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ပထမဦးဆုံး ဒီလို မပြောခင်မှာ အစိုးရဖွဲ့နိုင်ဖို့လိုတယ်။ အစိုးရတစ်ခု ဖွဲ့ပြီးပြီဆိုရင်တော့ တာဝန်အရ ဘယ်အချိန်ကာလ အတိုင်းအတာတွင်းမှာ ဘာလုပ်ပါမယ်ဆိုတာ ပြည်သူလူထုကို ချပြရမှာပေါ့။ ဒါကတော့ စီမံကိန်းအနေနဲ့ အဖွဲ့ချုပ်က စဉ်းစားထားတာ ရှိပါတယ်။ ဘာတွေ ဘာတွေကို ဘယ်အချိန်ကာလ အတွင်းမှာ ဘာလုပ်ပါမယ်။ ဘာလုပ်ပါမယ်ဆိုတာ ဒီလိုပြောရမယ်။ မရေမရာပေါ့နော်။ ဟိုဟာလုပ်ပေးမယ်။ ဒီဟာဖြစ်စေရမယ်။ စီးပွားရေး တိုးတက်စေရမယ်။ ကျန်းမာရေး ပိုကောင်းစေရမယ်။ အဲဒီလို ပြောလို့မရဘူး။ တိတိကျကျ ဒီအချိန်ကာလ အတွင်းမှာ ဒီဟာကို ဦးတည်ပြီး ဒါလုပ်ပါမယ် ဆိုတာကို အဲဒါကိုချပြပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရ ပထမဖြစ်ဖို့ လိုသေးတယ်” ဟု ပြောကြားသည်။
ထိုသို့ အစိုးရဖွဲ့ဖြစ်ရန် မိမိတို့ဘာသာ လုပ်ဆောင်၍မရဘဲ လက်ရှိအစိုးရအဖွဲ့မှ ပါဝင်ပူးပေါင်းရန်လိုပြီး ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းများ ပထမဆုံးပြီးစီးရန် လိုသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 

Most Read

Most Recent