သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့ပြီး ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန် အကြောင်းပြန်

သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့ပြီး ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန် အကြောင်းပြန်
Published 11 November 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကြောင်း ပြန်ကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ၎င်း၏ Facebook တွင် နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီကျော် အချိန်တွင် ပြောကြားခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက် နေ့စွဲဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်တို့အား စာပို့ တောင်းဆိုခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ အကြောင်းပြန်ခဲ့ခြင်း ဖြစ်ပါသည်။
"... တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယနေ့နံနက်တွင် အကြောင်းပြန်ကြားခဲ့ပြီး ဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က ရေးသားခဲ့သည်။
ထို့အတူ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကလည်း “လာမည့် အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြားအရေး ကိစ္စများ ရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ၎င်း၏ Facebook Page မှ တစ်ဆင့် ပြည်သူများသို့ အကြောင်း ပြန်ကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သော စာတွင် ရွေးကောက်ပွဲမှ တစ်ဆင် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ် အေး ချမ်း မှန်ကန်စွာ အကောင်အထည်ဖော်ခြင်းမှာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူပြည်သားများ၏ နှလုံး စိတ်ဝမ်း အေးချမ်းရေးအတွက် လွန်စွာ အရေးကြီးကြောင်း၊ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ လာမည့် အပတ် အတွင်း အဆင်ပြေသည့် အချိန်တွင် လာရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြခဲ့ပြီး သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် နာယကတို့ထံ တစ်ဦးချင်းစီ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

 

Most Read

Most Recent