မှန်ကန်စွာ ထွက်ရှိလာတဲ့ အဖြေကို ကျေကျေနပ်နပ် လက်ခံပါ

မှန်ကန်စွာ ထွက်ရှိလာတဲ့ အဖြေကို ကျေကျေနပ်နပ် လက်ခံပါ
Published 4 November 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဘုရားရှင်လက်ထက်က တုဒိရွာသူကြီး တောဒေယျ အမည်ရှိ ပုဏ္ဏားကြီးတစ်ဦး ရှိခဲ့တယ်။ သူဟာ ၈၇ ကုဋေ ချမ်းသာတယ်။ သို့သော် အလွန်နှမြော ကပ်စေးနှဲတယ်။ နှမြောတာက မစ္ဆရိယ၊ ကပ်စေးနှဲတာက လောဘ၊ သူဟာ ထိုမစ္ဆရိယနှင့် လောဘကြောင့် သေသောအခါ သူ၏သား သုဘအိမ်မှာ ခွေးဖြစ်ရရှာတယ်။ လူဆိုတာ လူစိတ်နဲ့နေ၊ လူစိတ်နဲ့သေရင် လူပြန်ဖြစ်ဖို့ များတယ်။ တိရစ္ဆာန်စိတ်နဲ့နေ၊ တိရစ္ဆာန်စိတ်နဲ့ သေရင်တော့ တိရစ္ဆာန်ဖြစ်ဖို့ များတယ်။လူစိတ်ဆိုတာ မေတ္တာ၊ ကရုဏာ မုဒိတာ စတဲ့ ကောင်းမြတ်တဲ့ တရားတွေ။ တိရစ္ဆာန်စိတ်ဆိုတာ လောဘဒေါသစတဲ့ တရားတွေ။ တောဒေယျ သူဌေးကြီးဟာ ခွေးစိတ်နဲ့နေ၊ ခွေးစိတ်နဲ့သေလို့ ခွေးဖြစ်ရရှာတယ်။တစ်နေ့ မြတ်စွာဘုရား ဆွမ်းခံဝင်တော့ ထိုခွေးက ထွက်၍ဟောင်တယ်၊ ထိုအခါ မြတ်စွာဘုရားက- “တောဒေယျ ...သင်ဟာ လူ့ဘဝတုန်းကလည်း ငါ့ကို ဘော...ဘောနဲ့ နှိမ်ချ ဆက်ဆံတယ်၊ အခု ခွေးဖြစ်တော့လည်း ငါ့ကို ဟောင်ပြန်ပြီ၊ သင် အဝီစိ သွားရလိမ့်မယ်”လို့ မိန့်တော်မူတယ်။တောဒေယျ ခွေးကြီးလည်း “ငါ့အကြောင်းကို ဂေါတမ သိနေပါလား”လို့ စိတ်မကောင်းဖြစ်ပြီး ပြာပုံထဲမှာ သွားအိပ်နေတယ်။ ခါတိုင်း သလွန်ထက် ပိုးဖဲကတ္တီပါမှာ အိပ်သော ခွေးက ယခု ပြာပုံမှာ သွားအိပ်တယ်။ မွဲချင်သည့်ခွေး ပြာပုံတိုး ဆိုတာမျိုး နေပါလိမ့်မယ်။သုဘလုလင် ပြန်လာလို့ အကြောင်းစုံ သိသောအခါ အလွန်စိတ်ဆိုးသွားတယ်၊ “ငါ့ အဖေက  ဗြဟ္မာပြည်ကို သွားရမှာ၊ ဘာဖြစ်လို့ ခွေးဖြစ်ရမှာလဲ၊ ဂေါတမကို မုသာဝါဒနဲ့ သွားစွပ်စွဲမယ်” ဆိုပြီး ကျောင်းတော် လိုက်သွားတယ်၊ ဘုရားကို ရန်တွေ့တယ်။ထိုအခါ ဘုရားရှင်က “သုဘလုလင်... သင့်အဖေ ပိုင်တဲ့ ပစ္စည်းတွေထဲမှာ သင့်ကို ဘာများပေးမသွားတာ ကျန်သေးလဲ” လို့ မေးတယ်။ “အရှင်ဘုရား...တစ်သိန်းတန် ရွှေပန်းခိုင်တစ်ခိုင်၊ တစ်သိန်းတန် ရွှေခြေနင်း တစ်ရန်၊ တစ်သိန်းတန် ရွှေခွက်တစ်လုံး၊ ငွေသားက တစ်သိန်း၊ အဲဒီပစ္စည်းလေးမျိုး ပေးမသွားပါဘူး”“ဒါဆိုရင်တော့ အိမ်ပြန်ပြီးတော့ ခွေးကြီးကို နို့ဃနာ ထမင်းပျစ်ပျစ်ကျွေးပါ၊ ဒါဟာ ငါ့အဖေပဲဆိုတဲ့ အမှတ်နဲ့ ခွေးကြီးအိပ်ခါစ မပျော့်တပျော် အချိန်မှာ အဲဒီပစ္စည်းတွေ ဘယ်မှာလဲမေး၊ သူလိုက်ပြလိမ့်မယ်” လို့ ဘုရားက မိန့်တော်မူတယ်။သုဘလုလင်လည်း “ကောင်းပြီ၊ ပစ္စည်းတွေ ပြန်ရရင်တော့ အမြတ်ပဲ၊ မရရင်တော့ ဂေါတမကို မုသာဝါဒနဲ့ ထပ်စွပ်စွဲရမယ်” ဆိုပြီး ဘုရားခိုင်းသည့်အတိုင်း လုပ်ရာ ခွေးကြီးက နေရာလိုက်ပြလို့ ပစ္စည်းတွေ အကုန်လုံး ပြန်ရတယ်၊ ထိုအခါကျမှ “ဂေါတမ ဗုဒ္ဓဟာ တကယ်ပဲ အလုံးစုံကိုသိတဲ့ သဗ္ဗညုဘုရားပဲ” လို့ ယုံကြည်သွား ကြည်ညိုသွားလေတယ်။သုဘလုလင်ဟာ ဘုရားရှင်ကို ကြည်ညို သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာ ဖြစ်သွားတယ်။ တစ်နေ့သောအခါ ကျောင်းရောက်လာပြီး ဘုရားရှင်နှင့် တရင်းတနှီး ဝမ်းမြောက်ဝမ်းသာ စကားဆိုကာ မေးခွန်းဆယ့်လေးခု မေးတယ်။“မှန်လှပါ မြတ်စွာဘုရား...လူချင်းတူပါလျက် အယုတ်အမြတ် ကွဲပြားနေပါတယ်၊ တချို့က အသက်တိုတယ်၊ တချို့က အသက်ရှည်တယ်၊ တချို့က ရောဂါများတယ်၊ တချို့က ကျန်းမာတယ်၊ တချို့က ရုပ်ဆိုးတယ်၊ တချို့က ရုပ်ချောတယ်၊ တချို့က ဘုန်းတန်ခိုး နည်းတယ်၊ တချို့က ဘုန်းတန်ခိုးကြီးတယ်၊ တချို့က ဆင်းရဲတယ်၊ တချို့က ချမ်းသာတယ်၊ တချို့က အမျိုးယုတ်တယ်၊ တချို့က အမျိုးမြတ်တယ်၊ တချို့က ပညာရှိတယ်၊ တချို့က ပညာမရှိဘူး၊ ဘာကြောင့် ကွဲပြားခြားနား နေကြတာပါလဲ ဘုရား” လို့ မေးလျှောက်တယ်။“သုဘလုလင်..သတ္တဝါတွေဟာ ကံသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်၊ ကံပေးတဲ့အမွေကို ခံယူကြရတယ်၊ ကံသာ အကြောင်းရှိတယ်၊ ကံသာ ဆွေမျိုးရှိတယ်၊ ကံသာ လဲလျောင်းရာ ရှိတယ်၊ သတ္တဝါတွေ အယုတ်အမြတ် ကွဲပြားနေတာ ကံတရားက ခွဲခြားထားတာပဲ”လို့  ဘုရားရှင် မိန့်တော်မူတယ်။ သုဘလုလင်က အကျယ်ချဲ့ ဟောပြတော်မူပါရန် လျှောက်ထားလို့ ဘုရားရှင်က အကျယ် ဟောပြတော်မူတယ်။“သုဘလုလင် အချို့အမျိုးသား၊ အမျိုးသမီးတွေဟာ ကိုယ်ချင်းစာ သနားညှာတာစိတ် မရှိကြဘူး၊ သူတစ်ပါးအသက် ရက်ရက်စက်စက် သတ်ကြတယ်၊ သူတို့သေရင် အပါယ်ငရဲ ရောက်ရတယ်၊ ကံကောင်း ထောက်မလို့လူ့ဘ၀ ရောက်ရရင်လည်း အသက် တိုရတယ်”“သုဘလုလင်...အချို့ အမျိုးသား၊ အမျိုးသမီးတွေဟာ  ကိုယ်ချင်းစာ သနားညှာတာကြတယ်၊ သူတစ်ပါးအသက် မသတ်ကြဘူး၊ သူတို့သေတဲ့အခါ နတ်ရွာသုဂတိ ရောက်ကြတယ်၊ လူ့ပြည်ရောက်တဲ့ အခါမှာလည်း အသက်ရှည်တယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ သတ္တဝါတွေကို လက်နဲ့ဖြစ်ဖြစ် ခဲနဲ့ဖြစ်ဖြစ် တုတ်နဲ့ဖြစ်ဖြစ် လက်နက်နဲ့ဖြစ်ဖြစ် ညှဉ်းပန်းနှိပ်စက်ကြတယ်၊ သူတို့သေရင် အပါယ်ငရဲ ရောက်တယ်၊ လူ့ဘ၀ ရောက်ခဲ့ရင်လည်း ရောဂါများတယ်၊ ချူချာတယ်”“သုဘလုလင် အချို့အမျိုးသား၊ အမျိုးသမီးတွေဟာ ကြင်နာ သနားတတ်ကြတယ်၊ သတ္တဝါတွေကို မညှဉ်းဆဲဘူး၊ သူတို့သေရင် နတ်ရွာသုဂတိကို ရောက်တယ်၊ လူ့ပြည် ရောက်ရင်လည်း အသက်ရှည်ကြတယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ အမျက်ဒေါသ အလွန်ကြီးတယ်၊ နည်းနည်းလေးမှ သည်းခံစိတ် မရှိဘူး၊ အထိခိုက် မခံဘူး၊ သူတို့သေရင် အပါယ်ငရဲ ရောက်ရတယ်၊ လူ့ပြည် ရောက်ရင်လည်း ရုပ်ဆိုးတယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ သဘောထား ပြည့်ဝကြတယ်၊ စိတ်ရှည်သည်းခံကြတယ်၊ မေတ္တာ ကြီးမားကြတယ်၊ သူတို့သေရင် နတ်ရွာသုဂတိ ရောက်တယ်၊ လူ့ပြည် ရောက်ရင်လည်း ရုပ်ချော ရုပ်လှကြတယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ ဣဿာကြီးကြတယ်၊ ကိုယ့်ထက်သာ မနာလို ဆိုတဲ့အတိုင်း သူတစ်ပါး ကြီးပွားတာ၊ ကောင်းစားတာ အဆင်ပြေတာ ချမ်းသာတာကို မနာလိုဝန်တို ဖြစ်ကြတယ်၊ သူတို့ သေရင် အပါယ်ငရဲ ရောက်တယ်၊ လူ့ပြည်ရောက်ရင် ဘုန်းတန်ခိုးနည်း ဆင်းရဲတတ်တယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ ဣဿာမရှိကြဘူး၊ သူတစ်ပါး ကောင်းစားတာ၊ ကြီးပွားတာ၊ ချမ်းသာတာ အဆင်ပြေတာကို ဝမ်းမြောက်ဝမ်းသာ မုဒိတာ ပွားကြတယ်၊ သူတို့သေရင် နတ်ရွာသုဂတိ ရောက်တယ်၊ လူ့ပြည် ပြန်ရောက်ရင်လည်း ဘုန်းတန်ခိုးကြီး ချမ်းသာတယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ ဒါနဝါသနာ မပါဘူး၊ လှူလေ့ ပေးလေ့ မရှိဘူး၊ ကပ်စေးနှဲ နှမြောကြတယ်၊ သူတို့သေရင် အပါယ်ငရဲ ရောက်တယ်၊ လူ့ပြည်ရောက်ရင်လည်း ပစ္စည်းဥစ္စာ ရှားပါး ဆင်းရဲတတ်တယ်”    “သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ ဒါနဝါသနာ ထုံတယ်၊ လှူနေ ပေးနေရမှ စိတ်ချမ်းသာတယ်၊ သူတို့သေရင် နတ်ရွာသုဂတိ ရောက်တယ်၊ လူ့ပြည် ပြန်ရောက်ရင်လည်း ပစ္စည်းဥစ္စာ ပေါများချမ်းသာတယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ မာနကြီးတယ်၊ ခက်ထန်တယ်၊ ရှိခိုးထိုက်သူကို ရှိမခိုးဘူး၊ ခရီးဦးကြိုထိုက်သူကို မကြိုဘူး၊ နေရာ ပေးထိုက်သူကို မပေးဘူး၊ လမ်းပေး ထိုက်သူကို မပေးဘူး၊ ဂရုစိုက်သင့်သူကို မစိုက်ဘူး၊ အလေးထားထိုက်သူကို မထားဘူး၊ မြတ်နိုးထိုက်သူကို မမြတ်နိုးဘူး၊ ပူဇော်ထိုက်သူကို မပူဇော်ဘူး၊ သူတို့သေရင် အပါယ်ငရဲ ရောက်တယ်၊ လူဖြစ်ရင်လည်း အမျိုးယုတ်တတ်တယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ စိတ်သဘောထား နူးညံ့ပျော့ပျောင်းတယ်၊ မာန်မာန မရှိဘူး၊ ရှိခိုးထိုက်သူကို ရှိခိုးတယ်၊ ခရီးဦးကြိုသင့်သူကို ကြိုတယ်၊ နေရာပေးသင့်သူကို ပေးတယ်၊ လမ်းပေးသင့်သူကို ပေးတယ်၊ ဂရုစိုက်သင့်သူကို စိုက်တယ်၊ အလေးထားသင့်သူကို ထားတယ်၊ မြတ်နိုးသင့်သူကို မြတ်နိုးတယ်၊ ပူဇော်သင့်သူကို ပူဇော်တယ်၊ သူတို့သေရင် နတ်ရွာသုဂတိ ရောက်တယ်၊ လူဖြစ်ရင်လည်း အမျိုးမြတ်တယ်”“သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ ပညာရှိတို့ထံ ချဉ်းကပ်ပြီး ကုသိုလ် အကုသိုလ် အပြစ်ရှိ အပြစ်မဲ့ အကျိုးရှိ အကျိုးမဲ့ မှီဝဲထိုက် မမှီဝဲထိုက်စသည် မမေးကြဘူး၊ သူတို့သေရင် အပါယ်ငရဲ ရောက်တတ်တယ်၊ လူဖြစ်ရင်လည်း ပညာဉာဏ် နည်းတတ်တယ်”    “သုဘလုလင်...အချို့ အမျိုးသား အမျိုးသမီးတွေဟာ ပညာရှိတို့ထံ ချဉ်းကပ်ပြီး ကုသိုလ် အကုသိုလ် မပြစ်ရှိ အပြစ်မဲ့ အကျိုးရှိ အကျိုးမဲ့ မှီဝဲထိုက် မမှီဝဲထိုက်စသည် မေးမြန်းကြတယ်၊ သူတို့သေရင် နတ်ရွာသုဂတိ ရောက်တယ်၊ လူဖြစ်ရင်လည်း ဉာဏ်ပညာ ကြီးမားတယ်”ထေရဝါဒ ဗုဒ္ဓဘာသာအရ လူသားဟာ ကံတရား လက်ထဲမှာသာ ရှိတယ်၊ ထိုကံကလည်း လူက လုပ်တာဆိုတော့ လူသား လက်ထဲမှာသာ ရှိတယ်၊ အမှန်တော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြတယ်ဆိုတာ အမှန်ပင်ဖြစ်တယ်၊ မည်သူမပြု မိမိမှုဟု ဆိုရတော့မယ်။(ဥပရိဏ္ဏာသပါဠိ၊ စူဠကမ္မဝိဘင်္ဂသုတ်)    ပြောင်းလဲချိန်တန်ပြီ။ မှန်ပါတယ်၊ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲချင်သူတွေဟာ တစ်နိုင်ငံလုံး ရဲရဲတောက်နေပါတယ်။ ဒီမှာ အဖြေမှန်က ထွက်နေပါပြီ။ လာမည့် နိုဝင်ဘာလ ၈ ရက်၊ ၉ ရက်နေ့ တရားဝင် အဖြေဟာလည်း ဒီအဖြေအတိုင်းပဲထွက်ရင် ဒါဟာ အဖြေမှန်ပါပဲ။ ပြည်သူ့ဆန္ဒ အစစ်အမှန်က ထွက်ပေါ်လာတဲ့ ဒီအဖြေမှန်ကို တစ်ဖက်က ကျေကျေနပ်နပ် လက်ခံဖို့ လိုပါတယ်။ပြည်သူ့ ဆန္ဒကို လေးစားတန်ဖိုးထားပြီး ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး အမှန်အကန်ပါပဲ။

Most Read

Most Recent