အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်း အချို့၏ စကားသံများ

အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်း အချို့၏ စကားသံများ
Published 12 November 2015

■ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒရှင် ပြည်သူတွေက ကျွန်တော်တို့ကို တစ်ခဲနက် ထောက်ခံအားပေး လိုက်ကြတဲ့အတွက် တစ်နိုင်ငံလုံးက မဲဆန္ဒရှင် မိဘပြည်သူတွေ ပေးအပ်တဲ့ တာဝန်ကို အဂတိတရား ကင်းရှင်းစွာနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြန်လည် ကျေးဇူးတုံ့ပြန်ပြီး ဆောင်ရွက်ပေးသွားပါမယ်။
ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကတော့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ဝင်တော့မယ် ဆိုကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ခဲ့ပြီးပါပြီ။ တရားဝင် ကြေညာ ထုတ်ပြန်ထားခဲ့တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း မှာပါဝင်တဲ့ အချက်အလက်တွေကို အမျိုးသား အကျိုးစီးပွားနဲ့ယှဉ်ပြီး ဆောင်ရွက်ပေးသွားမှာပါ။  ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲဆိုတာ နိုင်တာလည်း ရှိသလို ရှုံးတာလည်း ရှိပါတယ်။ ရှုံးတဲ့သူကလည်း အရှုံးတရားကို သိက္ခာရှိရှိနဲ့ လက်ခံနိုင်စွမ်း ရှိရမှာဖြစ်သလို အနိုင်ရရှိ သူကလည်း မောက်မာခြင်း မရှိဘဲ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ဒီမိုကရေစီ နည်းကျနစွာနဲ့ ဖော်ဆောင်သင့်တယ်လို့ ခံယူထားပါတယ်။
တစ်နိုင်ငံလုံးရဲ့ ရလဒ်နဲ့ ပတ်သက်လို့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပခဲ့တာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက မဲဆန္ဒရှင် ပြည်သူတွေ ရွေးချယ်ပေးခဲ့ကြတဲ့ ဆန္ဒအတိုင်းပဲ ရွေးကောက်ပွဲကော်မရှင်က အကောင်အထည် ဖော်သွားမယ်လို့ ယုံကြည်ပါတယ်။
■ဒေါက်တာစောနိုင် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)
တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
မနက်မိုးလင်းလို့ မဲရုံတွေဆီ သွားကတည်းက တန်းစီနေတဲ့ မဲဆန္ဒရှင်တွေကို တွေ့တော့ ပြည်သူတွေက ပြောင်းလဲမှုကို တကယ်ကို ပြင်းပြင်းထန်ထန် လိုလားနေတယ် ဆိုတာကို သိလိုက်ရပါတယ်။ ပြည်သူတွေက ပြောင်းလဲမှုကို တကယ်လိုလားနေတာတွေ၊ ပြည်သူတွေရဲ့ တာဝန်ပေးခြင်း ခံရတာတွေကြောင့် ပြည်သူအများစုရဲ့ အကျိုးကို သက်စွန့်ဆံဖျား ကြိုးစားသွားမယ် ဆိုတာကို ပြောပြချင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ဘက် ကိုယ်စားလှယ်တွေကိုတော့ ပြည်သူတွေရဲ့ ဆုံးဖြတ်မှုကို ကိုယ်စားလှယ်တွေ အားလုံးက လက်ခံမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်း ရေးကတည်းကိုက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြေညာစာတမ်း ရေးတဲ့အဖွဲ့ထဲမှာ ကျွန်တော်ပါပါတယ်။ အမေစုက အဲဒီ အချိန်ကတည်းက ပြောပါတယ်။ ပြည်သူတွေကို မဖြစ်နိုင်တာတွေ၊ အကောင်အထည် မဖော်နိုင်တာတွေကို ကတိမပေးပါနဲ့ဆိုပြီး ရွေးကောက်ပွဲ ကြေညာစာတမ်း ရေးကတည်းကိုက ပြောထားပါတယ်။ စာတမ်းမှာ တော်တော်များများကလည်း လုပ်လို့ရမယ့် အချက်တွေကို အခြေခံ ရေးထားတာ ဖြစ်တဲ့အတွက် အဆင်တော့ ပြေသွားမှာပါ။ လုပ်ဖြစ်မယ်ဆိုတာကို ယုံကြည်ပါတယ်။ အဖွဲ့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပြောထားပြီးသား အချက်အလက်တွေကို အဓိကထား လုပ်ဆောင်သွားဖို့ ရှိပါတယ်။ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။
■ဒေါ်သစ်သစ်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
မဲပေးခဲ့တဲ့ မဲဆန္ဒရှင် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ပြည်သူတွေ ပေးတဲ့မဲတွေနဲ့ ကျွန်မတို့ နိုင်ခဲ့တာပါ။ အင်တိုက်အားတိုက် ကျွန်မတို့ရဲ့ NLD ကို အားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့တစ်ဦးချင်း အနေနဲ့ ပြောတာမဟုတ်ပါဘူး။ ပါတီတစ်ခုလုံးအတွက် ကျေးဇူးတင်ပါတယ်။ မဲပေးတဲ့ နေရာမှာရော၊ မဲရေတွက်တဲ့ အချိန်မှာရော ပြည်သူတွေက အင်တိုက်အားတိုက် ရှိခဲ့ကြတဲ့အတွက် ပြည်သူတွေရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ ကိုယ့်ပါတီကို အားပေးတယ်၊ အားကိုးတဲ့အနေနဲ့ ပြည်သူ လူထုက အရမ်းကို အင်တိုက်အားတိုက် လုပ်ကြတယ်။ ကျွန်မလည်း မဲရုံတွေ လျှောက်ကြည့်တော့ ပြည်သူလူထုရဲ့ အားပေးမှုက ကြောက်ခမန်းလိလိပဲ။ ဒီလိုမြင်ကွင်းကို မြင်ရတဲ့အတွက် ကြည်လည်း ကြည်နူးမိပါတယ်။ အဲဒါ ဘယ်သူကြောင့်လဲဆိုတော့ အမေစုကြောင့်ပါ။ ကျွန်မတို့ကြောင့် မဟုတ်ပါဘူး။ အတူတူပြိုင်ခဲ့ကြတဲ့ ပြိုင်ဘက် ကိုယ်စားလှယ်တွေ အားလုံးက ကျွန်မတို့အတွက် ပြိုင်ဘက်ကောင်းတွေပါ။ သူတို့ရှိနေလို့လည်း ကျွန်မတို့က အင်တိုက်အားတိုက် ကြိုးစားခဲ့ရပါတယ်။ မဲဆွယ်စည်းရုံးရေးတွေ လုပ်တုန်းက လည်း ကျွန်မတို့အနေနဲ့ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေကို ကတိမပေးခဲ့ပါဘူး။ ပြည်သူကို ကိုယ်မပေးနိုင်တဲ့ ကတိတွေ မပေးခဲ့ပါဘူး။ ပြည်သူ့အတွက် ဘာပဲ လုပ်ပေးရ လုပ်ပေးရ ကိုယ်တတ်နိုင်တဲ့ဘက်က အင်တိုက်အားတိုက် လုပ်ပေးမယ်လို့ ပြောချင်ပါတယ်။ ဒါကျွန်မတို့ရဲ့ခံယူချက်ပါ။ အခုလက်ရှိမှာတော့ ဘာကို အဓိကထား လုပ်သွားမယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ အားပေးမှုများအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။    
■ဦးကျော်ကျော်ထွန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
လှိုင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁)   
ပြည်သူတွေရဲ့တစ်ခဲနက် အားပေးမှုကိုတော့ အထူးကျေးဇူးတင်ပါတယ်။ အမှန်တကယ် ပြောင်းလဲချင်နေတဲ့ ပြည်သူတွေရဲ့ တစ်ခဲနက်အားပေးမှုကိုတော့ တကယ်ကို အထူးကျေးဇူးတင်တယ်ပေါ့။ ပြည်သူတွေက မဲထည့်ပေးမှပဲ တို့ကလုပ်ခွင့်ရမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတယ်။ တည်နိုင်တဲ့ ကတိကိုပဲပေးပါဆိုပြီးတော့။ တည်နိုင်တဲ့ ကတိကတော့ ပါတီမူဝါဒအတိုင်းပဲ သွားရတာကိုး။ ပါတီက အစိုးရဖြစ်ရင်တော့ အဂတိ ကင်းစင်တဲ့ အစိုးရ ဖြစ်စေရမယ်ဆိုတဲ့ အာမခံချက်ကိုတော့ ဖြစ်အောင်ကို လုပ်မယ်။ ပြည်သူ့ဘဏ္ဍာကို ဘယ်တော့မှ မဖြုန်းတီးဘူးပေါ့။ ပြည်သူ့ဘဏ္ဍာသည် ပြည်သူ့အတွက်ပဲ ဖြစ်စေရမယ်ပေါ့။ အဲဒါကတော့ သေချာပါတယ်။
ပြိုင်ဘက်ဆိုတာက ရန်သူမဟုတ်ဘူးလေ။ နိုင်ငံကို သူတို့လည်းကောင်းအောင် လုပ်ချင်တာ။ ကိုယ်လည်း ကောင်းအောင် လုပ်ချင်တာ။ မူဝါဒချင်းသာ လွဲတာ။ ပြိုင်ဘက်ကိုလည်း မတရား အနိုင်ယူတာ မဟုတ်ပါဘူး။ ပြည်သူတွေက တစ်ခဲနက် ထောက်ခံပေးလို့ အနိုင်က ပြတ်သားတာပေါ့။ သူတို့နဲ့လည်း လက်တွဲ လုပ်ဆောင်စရာရှိတာတွေ လုပ်သွားမှာပါ။ အတိုက်အခံတွေကိုလည်း လေးစားပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကိုလည်း ဆုပ်ကိုင်ထားမှာပါ။ အိုဘားမားပြောတဲ့ စကားကိုလည်း သဘောကျတယ်။ လက်သီးကို ဆုပ်မထားပါဘူး။ လက်ကို အမြဲဖြန့်ထားမှာပါ။ လက်တွဲမယ့်သူတွေ ဘယ်သူပဲဖြစ်ဖြစ် အကုန်လုံးကို လက်တွဲသွားမှာပါ။
အပြောင်းအလဲအတွက် ပြောင်းလဲချင်တဲ့ ပြည်သူတွေကတော့ တာဝန်ပေးလိုက်ပြီ။  အဲဒီအပြောင်းအလဲအတွက်ကို တာဝန်ကျေအောင် ငါးနှစ် ငါးနှစ်ကနေ ၁၀ နှစ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ တစ်ပေါင်းတစ်စည်းတည်း စည်းစည်းလုံးလုံးနဲ့ အစွမ်းကုန် ဆောင်ရွက်မှာပါ။
■ဦးနေမျိုးထက် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒရှင်တွေက အရမ်းတော်ပြီး ပါးနပ်ကြပါတယ်။ နိုင်ငံကို တိုးတက်အောင်၊ ပြောင်းလဲအောင် ပြည်သူလူထုတွေက ဖြစ်ချင်တဲ့ဆန္ဒကို ပေါ်လွင်စေပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း တိုင်းပြည်အတွက် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ပြည်သူတွေဘက်ကတော့ တာဝန်ကျေသွားပါပြီ။ ကျွန်တော်တို့ဘက်ကပဲ ပြည်သူတွေအတွက် တာဝန်ကျေအောင် ဆောင်ရွက်သွားဖို့ပဲ ကျန်ပါတော့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ပြိုင်ဘက် ကိုယ်စားလှယ်တွေကို အခုခေတ်က ဒီမိုကရေစီခေတ်လို့ ပြောချင်ပါတယ်။ ဒီမိုကရေစီ ဖြစ်တဲ့အတွက် အခုလို ရွေးကောက်ပွဲကြီးက ငါးနှစ် တစ်ကြိမ် လုပ်ဆောင်နေမှာပါ။ ပြိုင်ဘက် ကိုယ်စားလှယ်တွေ အားလုံးကိုလည်း လေးစားပါတယ်။ ကျွန်တော်တို့ အနိုင်ရပါတီအနေနဲ့ ကျောသားရင်သား မခွဲခြားဘဲ တာဝန်တွေကို ဝန်ဆောင်နေမှာပါ။ NLD ရွေးကောက်ပွဲမှာ ကြေညာစာတမ်း လေးရပ်ရှိပါတယ်။ အဲဒီ ကြေညာစာတမ်း လေးရပ်ကို ကျွန်တော်တို့က အကောင်ထည် ဖော်မှာဖြစ်ပါတယ်။ကျွန်တော်တို့ NLD ကိုယ်စားလှယ်တွေက ပြည်သူလူထူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေပါ။ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲနဲ့ ဘယ်အရာကိုမှ မတရား လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု အကျိုးရှိမယ့် ကိစ္စတွေကိုပဲ လွှတ်တော်မှာ တင်ပြသွားမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက အခုဆိုရင် အာဏာက ပြည်သူလူထုတွေဆီက ဆင်းသက်လာတယ်လို့ ပြောချင်ပါတယ်။
■ဦးနေထူးဘဆွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
ပန်းပဲတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ပြည်သူတွေအားလုံး အင်မတန်မှ တာဝန်ကျေပါတယ်။ လုပ်နိုင်တာတွေကို အစွမ်းကုန် လုပ်ဆောင်သွားတာကို တွေ့ရတယ်။ သမိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ ရလဒ်အထိရအောင် လုပ်ပေးသွားခဲ့တယ်။ အမေရိကဆိုရင် ၆၅ ရာခိုင်နှုန်း မက်စီမံပေးတဲ့ စံချိန်တွေကို ပြည်သူတွေ မီအောင် ပေးနိုင်ခဲ့တာ တွေ့ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အခုက ပြည်သူကိုယ်တိုင် နိုင်ငံရေး ရေစီးကြောင်းကို ဆုံးဖြတ်တဲ့အတွက် သူတို့ဘာပဲပြောပြော ဒီအချိန်မှာကတော့ အပြောင်းအလဲတစ်ခုပဲ။ စုပေါင်း ဆုံးဖြတ်သွားတဲ့အတွက် သူတို့ဘာမှ တိုးမပေါက်တာမျိုး ဖြစ်သွားပါတယ်။ ကျွန်တော်တို့ပါတီ NLD ပါတီဖြစ်တဲ့အတွက် ကတိစကား မပေးပါဘူး။ NLD က Team Woek သွားပြီး အဖွဲ့အစည်း ပုံစံမျိုးသွားတယ်။ လုပ်လည်း ညွှန်ကြားချက်နဲ့ Team System နဲ့ပဲသွားမှာ တစ်ဦးတစ်ယောက်တည်းနဲ့ လက်စွမ်းပြတဲ့ ပါတီလည်း မဟုတ်ဘူး။ ဒါကြောင့် ကတိမပေးဘူး။ ဒါပေမဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်သွားမှာပါ။
■ဒေါ်သက်သက်ခိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒရှင်တွေကို ပြောချင်တာတွေ ထွေထွေထူးထူး မရှိပါဘူး။ ဒဂုံမြို့နယ်မှာက မဲစာရင်းမှာပါတဲ့ မဲပေးခွင့်ရှိသူ စာရင်းကို တွက်တဲ့အခါမှာ မဲပေးတဲ့သူတွေက ၅၀ ရာခိုင်နှုန်းလောက်ပဲ မဲလာပေးကြတယ်။ အဲဒါကြောင့်မို့ နောက်ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲမှာလည်း ဒီထက်ပိုပြီး လာရောက် မဲထည့်ပေးဖို့ မဲဆန္ဒရှင်တွေကို ပြောချင်ပါတယ်။  စီစဉ်ထားတာလေး တစ်ခုကတော့ ပြည်သူလူထုတွေကို တွေ့ခွင့် တောင်းမယ်။ ပြည်သူတွေ အနေနဲ့ ဘာတွေ လုပ်စေချင်လဲဆိုတာကို တွေ့ဆုံအကြံဉာဏ် တောင်းပြီးတော့မှ လွှတ်တော်ထဲ ဝင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။
■ဦးမောင်မောင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
အင်းစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ကျွန်တော်အနေနဲ့ လွှတ်တော်ထဲမှာ ပါတီ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ကို ပါတီက ကိုယ်စားပြု ရွေးချယ်ထားတဲ့အတွက် ပါတီရဲ့ ညွှန်ကြားမှုအတိုင်း ရှိမှာပါ။ ပြည်သူတွေအနေနဲ့ အပြောင်းအလဲအတွက် ကျွန်တော်တို့ကို အခုလို နေပူမရှောင် မိုးရွာမရှောင် အပင်ပန်းခံပြီး မဲပေးအတွက် ကျေးဇူးတင်ပါတယ်။
■ဦးအောင်လှိုင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
မင်္ဂလာဒုံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအနေနဲ့ စည်းကမ်း သေသေဝပ်ဝပ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနိုင်ခဲ့ပါတယ်။ အခုအပြောင်းအလဲက ပြည်သူတွေနဲ့ ထိုက်တန်ပါတယ်။
■ဦးထွန်းထွန်းဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
မင်္ဂလာဒုံ၊ မဲဆန္ဒနယ်-၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ကျွန်တော့်အနေနဲ့ ပါတီလမ်းညွှန်မှုအတိုင်း လုပ်ဆောင်မှာပါ။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်သွားမှာပါ။

Most Read

Most Recent