နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲပေးသူများခြင်း တစ်ခုတည်းကြောင့် လွတ်လပ်သော ရွေးကောက်ပွဲဟု မဆိုနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ထောက်ပြ

နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲပေးသူများခြင်း တစ်ခုတည်းကြောင့် လွတ်လပ်သော ရွေးကောက်ပွဲဟု မဆိုနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ထောက်ပြ
Published 4 November 2015
ဇေယျာနန္ဒ

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ကြီးမားသော မှားယွင်းလွဲချော်မှုများ ရှိနေပြီး မြန်မာနိုင်ငံသားများ အနေဖြင့် လွတ်လပ်ပြီး တရားမျှတစွာ အစိုးရသစ် ရွေးချယ်ခွင့် ဆုံးရှုံးနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က နိုဝင်ဘာ ၄ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“နိုဝင်ဘာ ၈ ရက် မဲရုံတွေမှာ မဲပေးသူတွေ အများကြီး တန်းစီစောင့်နေတာနဲ့တင် ဒီလိုမျိုး ကြီးကြီးမားမား အမှားတွေရှိတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတယ်လို့ ဆိုလို့ မရပါဘူး။ လာမယ့် ရွေးကောက်ပွဲဟာ တပ်မတော် ကျောထောက် နောက်ခံပြုထားတဲ့ လက်ရှိ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာနဲ့ ဒီမိုကရက်တစ်နိုင်ငံ တည်ထောင်ဖို့ အားထုတ်မှုတွေကို စမ်းသပ်တဲ့ အရေးပါတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။ ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲမှာ အရေးကြီးတဲ့ မှားယွင်းမှုတွေ ရှိနေပါတယ်။ ဥပမာ ဘက်လိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဖြစ်နေတာ၊ နိုင်ငံပိုင် မီဒီယာကို အာဏာရပါတီက လွှမ်းမိုးထားတာ၊ ရိုဟင်ဂျာ ဘင်္ဂါလီတွေနဲ့ အခြား မဲဆန္ဒရှင်တွေကို မဲပေးခွင့်၊ ဝင်ရောက် ရွေးချယ်ခံခွင့် ပိတ်ပင်တဲ့ ဥပဒေတွေမူဝါဒတွေ ရှိနေတာတွေပါ” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အာရှ ဒါရိုက်တာ Mr. Brad Adams က ပြောကြားသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် နည်းစနစ်ပိုင်းဆိုင်ရာနှင့် အခြေခံလိုအပ်ချက်ဆိုင်ရာ အခက်အခဲများရှိပြီး ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်အမှီခိုကင်းမှု မရှိခြင်း၊ အာဏာရပါတီက နိုင်ငံပိုင် မီဒီယာများကို လွှမ်းမိုးထားခြင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ခံမဟုတ်သော တပ်မတော် ကိုယ်စားလှယ်များအတွက် ချန်လှပ်ထားခြင်း၊ မဲဆန္ဒရှင် စာရင်းသွင်းမှု ဥပဒေများတွင် ခွဲခြားဆက်ဆံမှုများ ရှိခြင်းနှင့် နိုင်ငံ၏ အချို့ဒေသများတွင် မဲဆန္ဒရှင်များကို မဲပေးခွင့် ပိတ်ပင်ခြင်း ကဲ့သို့သော ပြဿနာများ ရှိကြောင်း HRW တွင် ဖော်ပြထားသည်။
၁၉၉၀ ခုနှစ်တွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အပြတ်အသတ် အနိုင်ရမှုကို အသိအမှတ် မပြုခဲ့သည့်နောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် လက်ရှိ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲသည် ယှဉ်ပြိုင်မှု အများဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။
လက်ရှိရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် နိုင်ငံတကာမှ အသိအမှတ်ပြု လက်ခံထားသည့် အချက်အလက်များ မတွေ့ရကြောင်း HRW က ထောက်ပြထားသည်။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုဝေးခွင့်နှင့် သွားလာခွင့်ရှိရန်၊ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များ အနေဖြင့်လည်း အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် ခြောက်လှန့်မှုများ မကြုံတွေ့ရန်၊ နိုင်ငံသားတိုင်း ညီမျှသော မဲပေးခွင့်ရှိရန်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိရန်၊ မဲပေးခွင့်ရှိရန်၊ လျှို့ဝှက်ဆန္ဒမဲပြုခွင့်ရှိရန်နှင့် ခွဲခြားဆက်ဆံမှုများကင်းဝေးရန် လိုအပ်ကြောင်း HRW ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ အခွင့်အရေးများကို ဖော်ဆောင်ရန်အတွက် ရွေးကောက်ပွဲ အာဏာပိုင်များ အနေဖြင့် ထိရောက်မှု၊ ဘက်မလိုက်မှု၊ လွတ်လပ်အမှီခိုကင်းမှုနှင့် တာဝန်ယူမှုရှိစွာ လုပ်ဆောင်ရန်၊ နိုင်ငံတော်မှ ပေးနိုင်သည့် ထောက်ပံ့ကူညီမှုများကို နိုင်ငံရေး ပါတီတိုင်းမှ ကိုယ်စားလှယ်များ တန်းတူညီမျှစွာ ရရှိရန်၊ နိုင်ငံရေး ပါတီအားလုံးကို နိုင်ငံပိုင် မီဒီယာများမှ တူညီစွာ ဖော်ပြရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများနှင့် အငြင်းပွားမှုများကို လွတ်လပ်အမှီခိုကင်းပြီး ဘက်မလိုက်စွာ ဖြေရှင်းပေးမည့် စနစ်များ လိုအပ်ကြောင်း HRW က ထောက်ပြထားသည်။၏
ထို့ပြင် နိုင်ငံအဆင့်နှင့် ဒေသအဆင့်များတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ် အမှီခိုကင်းမှု မရှိခြင်းနှင့် ဘက်လိုက်မှု မရှိခြင်းကလည်း စိုးရိမ်စရာ ဖြစ်ကြောင်း HRW က သတိပေးထားသည်။
ယခင် တပ်မတော် ဗိုလ်ချုပ်ဟောင်းနှင့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ကိုယ်တိုင် ၎င်းအနေဖြင့် ဘက်လိုက်မှု ကင်းမဲ့ခြင်း မရှိကြောင်း ပြောဆိုခဲ့ခြင်းရှိသည်။ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင် ဥက္ကဋ္ဌတစ်ဦး အနေဖြင့် ပါတီစွဲမရှိသင့်သော်လည်း ပြည်ခိုင်ဖြိုး ပါတီအပေါ် သံယောဇဉ်ရှိကြောင်း၊ သို့သော် မိမိဆန္ဒကို ဦးစားမပေးကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီကို နိုင်စေချင်သော်လည်း မတရားသည့် နည်းလမ်းဖြင့် မဟုတ်ဘဲ တရားမျှတစွာ နိုင်စေချင်ကြောင်း ပြောဆိုမှု ရှိခဲ့သည်။
ထို့ပြင် ဧပြီလအတွင်းကလည်း လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ ရှိနေခြင်းသည် အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားစေရန် အတွက် လိုအပ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များ ရှိနေခြင်းကို ဦးတင်အေးက ကာကွယ်ပြောကြားခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှစေရန် ကတိပြုသော်လည်း “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ပုံစံဖြင့် ဖော်ဆောင်မည် ဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုခဲ့သည်။
မတ် ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တပ်မတော် ယူနီဖောင်း ဝတ်ဆင်ခဲ့ပြီး ထိုကဲ့သို့ ဝတ်ဆင်မှုနှင့် ပတ်သက်၍ ယူနီဖောင်း ဝတ်ဆင်ခြင်းသည် ကော်မရှင်၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်မည်ဟု မတွေးမိကြောင်းနှင့် “တွေးမိရင်လည်း ဘဝနဲ့ရင်းပြီး ဝတ်သွားမှာ ဘာကြောင့်လဲဆိုတော့ ဝတ်ချင်လို့ ဝတ်တာ။ ဝတ်လို့ (ရွေးကောက်ပွဲ ကော်မရှင်ကနေ) ထွက်ရမယ်ဆို ထွက်သွားမယ်။ ဒါပေမဲ့ ဝတ်လို့ထွက်ရမယ်ဆိုတဲ့ ဥပဒေတော့မရှိဘူး” ဟု Myanmar Times သတင်းစာသို့ ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများနှင့် ဖြေရှင်းရန် အတွက်လည်း သင့်လျော်သည့် စနစ်များ မရှိသေးကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ထောက်ပြထားသည်။
ရွေးကောက်ပွဲတွင် တိုင်ကြားမှုများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လက်အောက်ရှိ ရွေးကောက်ပွဲခုံရုံးတွင် ဖြေရှင်းရမည်ဖြစ်ပြီး အဆိုပါ ခုံရုံးတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ခုံရုံးအဖွဲ့ဝင် သုံးဦး ပါဝင်မည်ဖြစ်သည်။
သို့သော် အဆိုပါ နည်းစနစ်သည် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း၊ ရွေးကောက်ပွဲ ခုံရုံး၏ ဖြေရှင်းမှုကို မကျေနပ်ပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့သာ ထပ်ဆင့် တိုင်ကြားနိုင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်မှုသည် အတည်ဖြစ်ကြောင်းနှင့် တရားစီရင်ရေး မဏ္ဍိုင်မှ ပြည်လည် စောင့်ကြည့်ကြီးကြပ်မှု မရှိကြောင်း ံHRW ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရပ်ကွက် ကျေးရွာအဆင့်တွင် မဲရေတွက်ခြင်းသည် နောက်ထပ် စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း HRW က ဆိုသည်။ ရပ်ကွက်ကျေးရွာ အဆင့်မှ ဆန္ဒမဲများကိုခရိုင် (သို့မဟုတ်) မြို့နယ်အဆင့်တွင် စုပေါင်း ရေတွက်ခြင်း မပြုဘဲ အဆိုပါ ရပ်ကွက် ကျေးရွာများတွင်သာ ရေတွက်ခြင်းသည် ဆန္ဒမဲရလဒ်များကြောင့် အာဏာပိုင်များ၏ ခြိမ်းခြောက် လက်တုံ့ပြန်မှုများ ရှိလာနိုင်ကြောင်း HRW က သတိပေး ထောက်ပြထားသည်။
“မဲဆွယ် စည်းရုံးရာမှာ လူအများကြီး အုပ်စုလိုက် လာရောက်တာဟာ ကောင်းမွန်တဲ့ သင်္ကေတတစ်ခုပါပဲ။ ဒါပေမဲ့လည်း ပါတီတစ်ခုကို အခြား ပါတီတွေကို ပိုပြီး အလေးပေးတဲ့ ရွေးကောက်ပွဲ စနစ်တစ်ခုလုံးကို ကောင်းတယ်လို့ ဆိုလို့ မရပါဘူး။ မဲပေးပြီးတဲ့နောက် လွတ်လပ်အမှီခိုကင်းပြီး ဘက်မလိုက်ဘဲ အငြင်းပွားမှုတွေကို ဖြေရှင်းပေးမယ့် စနစ်မရှိပါဘူး” ဟု HRW ၏ အာရှဒါရိုက်တာ Mr. Adams က ဆက်လက်ပြောကြားသည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ခံ မဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ်များမှ ရယူထားပြီး တပ်မတော် အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်မှုများရှိကြောင်း HRW  သုံးသပ်ထားသည်။
ထို့ကြောင့် အတိုက်အခံပါတီများ အနေဖြင့် လွှတ်တော်အတွင်း အများစုဖြစ်စေရန်အတွက် ရွေးကောက်ပွဲတွင် မဲဆန္ဒ သုံးပုံနှစ်ပုံ အနိုင်ရရန် လိုအပ်သော်လည်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် သုံးပုံတစ်ပုံသာ အနိုင်ရရန် လိုအပ်ကြောင်း HRW က ထောက်ပြထားသည်။
အလားတူ လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများမှ အနိုင်ရသည့်တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် လိုအပ်ပြီး အဆိုပါ အချက်ကို ရာခိုင်နှုန်း ၇၀ သို့ လျှော့ချရန် အတိုက်အခံများမှ ကြိုးပမ်းမှုကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် မအောင်မြင်ခဲ့ပေ။
“မဲတစ်မဲမှ မပေးခင်မှာတင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်နဲ့ တပ်မတော် ထောက်ခံတဲ့ ပါတီကို ပေးလိုက်ရတဲ့ ရွေးကောက်ပွဲကို တရားမျှတတယ်လို့ ခေါ်လို့မရပါဘူး။ ညစ်ပတ်ထားတဲ့ ကစားပွဲတစ်ခုမှာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ တခြားရွေးချယ်ခွင့် မရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်ရတာနဲ့တင် ဒီကစားပွဲကို မညစ်ပတ်ပါဘူးလို့ ပြောလို့မရပါဘူး” ဟု Mr. Brad Adams က ဆက်လက် ပြောကြားခဲ့သည်။
 

Most Read

Most Recent