ယနေ့အချိန်အခါဟာ အကြောက်တရားကင်းပြီး တရားမျှတ အေးချမ်းသာယာတဲ့ လူမှုဘဝတွေနဲ့ ရပ်တည် ရှင်သန်နိုင်ရေးအတွက် အကျပ်အတည်း၊ အခက်အခဲ၊ အတားအဆီး မှန်သမျှ ရင်ဆိုင် ဖြတ်ကျော်ကာ အပြောင်းအလဲကို ဖန်တီးသွားဖို့ သမိုင်းက တောင်းဆိုနေတဲ့အချိန် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘဝခရီးလမ်း တစ်လျှောက်မှာ မည်သူမဆို လောကဓံရဲ့ ရိုက်ခတ်တဲ့ဒဏ်တွေကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားခဲ့ဖူးကြမှာပါ။ ကောင်းသောပတ်ဝန်းကျင်၊ ကောင်းသောသူတွေနဲ့ ရှင်သန် ကြုံတွေ့ခဲ့ကြရသလို၊ မကောင်းသော ပတ်ဝန်းကျင်၊ မကောင်းသော သူတွေနဲ့လည်း ရှင်သန် ကြုံတွေ့နေရမှုတွေလည်း ရှိနေကြမှာ သေချာလှပါတယ်။ ဒီနေ့ဒီအချိန် အခါမှာ မကောင်းသော ပတ်ဝန်းကျင်၊ မကောင်းသောသူတွေ အင်ပါယာ ကျယ်ပြန့်လာခြင်းတွေနဲ့အတူ ပြည်သူ အများစုဟာ ကပ်ဘေးဒုက္ခအပေါင်းနဲ့ ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေဟာ မကောင်းသော ပတ်ဝန်းကျင်နဲ့ မကောင်းသော အတားအဆီးများကို ဖြတ်ကျော်ပြီး ကောင်းသော ပတ်ဝန်းကျင်နဲ့ တရားမျှတ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝတွေကို မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့အတူ ပြောင်းလဲသွားဖို့ ဆန္ဒပြင်းပြနေခြင်း ဖြစ်ပါတယ်။
မျက်မှောက်နိုင်ငံရေး အခြေအနေတွေ အရလည်း ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ စနစ်ဟောင်းရဲ့ အရိပ်ထိုးလာတဲ့ လုပ်ရပ်တွေ၊ တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ လူထု ခေါင်းဆောင်နဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ အပေါ် ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေ၊ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုတွေ၊ လူမှုကွန်ရက်တွေမှာ ဖော်ပြမှုတွေကို တရားစွဲ အရေးယူမှုတွေ မရှိပေမယ့် အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ဖော်ပြမှု အချို့ကို တရားစွဲ အရေးယူမှုတွေ ဆက်တိုက် ပြုလုပ်လာပါတယ်။ ဒါ့အပြင် အတိုက်အခံပါတီ မဲဆွယ်စည်းရုံးမှုတွေမှာ ခြိမ်းခြောက် ရန်ပြုမှု၊ ကန့်ကွက်မှုတွေ၊ အာဏာရပါတီကြီးရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ ပုဂ္ဂိုလ်ရေး အပုပ်ချမှု၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေမှု၊ လာဘ်လာဘ မက်လုံးပေးပြီး စည်းရုံးနေမှုတွေအပေါ် မသိကျိုး ကျွံပြုနေမှုများဟာလည်း နိုင်ငံသားတိုင်းအတွက် တန်းတူညီတူ ပြဋ္ဌာန်းထားပါတယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ အမိန့်ညွှန်ကြားချက်၊ ဥပဒေတွေအပေါ် မေးခွန်းထုတ်စရာ အနေအထားတွေ ဖြစ်နေပါတယ်။
ယနေ့ ပြည်သူအများစုဟာ မိမိတို့ အနာဂတ် ဘဝတွေအတွက် အကြောက်တရားတွေနဲ့အတူ မမှန်မကန် ဖန်တီးလာတဲ့ အနေအထားတွေအပေါ် အမှန်နဲ့အမှား၊ အဆိုးနဲ့အကောင်း၊ တရားမှုနဲ့ မတရားမှုတွေကို အမြင်ကျယ်စွာနဲ့ ခွဲခြားသိမြင်လာပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မတရားသဖြင့် ဖိနှိပ် ချုပ်ချယ်ခဲ့ကြတဲ့ ဥပဒေတွေကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ကြရပေမယ့် ပွင့်လင်း ထင်သာမြင်သာ ရှိလာတဲ့ ယနေ့အချိန်အခါမှာ မိမိတို့နဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်အပေါ်၊ မိမိတို့ အဖွဲ့အစည်းတွေအပေါ် အကြောက်တရားနဲ့ ဖိနှပ်ချုပ်ချယ် တားဆီးထားတဲ့ ဥပဒေတွေ၊ မတရားမှုတွေ၊ မညီမျှမှုတွေ၊ ကန့်သတ်ချက်တွေ၊ အမှောင့်ပယောဂ ပရိယာယ်တွေကို သတ္တိရှိရှိ ရင်ဆိုင် ဖြေရှင်းရဲနေကြပြီ ဖြစ်ပါတယ်။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှရှိမှုဆိုတဲ့ လောကပါလ တရားတော်တွေနဲ့အညီ ကျင့်ကြံနေထိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝတွေနဲ့အတူ အေးချမ်းသာယာစွာ နေထိုင်ချင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစားတွေရဲ့ လောက ဓမ္မတာအတိုင်း အနိုင်အထက်ပြုမှု၊ ချုပ်ချယ်မှု၊ မတရားမှု၊ သာတူညီမျှ မရှိမှုတွေကြောင့် နေ့စဉ်နဲ့အမျှ ကမ္ဘာနဲ့အဝန်း ပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်ပေါ်နေကြပြီး ပြည်သူအများစုဟာ အသက်အိုးအိမ် ဆုံးရှုံးမှုတွေနဲ့အတူ ဆင်းရဲဒုက္ခ ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။
“ငါ၏ သားမြေးများသည် လက်နက်ဖြင့် အနိုင်ရရှိသည့် အောင်မြင်မှုကို ရရှိထိုက်သည့် အောင်မြင်မှုဟု မယူဆကြလင့်၊ ငြိမ်းချမ်းမှုနှင့် အပြစ်ဒဏ် ပေါ့ပေါ့ပါးပါး ပေးမှုတို့ ၌ စိတ်ဝင်စားကြပါ။ တရားဓမ္မဖြင့် အနိုင်ရရှိသည့် အောင်မြင်မှုကိုသာလျှင် အောင်မြင်မှုဟု ယူဆကြပါ။ ယင်းအောင်မြင်မှုသည် ဤမျက်မှောက် လောက၌ လည်းကောင်း၊ တမလွန် လောက၌လည်းကောင်း အကျိုးဖြစ်ထွန်းလေသည်” လို့ အာသောကမင်းကြီး အထ္ထုပ္ပတ္တိ ဓမ္မကျောက်စာမှာ ရေးထိုးထားခဲ့တဲ့ အာသောကမင်းကြီး ကျောက်စာဟာ မျက်မှောက်ခေတ် အုပ်ချုပ်သူ လူတန်းစားတွေအတွက် ဆင်ခြင်တုံ တရားများထားကာ တရားသော နည်းလမ်းတွေနဲ့ ပြည်သူတွေကို အုပ်ချုပ်ဖို့ လမ်းညွှန်ပေးမှုအဖြစ် ရှုမြင်နိုင်ပါတယ်။
ကောင်းသော ပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝတွေကို ဖန်တီးချင်သူများ အနေနဲ့ မိမိတို့ကိုယ် မိမိတို့ အရင်ဆုံးပြုပြင် ပြောင်းလဲသွားကြဖို့ လိုပါတယ်။ မိမိတို့ရဲ့ ရင်ထဲမှာ ပြည့်နေတဲ့ မနာလိုခြင်း၊ ရန်လိုခြင်း၊ မုန်းတီးခြင်း၊ မိုက်မဲခြင်း၊ အလိုကြီးခြင်း၊ တစ်ယူသန်ခြင်း တစ်ဖက်သက် အနိုင်ကျင့်ခြင်း၊ သူတစ်ပါးကို အပုပ်ချခြင်း၊ အစွန်းရောက်ခြင်းတွေရဲ့ နေရာမှာ မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ ပညာ၊ သစ္စာ၊ မဇ္ဈိမပဋိပဒါ တရားတွေနဲ့ အစားထိုးသွားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း မွန်မြတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချင်းစာနာစိတ်တွေနဲ့အတူ ပြည်သူ့ အကျိုးစီးပွားတွေကို အဂတိတရား ကင်းစွာနဲ့ ဖော်ဆောင်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ စိတ်ဓာတ်တွေ စိတ်ထားတွေ မပြောင်းလဲနိုင်သေးဘဲ မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့ လူမှုအသိုင်းအဝိုင်းကို ကောင်းအောင် ပြုပြင်ပေးမယ်ဆိုတာ ယုံတမ်းစကားများအဖြစ် ပြည်သူတွေက ထင်မြင်ယူဆနေမှာ ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ မည်သည့်လူမှု အသိုင်းအဝိုင်းမှာဖြစ်စေ စိတ်ထား မွန်မြတ်မှုဟာ အရေးကြီးပါတယ်။။ ယနေ့ကမ္ဘာမှာ အများပြည်သူ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝတွေအတွက် ဖန်တီး တည်ဆောက်ပေးနေမှုကို စိတ်ထား မွန်မြတ်နေသူတွေက ဦးဆောင်နေကြတာပါ။ ထို့အတူ စာရေးသူတို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ပေးကြတဲ့အခါ မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအဝိုင်းလောက်ကိုသာ ရှေးရှုတဲ့ အပြောင်းအလဲတွေ မဖြစ်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ ယနေ့ ပြည်သူတွေ ဘာကြောင့် ဆင်းရဲနေကြရသလဲဆိုတာ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်ခဲ့ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်များ နဖူးပေါ်လက်တင်ပြီး အကြိမ်ကြိမ် အခါခါ စဉ်းစားကြဖို့ လိုပါတယ်။ လူဆိုတဲ့ သတ္တဝါဟာ အတ္တနဲ့ မကင်းနိုင်ကြဘူးလို့ ဆိုနေကြပေမယ့် အုပ်ချုပ်သူ လူတန်းစားတွေ အနေနဲ့ လူသားဆန်တဲ့ လုပ်ရပ်တွေ၊ လူမှုကျင့်ဝတ်နဲ့ညီတဲ့ စံချိန်စံညွှန်းတွေနဲ့အတူ ပြုပြင် ပြောင်းလဲရေးတွေ တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ လူလူချင်း ခွဲခြားဆက်ဆံမှုတွေ လူလူချင်း တန်ဖိုးမထားတဲ့ လုပ်ရပ်တွေ၊ ကိုယ်ချင်းစာနာစိတ် ကင်းမဲ့ပြီး ဆင်ခြင်တုံ့ တရားကင်းမဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ငြိမ်းချမ်းသာယာတဲ့ လူမှုပတ်ဝန်းကျင်ကို ရှေးရှုနိုင်မှာ မဟုတ်သလို အဲဒီလို စိတ်ထားမျိုး ရှိနေကြသူတွေဟာလည်း ကောင်းသော ပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝတွေကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲ ဖန်တီးပေးနိုင်ကြမှာ မဟုတ်ပါဘူး။
အမှန်တကယ်တော့ ပြည်သူတွေအပေါ် အကြောက်တရားတွေနဲ့ အနိုင်အထက်ပြုမှု၊ ချုပ်ချယ်မှု၊ မတရားမှု၊ အခွင့်အရေး မမျှတမှုတွေ၊ မငြိမ်းချမ်းမှုတွေ ရှိနေသေးသရွေ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့အတူ စစ်ပွဲတွေ ထာဝရ ငြိမ်းအေးနိုင်ဖို့ အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။ အုပ်ချုပ်သူ လူတန်းစားတွေ အနေနဲ့ နိုင်ငံနဲ့ ပြည်သူ ကောင်းစားရေးထက် အာဏာတည်မြဲရေးကိုသာ စိတ်ဝင်စားနေသမျှ နိုင်ငံရေး တည်ငြိမ်ဖို့ ခက်ခဲနိုင်သလို စီးပွားရေးတွေလည်း ချွတ်ခြုံကျပြီး ပြည်သူများလည်း ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝတွေကို မပိုင်ဆိုင်ကြသေးဘဲ ဆင်းရဲတွင်း သံသရာထဲမှာ ကျင်လည်နေကြရဦးမှာ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပြည်သူတစ်ရပ်လုံးအတွက် အပြောင်းအလဲကြီးကို ဖြစ်ပေါ်စေမယ့် ရွေးကောက်ပွဲကြီး နီးလာချိန်မှာ အကြောက်တရားတွေ ဖန်တီးကာ ပရိယာယ်များစွာနဲ့အတူ မတရားမှုတွေ၊ အခွင့်အရေး မညီမျှမှုတွေ အဘက်ဘက်က ချုပ်ချယ်လာတဲ့ အတားအဆီးတွေ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်တွေကို ဘာသာရေး ခေါင်းဆောင်များ၊ ဒီမိုကရေစီ လိုလားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း အသီးသီးနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများပါမကျန် စည်းလုံး ညီညွတ်စွာနဲ့ ပူးပေါင်းလက်တွဲပြီး ကျော်ဖြတ်သွားရမှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း မိမိတို့ ပြည်သူတွေအနေနဲ့ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ အပြောင်းအလဲ တစ်ရပ်ကို ဖန်တီးနိုင်စွမ်းရှိတဲ့ ပါတီကို ပုံအောမဲပေးပြီး တာဝန် ကျေပွန်ကြမှသာ မိမိတို့ ဆန္ဒပြင်းပြနေတဲ့ အကြောက်တရားကင်းပြီး တရားမျှ အေးချမ်းသာယာမယ့် အပြောင်းအလဲ တစ်ရပ်ကို အမှန်တကယ် ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။
အပြောင်းအလဲနှင့် ကိုယ်စီတာဝန်
Most Read
Most Recent
8 hours ago










