ဆွေဘုရား မျိုးဘုရား

ဆွေဘုရား မျိုးဘုရား
Published 2 November 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁) မိမိ၏ တစ်သက်တာ၌ ‘ရုပ်သေးပွဲ’ နှင့် ‘မုန့်သိုင်းခြုံ’ သည် ကောင်းမှုတော် ဘုရားပွဲရောက်မှ ကြည့်ဖူး၊ စားဖူသည့် အဦးအစ အရသာနှစ်မျိုး ဖြစ်သည်။ အမည်ဆန်းသည်နှင့် အမျှ အရသာလည်း ရှိလှသော မုန့်တစ်မျိုးကို ပထမဆုံးအကြိမ် စားဖူးစဉ်က မိမိအသက် လေးငါးနှစ် သာသာပဲ ရှိဦးမည် ထင်သည်။
ဘုရားပွဲဈေးတန်း၌ ဆိုင်တိုင်းလိုလိုက သူတို့ဆိုင် နာမည်တွေ ရေးထားကြသည်။ ဆိုင်တွေထဲမှာလည်း လူတွေက အများကြီး၊ လမ်းပေါ်မှာလည်း လူတွေက အများကြီး။ တိုးတိုးခွေ့ခွေ့ သွားလာနေကြသည့် လူအုပ်ကြီးထဲမှာ အမေက မိမိလက်ကို ဆွဲထားရသည်။ သားအမိနှစ်ဦးသား ဈေးတန်းလျှောက်နေရင်း “လူလေး၊ ဘာမုန့်စားမလဲ” အမေက မေးတော့ လွန်လာခဲ့ပြီဖြစ်သော မုန့်ဆိုင် တစ်ဆိုင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
အမေက ရှေ့ကိုဆက်သွားသည်။ “ဘာလို့ ပြန်မလှည့်တာပါလိမ့်” ဟု တွေးနေဆဲမှာပဲ ထိုမုန့်ဆိုင်မျိုး နောက်တစ်ဆိုင်ကို ထပ်တွေ့သည်။ အဲဒီဆိုင်ကျမှ မုန့်ဝယ်သည်။ မိမိက မုန့်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတော့ ‘လှည်းပေါ်ကျမှ စားရအောင်’ ဟု အမေက ဆိုသည်။ လှည်းနားရောက်လို့ စားကြည့်တော့ ပူပူနွေးနွေးနဲ့ အတော်လေး အရသာရှိသည်။ ‘ဒီမုန့်က ဘာမုန့်တဲ့လဲအမေ’ လို့ မေးကြည့်တော့ အမေက မုန့်နာမည်ကို ပြောပြသည်။ ‘မုန့်သိုင်းခြုံ’ တဲ့။
(၂) မိမိတို့ရွာက ကောင်းမှုတော် ဘုရား၏ အရှေ့မြောက်ယွန်းယွန်း တောင်ခြေ၌ ရှိသည်။ ကောင်းမှုတော် ဘုရားပွဲရက် ရောက်ပြီဆိုလျှင် ရွာလုံးကျွတ်နီးပါး ဘုရားပွဲကို သွားကြသည်။ မနက်ခင်း ထမင်းစားပြီးချိန်လောက်၌ သွားမည့်သူ အချင်းချင်း အဖော်စပ်ကာ တောလမ်းအတိုင်း လှည်းကိုယ်စီဖြင့် သွားကြသော ခရီးက ပျော်စရာကောင်းလှသည်။ ဟိုဘက်လှည်းနှင့် ဒီဘက်လှည်း စကား တပြောပြော၊ ကလေးတငိုငို၊ နွားတငေါက်ငေါက်ဖြင့် သွားကြရသော ခရီးဖြစ်သည်။ အချို့ ကာလသား၊ ကာလသမီးတို့က လှည်းပေါ်မှဆင်းပြီး ခြေကျင်လျှောက်ကြသည်။ သူတို့ ပျော်နေကြပုံကို အားကျပြီး မိမိလည်း လှည်းပေါ်မှ ဆင်းချင်သည် ပြောမိတော့ “ဟဲ့ ဟိုက လူပျိုတွေ အပျိုတွေမို့ ဆင်းလျှောက်တာ၊ နင်က ကလေး ရှိသေးတယ် မဆင်းရဘူူး” ဟု ကြီးဒေါ်ကြီးက ဟန့်သည်။ အဓိပ္ပာယ်ကိုကား နားမလည်။
“ဟဲ့ကောင်မတွေ  ကောင်းမှုတော် ရက်ကြီးလည်း မနားကြပါလား၊ လောဘလေး ဘာလေးလည်း သတ်ကြပါဦးအေ” ဟု လှည်းပေါ်မှ ဘုရားသွား အဖွဲ့က အခင်းထဲ မြေပဲ ဆွတ်နေသူတို့ကို လှမ်းကျီစယ်သည်။ “ညည်းတို့သာ သွားကြပါအေ၊ ကျုပ်တို့က တစ်နေ့လုပ် တစ်နေ့စားတွေပါ၊ လိုက်နိုင်ပါဘူး” ဟု အခင်းထဲကလည်း ပြန်ပြောသည်။ အဲဒီတစ်နေ့လုပ် တစ်နေ့စားပါဆိုသူတွေကလည်း နောက်နေ့ကျတော့ လှည်းဖြင့် ရောက်လာကြသည်ပဲ ဖြစ်သည်။ “အမေက မထည့်ချင်ဘူးတဲ့၊ ဒီနှစ်တော့ လိုက်ဖြစ်မယ် ထင်ပါဘူးတော်” ဆို သူကလည်း လူကြုံလှည်းဖြင့် ပါလာခဲ့သည်ပဲ ဖြစ်သည်။ ကောင်းမှုတော်ပွဲမှ တစ်နှစ်တစ်ခေါက် မရောက်လိုက်ရလျှင် ခေါင်းထဲကပဲ ကိုက်သလိုလို၊ ဗိုက်ထဲကပဲ နာသလိုလိုဖြင့် အနေရခက် သူတွေလည်း ရှိသည်။ မိမိတို့ တစ်ရွာလုံးက ကောင်းမှုတော် ဘုရားကို “ဆွေဘုရား မျိုးဘုရား” လို သဘောထားကြသည်ကိုး။
ဘုရား အနောက်ဘက်က ကွင်းကြီးထဲမှာ မိမိတို့ နယ်ဘက်မှ လှည်းဝိုင်းကြီး ရှိသည်။ နောက်ရောက်လာသော လှည်းတွေကလည်း ရွာသားတွေ လှည်းဝိုင်းနားကိုပဲ လာပြီးပူးပေါင်းသည်။ ဘယ်ကြည့်လိုက် ကြည့်လိုက် ရွာက လူတွေချည်း တွေ့နေရသည်ဆိုတော့ ကောင်းမှုတော်ကိုသာ ရောက်လာသည်။ ကိုယ့်ရွာကို ပြန်ရောက် နေသလားပင် ထင်ချင်စရာ။
လှည်းပေါ်မှာ ချက်ပြုတ် စားသောက်စရာ အိုးခွက်ပန်းကန် အစုံအလင်ပါသည်။ ဆန်ပါသည်။ ဆီပါသည်။ နောက်ပြီး ငေါက်မရ ငမ်းမရသည့် အောင်နက်တို့၊ ဂုတ်ကျားတို့လည်း ကောင်းမှုတော်အထိ ပါချင် ပါလာကြသည်။ ပွဲဈေးတန်းမှ ဟင်းချက်စရာ ဝယ်ခြမ်းပြီး အနားက မန်ကျည်း၊ ထနောင်း၊ တမာပင် တွေအောက်မှာ ချက်ကြ ပြုတ်ကြသည်။ လူစာအတွက်သာမက နွားစာကလည်း ပါသည်။ ဖျာကြမ်းကြီး အောက်မှာ ဖင်ခုထိုင်လာသော ပြောင်းရိုးတွေက နွားစာဖြစ်သည်။ လှည်းပေါ်ပါလာသော ဦးကြီး၊ ဒေါ်ကြီး အရွယ်တို့က ဘုရား တစ်ခေါက်ရောက်ပြီးသည်နှင့် လှည်းပေါ်မှာပဲ ကျောက်ချပြီး စောင့်ပေးကြသည်။ လူငယ်တွေကတော့ ဘုရားထဲ သွားလိုက်၊ လှည်းနား ပြန်လာလိုက်၊ ဈေးထဲပတ်လျှောက်လိုက်၊ လှည်းရှိရာ ပြန်လာလိုက် လုပ်ကြသည်။
(၃) ညခင်းရောက်တော့  ပွဲခင်းတွေဘက်ကို ခြေဦးလှည့်ကြပြီ။ မိမိမှတ်မိနေသော ကြည့်ချင်ပွဲ တစ်ပွဲက ရုပ်သေးပွဲဖြစ်သည်။ အငြိမ့်တွေ ဇာတ်တွေကို ကြည့်ဖူးသော်လည်း ရုပ်သေးကို မကြည့်ဖူးသေး။  “အရုပ်ကလေးတွေက လူလိုကကြလိမ့်မယ်” ဟု အမေကပြောတော့ “သေနတ်ပစ်ခန်းတွေ ပါသေးလား” ဟု အမေ့ကို မေးမိသေးသည်။ အမေက “မြင်းလေးတွေ၊ မျောက်လေးတွေလည်း ကကြဦးမှာ” ဟုသာပြောသည်။ ပွဲမထွက်ခင်ကတည်းက ရုပ်သေးကို ကြည့်ချင်စိတ်က လောနေပြီ။ တကယ်တန်း ပွဲထွက်တော့ ရုပ်သေးပွဲက ဘာဇာတ်ထုတ် ခင်းသည်ကိုပင် မိမိမသိ။ ဇော်ရုပ်ကလေး ခုန်ပျံကနေသည်ကိုသာ မှတ်မိသည်။ ခဏကြာတော့ အမေ့ပေါင်ပေါ် အိပ်ပျော်သွားသည်။
နောက်တစ်နေ့ ပြန်ခါနီးကျတော့ ဘုရားဈေးတန်းကို တစ်ခေါက် ပြန်ရောက်သည်။ ‘ကားလိုချင်တယ်’ အမေ့ကို ပြောမိတော့ အမေက အရုပ်စုံ ရောင်းသော ဆိုင်ရှိရာဘက်ကို ခြေဦးလှည့်သည်။ ယခုကာလလို သံပတ်ပေး ကားမျိုး မဟုတ်။ ပလတ်စတစ် မော်တော်ကား ဖြစ်သည်။ အမေက ကားတစ်စီးကို ဈေးဆစ်နေသည်။ မိမိက အမေ့လက်ထဲက ကားကိုမကြိုက်။ မိမိကြိုက်သောကားက အမေကိုင်ထားသော ကားထက်ကြီးသည်။ အမေက ‘ဒါပဲယူလိုက်နော်’ ဆိုသည်။ မိမိက ‘ဟင့်အင်း ဟိုဟာ’ ဆိုပြီး လက်ညှိုးထိုးပြသည်။ အမေက ‘ဒါလေးလည်း လှသားပဲ ငါ့သားရဲ့’ ဆိုပြန်သည်။ အမေ့ကို ပြိုင်မငြင်းနိုင်တော့ သူငယ်လက်နက်ကို ထုတ်သုံးရသည်။ ပေတစ်ရာ လမ်းပေါ်ဆင်းပြီး နှစ်ပတ်သုံးပတ်လှိမ့် ငိုပစ်လိုက်သည်။ ဒီတော့ ဈေးသည် မိန်းမကြီးက “ကလေးလိုချင်ရင်လည်း လျှော့ပေးပါ့မယ်” ဟုဆိုသည်။ နောက်ဆုံးတော့ ထုံးစံအတိုင်း အမေက သားကို အနိုင်ပေးလိုက်သည်။
စစ်ကိုင်းဘုရား ပွဲတော်ရက်များက လင်္ကာကလေးနှင့်ဖြစ်သည်။ ထိုလင်္ကာက “ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ အောင်၊ အမြှောင်-ငါးထပ်ကြီး၊ အပြီး-ကောင်းမှုတော်” ဟုဖြစ်သည်။ ဝါဆိုလပြည့်နေ့ ဆွမ်းဦးပုညရှင် ပွဲတော်ရက်မှစ၍ သီတင်းဥပုသ် နေ့တိုင်း ဘုရားပွဲတော်ရက်များ ရှိသည်။ အမြှောင်-ငါးထပ်ကြီး ဆိုသည်က ငါးထပ်ကြီး ဘုရားပွဲတော်ကို ဥပုသ်နေ့ မဟုတ်သော သီတင်းကျွတ် လဆန်း ၅ ရက်၌ ကျင်းပသော ကြောင့်ဖြစ်သည်။ သီတင်းကျွတ် လပြည့်နေ့၌ ကျင်းပသော ကောင်းမှုတော် ဘုရားပွဲတော်ရက်က ဝါတွင်းကာလ၏ နောက်ဆုံးပွဲတော် ဖြစ်သည်။
သို့သော် တန်ဆောင်မုန်း လပြည့်နေ့၌လည်း တန်ဆောင်တိုင် ပွဲတော်ဆိုပြီး ကျင်းပသည်။ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့၌လည်း တောပွဲဆိုပြီး ကျင်းပလိုက်ပြန်သည်။ လှည်းအုပ်စု အဖွဲ့က တောပွဲရက်မှာ အများဆုံး လာကြသည်။ ထိုပွဲရက်၌ လက်ဝှေ့ပွဲတွေလည်း ရုံသွင်းသည်။ ဇာတ်ပွဲတွေလည်း ဝင်သည်။ ကျောက်တာ၊ ရေခါး၊ စကျင်၊ စာရေးတို့လို မြောက်ဘက် တစ်တန်းကလည်း လာသည်။ ကျောက်ဆည်ကုန်းရွာ၊ အောင်သာ၊ ရွာသစ်တို့လို အနောက်ဘက် နယ်လည်း လာသည်။ အုန်းတော၊ ဆားတောင်တို့လို အဝေးနယ်ကလည်း လာကြသည်။ ရေခါး၊ ကျောက်တာနှင့် ဝါးချက်ရွာတွေက လှည်းအဖွဲ့သာမက ဆွမ်းတော်ကြီး အဖွဲ့တွေ ပါလာကြသည်။ ‘မိုးဇာ၊ ရိုင်တန်း၊ သာစည်၊ တကောင်း၊ နန်းဦးမြို့သစ်၊ ဧမြဝတီ၊ လေးကျွန်းမြေ၊ အစေခံဆိပ်’ စသည်ဖြင့် စစ်ကိုင်းမြို့တွင်း အာရုဏ်တော်ဝတ် အသင်းများကလည်း အတီးအမှုတ် အကအခုန်များဖြင့် လာကြသည်။
(၄) ကောင်းမှုတော် ဘုရား၏ ဘွဲ့တော်က “ရာဇမဏိစူဠာ” ဖြစ်သည်။ ဘုရားဒါယကာက သာလွန်မင်း တရားကြီး ဖြစ်သည်။ ဘုရားဒါယကာ သာလွန်မင်းကြီးသည် အဘိုးဖြစ်သူ ဘုရင့်နောင်မင်း တရားကြီး လက်ထက်က သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာခဲ့သည့် ဘုရားရှင်၏ လက်ဝဲဘက် အောက်စွယ်တော် (အံတော်ပွား) ကို မူလက တောင်ငူ ရွှေဆံတော် ဘုရား၌ ဌာပနာထားရာမှ မိမိနန်းစိုက်ရာ အင်းဝမြို့အနီး၌ ပင့်ဆောင် ပူဇော်လိုသောကြောင့် စစ်ကိုင်းမြို့ မြောက်အရပ်၌ ကောင်းမှုတော် စေတီကို တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်၏ဟု ဆိုသည်။ စေတီတော်ကြီးကို လူအင်အား ၂၀၀၀ ကျော်ဖြင့် ၁၂ နှစ်ကြာသည့်တိုင် တည်ဆောက်ခဲ့ရသည်ဟု မှတ်တမ်းရှိသည်။
မင်းကြီး၏ ဆန္ဒတော်က သီဟိုဠ်ကျွန်း၌ တည်ထား ကိုးကွယ်သော မူလစွယ်တော်တိုက်၏ ပုံစံကိုမှီး၍ ကောင်းမှုတော် စေတီကြီးကို တည်လိုသည်။ သို့ရကား သီဟိုဠ်ကျွန်းသို့ သံဃာတော်များ ဦးဆောင်သော ဗိသုကာ ပညာရှင်အဖွဲ့ကို စေလွှတ်၍ ထိုပုံစံအတိုင်း တည်ခဲ့ခြင်းဖြစ်၏ဟု ဆိုသည်။ သီဟိုဠ် စွယ်တော်တိုက်၏ ပုံသဏ္ဌာန်က စပါးပုံကဲ့သို့ ပုံမျိုးဖြစ်သည်။ ထိုပုံစံကို ယူ၍တည်သော ကောင်းမှုတော် ဘုရား၏ ပုံသဏ္ဌာန်က သပိတ်တော်ကို မှောက်ထားသည့် ပုံမျိုးဖြစ်သည်။ သရေခေတ္တရာပြည် ဒွတ္တဘောင် မင်းကြီး၏ ကောင်းမှုဖြစ်သော စေတီတော် ခြောက်ဆူတို့တွင် အပါအဝင်ဖြစ်သည့် ‘သရမာစေတီတော်’ ၏ ပုံတော်အတိုင်း ရာဇမဏိစူဠာ စေတီတော်ကြီးကို တည်ခဲ့ခြင်းဖြစ်၏ဟူသော အဆိုကိုလည်း တွေ့ရသည်။
၁၂ နှစ်ကြာမျှ တည်ဆောက်ခဲ့ရသော စေတီတော်ကြီး ပြီးစီးချိန်၌ မင်းကြီးက နတ်ရွာစံခဲ့လေပြီ။ သို့ရကား သားတော် ‘ပင်းတလဲမင်း’ က ဆက်လက် တည်ဆောက်ပြီး ထီးတော်တင်လှူခဲ့ရသည်။ စေတီတော်ကြီး၏ လေးဘက်လေးတန်၌ “ပုဗ္ဗဝန်၊ ဒက္ခိဏဝန်၊ ဥတ္တရဝန်၊ ပစ္ဆိမာရုံ” ဟု ကျောင်းတိုက်ကြီး လေးတိုက်ကိုပါ ပူးတွဲ ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း မှတ်တမ်းဟောင်းရှိသည်။
(၅) ရောင်ခြည်တော် ခြောက်သွယ်၌ အပါအဝင်ဖြစ်သော အဖြူရောင်က မြတ်စွာဘုရား၏ သွားတော်၊ စွယ်တော်တို့မှ ထွက်ပေါ်လာသော အရောင်ကို ကိုယ်စားပြုသည်။ သီဟိုဠ် စွယ်တော်တိုက်၏ အရောင်သည်လည်း အဖြူရောင် ဖြစ်သကဲ့သို့ ကောင်းမှုတော် ဘုရားကြီး၏ အရောင်သည်လည်း အဖြူရောင် ဖြစ်သည်။
ဆွတ်ဆွတ်ဖြူသော အဖြူရောင်က စင်ကြယ်ခြင်းကို ကိုယ်စားပြုသည်။ ထိုမျှ သာမက စွယ်တော်ဓာတ်ကို ဌာပနာထားသော စေတီတော်ဖြစ်၍ ထုံးသင်္ကန်း အဖြူရောင်က မူလဓာတ်တော်၏ အနက်သဘောကို  အပီအပြင် ဖော်ညွှန်းနိုင်၏ဟုလည်း ရှေးသူတော်ကောင်းတို့က ယုံမှတ်ခဲ့ကြသည်။ ထိုယုံကြည်ချက် သဒ္ဓါဓာတ် အခံဖြင့်ပင် ကောင်းမှုတော် ဘုရားကြီးက ထုံးသင်္ကန်းရောင် ဖွေးဖွေးနှင့် အတင့်တယ်ကြီး တင့်တယ်ခဲ့ဖူးသည်။
“ မြန်မာပြည်ကို ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေ ကောင်းမှုတော် ဘုရားကို နောက်တစ်ကြိမ် ထပ်ရောက်ရင် ‘ဘာဖြစ်လို့ ရွှေရောင် ပြောင်းသွားရတာလဲ’ မေးတတ်ကြတယ်။ အဲဒီကိစ္စကို ဘယ်လို ရှင်းပြရမှန်းကို မသိဘူး ဖြစ်နေတယ်” ဟု ဧည့်လမ်းညွှန် တစ်ဦးက ဆိုခဲ့ဖူးသည်။ ကောင်းမှုတော် ဘုရားကြီး၏ ထုံးသင်္ကန်း ဖွေးဖွေးကို လွမ်းတမိသူများ စာရင်း၌ မိမိတို့ စစ်ကိုင်းမြို့သူမြို့သား၊ နယ်သူနယ်သားတို့က ထိပ်ဆုံးဖြစ်လိမ့်မည်ဟု မိမိက ယုံကြည်ထားပါသည်။

Most Read

Most Recent