ရွေးကောက်ပွဲ စောင့်ကြည့်ရေးဟာ ပျော်ပွဲစားခရီး မဟုတ်ပါ

ရွေးကောက်ပွဲ စောင့်ကြည့်ရေးဟာ ပျော်ပွဲစားခရီး မဟုတ်ပါ
Published 27 October 2015
မင်းလွင် (ဆေး-၂)

ရွေးကောက်ပွဲတွေ စောင့်ကြည့်လေ့လာမှုကို တစ်ဖွဲ့ ဒါမှမဟုတ် တစ်ဖွဲ့ထက်ပိုတဲ့ လွတ်လပ်တဲ့ အဖွဲ့တွေက ပြုလုပ်ရလေ့ ရှိပါတယ်။ အဲဒီလို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ဟာ တခြားနိုင်ငံ တစ်ခုက ဒါမှမဟုတ် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တစ်ရပ်က ဖြစ်ပြီး အခြေခံအရကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ရပ်ကို နိုင်ငံရဲ့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ ညီမညီ၊ နိုင်ငံတကာ ရွေးကောက်ပွဲ စံနှုန်းတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စောင့်ကြည့်လေ့လာတာ ဖြစ်ပါတယ်။ 
■ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ဆိုတာရွေးကောက်ပွဲ လေ့လာသူတွေထဲမှာ ပြည်တွင်း လေ့လာသူတွေနဲ့ ပြည်ပ လေ့လာသူတွေဆိုပြီး နှစ်မျိုး ရှိပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ အနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို တိုက်ရိုက်ကာကွယ်နိုင်ခြင်း မရှိပေမယ့် ရွေးကောက်ပွဲ မသမာမှုတွေကို မှတ်တမ်းတင်တာနဲ့ အစီရင်ခံတာ ပြုလုပ်နိုင်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို မဲပေးတဲ့နေ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ရုံ သက်သက် မဟုတ်ဘဲ အချိန်အကြာကြီး ယူပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ရပ်လုံးကို စောင့်ကြည့်ရပါတယ်။ရွေးကောက်ပွဲ တစ်ရပ်ရဲ့ တရားဝင်မှု မဝင်မှုအပေါ် စောင့်ကြည့်လေ့လာသူတွေရဲ့ ဝေဖန်မှုက အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ အဲဒီလို ဝေဖန်မှု ပြုလုပ်ဖို့ စောင့်ကြည့်လေ့လာသူတွေ ကိုယ်တိုင်က ဘက်မလိုက်သူတွေဖြစ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အပေါ် ယုံကြည်စိတ်ချရမှု ရှိစေဖို့နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ရဲ့ ဝေဖန်ချက်တွေ တရားဝင်မှု အားကောင်းစေဖို့အတွက် စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ထင်ရှားပြီး သြဇာရှိသူကို ခန့်ထားလေ့ ရှိပါတယ်။ 
■ သမိုင်း နောက်ခံရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုက ဒုတိယ ကမ္ဘာစစ်ပြီး ကာလအထိ ခေတ်စားခြင်း မရှိသေးပါဘူး။ စစ်အေးခေတ် အဆုံးသတ်သွားပြီး နောက်မှသာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုလုပ်ငန်း သိသိသာသာ ထွန်းကားလာတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စံနှုန်းတွေလည်း ဖွံ့ဖြိုးလာပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာ အဖွဲ့တွေရော၊ ပြည်တွင်း အဖွဲ့အစည်းတွေကပါ ဆောင်ရွက်လာကြပါတယ်။၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းကို ဒီမိုကရေစီ အားနည်းတဲ့ နိုင်ငံတွေ ဒါမှမဟုတ် ဒီမိုကရေစီ စနစ်ကို အသွင်ပြောင်းနေတဲ့ နိုင်ငံတွေမှာ အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီ နှစ်တွေအတွင်း အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေ အပါအဝင် ဒီမိုကရေစီစနစ် ရှည်ကြာခိုင်မြဲနေတဲ့ နိုင်ငံတွေမှာပါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ပြုလုပ်မှုအရေအတွက် တိုးပွားလာပါတယ်။ 
■ နိုင်ငံတကာ အဖွဲ့အစည်းများအမေရိကန် ပြည်ထောင်စု အဖွဲ့အစည်း၊ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၊ ဥရောပသမဂ္ဂ၊ ဓနသဟာယ အတွင်းဝန်များအဖွဲ့၊ ဥရောပကောင်စီနဲ့ အာဖရိက သမဂ္ဂတို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ စေလွှတ်လေ့ ရှိပါတယ်။ကုလသမဂ္ဂကတော့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ စေလွှတ်ခြင်း မရှိတော့ပါဘူး။ အဲဒီအစား ရွေးကောက်ပွဲကို ကူညီရေး အပေါ်မှာပဲ အဓိက လုပ်ဆောင်ပါတယ်။ နိုင်ငံအလိုက် အစိုးရတွေကလည်း နိုင်ငံတကာ အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ အောက်ကနေ စောင့်ကြည့်လေ့လာရေးမှာ ပါဝင်တတ်ပါတယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေကလည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးမှာ ပါဝင်တတ်ကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စောင့်ကြည့်လေ့လာတဲ့ NGO အဖွဲ့တွေထဲမှာ National Democratic Institute (NDI) နဲ့ Carter Center တို့ဟာ ထင်ရှားပါတယ်။၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာ အဖွဲ့တွေ ထဲမှာတော့ EU ရဲ့ ရွေးကောက်ပွဲ လေ့လာရေး မစ်ရှင် (EUEOM)၊ Carter Center နဲ့ Asian Network for Free Elections (ANFREL) အဖွဲ့တွေ ပါဝင်ပါတယ်။ 
■ ပြည်တွင်း အဖွဲ့အစည်းများနိုင်ငံပေါင်း များစွာမှာတော့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေအပြင် ပြည်တွင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကလည်း ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်မှာ အားဖြည့် ပါဝင်ပါတယ်။၂၀၁၅ မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားတဲ့ ပြည်တွင်းအဖွဲ့အစည်း ကိုးခုက လူပေါင်း ၆၂၆၁ ဦး ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၀ ရက်မှာ ပြောကြားထားပါတယ်။ သူက အဲဒီလို လျှောက်ထားမှုကို အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားရမယ်လို့ ဆိုပါတယ်။ သူက ပြည်တွင်း အဖွဲ့အစည်း ကိုးခုအပြင် နိုင်ငံတကာ အဖွဲ့အစည်း သုံးဖွဲ့က ၂၀၂ ဦး လျှောက်ထားလို့ ခွင့်ပြုခဲ့တဲ့ အကြောင်းလည်း ပြောကြားထားပါတယ်။■ EU ရဲ့ ရွေးကောက်ပွဲ လေ့လာရေး မစ်ရှင် (EU EOM)ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ EU အဖွဲ့ဝင် ၂၈ နိုင်ငံက စောင့်ကြည့်လေ့လာသူ စုစုပေါင်း ၁၅၀ ကို ပထမဆုံး အကြိမ်အဖြစ် စေလွှတ်မယ့်အကြောင်း ကြိုတင်သတင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် EU က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မစ်ရှင် (EOM) ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။EU အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို ပထမဆုံး အကြိမ်အဖြစ် စောင့်ကြည့်လေ့လာမှု ဖြစ်ပါတယ်။ ဥရောပ ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ် ဖက်ဒါရီကာမိုဂါရီနီက ဥရောပ ပါလီမန်ရဲ့ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား ဂရက်လန်းဒေါ့ကို စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ထားပါတယ်။မိုဂါရီနီက “ဒီရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မစ်ရှင်ကို စေလွှတ်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို EU က ဆက်လက်အားပေး ကူညီနေတာကို အတည်ပြုပေး လိုက်တာပါပဲ။ ရွေးကောက်ပွဲတွေကို ငြိမ်းချမ်းပြီး အားလုံး ပါဝင်နိုင်တဲ့ ဝန်းကျင် တစ်ရပ်မှာ ကျင်းပနိုင်ခြင်းက မြန်မာနိုင်ငံမှာ ခိုင်မာပြီး နောက်ကြောင်းပြန် မလှည့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အထောက်အကူ ပြုပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။EU ရဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် လန်းဒေါ့က “ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်မယ့် EU EOM ခေါင်းဆောင်အဖြစ် ခန့်ထားခံရတာကို ဂုဏ်ယူပါတယ်။ လာမယ့် အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် နောက်ထပ် ခိုင်မာရေးအတွက် အဓိက အခွင့်အလမ်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်” လို့ ဆိုပါတယ်။EU က မြန်မာနိုင်ငံက ဒေသအားလုံးမှာ ကြိုတင်မဲပေးခြင်း အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အားလုံးကို စောင့်ကြည့်မှာကို သဘောတူတဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။EU ရဲ့ ရွေးကောက်ပွဲ လေ့လာသုံးသပ်သူ ကိုးဦးပါဝင်တဲ့ EOM ပင်မအဖွဲ့ဟာ စက်တင်ဘာ ၂၆ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ အောက်တိုဘာ ၇ ရက်မှာတော့ ရေရှည် စောင့်ကြည့်ရေး အဖွဲ့ဝင် ၃၀ ထပ်မံ ရောက်ရှိလာပါတယ်။ နိုဝင်ဘာ ၂ ရက်မှာတော့ ရေတို စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင် ၆၂ ဦး ထပ်မံရောက်ရှိလာမှာ ဖြစ်ပါတယ်။ရွေးကောက်ပွဲ ကျင်းပမယ့် နေ့မှာ ဥရောပ ပါလီမန် ကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေကလည်း ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ EOM ကို အားဖြည့်မှာ ဖြစ်ပါတယ်။EOM ဟာ လွတ်လပ်တဲ့ မစ်ရှင်အဖွဲ့ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုပေးမှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ EOM က ရွေးကောက်ပွဲနေ့ ပြီးတဲ့နောက် ၄၈ နာရီ အကြာမှာ အကြိုကြေညာချက် ထုတ်ပြန်မှာဖြစ်ပြီး မှတ်ချက်တွေ အများကြီး ပါဝင်တဲ့ နောက်ဆုံး အစီရင်ခံစာကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ 
■ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်မှာ ကျွမ်းကျင်သူတွေနဲ့ ရွေးကောက်ပွဲ လေ့လာမှုတွေကို ရေရှည် ပြုလုပ်ခဲ့သူတွေက ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ မတိုင်မီ သီတင်းပတ် အတန်ကြာ ကတည်းက စောင့်ကြည့် လေ့လာမှုတွေကို စတင်လုပ်ဆောင်ရပါတယ်။ သူတို့ရဲ့ စောင့်ကြည့်လေ့လာမှုတွေထဲမှာ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရဲ့ မူဘောင်၊ မီဒီယာတွေရဲ့ အနေအထား၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ မဲဆွယ်မှု ပြုလုပ်ရာ ဝန်းကျင် အနေအထားတွေ ပါဝင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့မှာတော့ ရေတိုလေ့လာရေး အဖွဲ့တွေက မဲရုံတွေ ဖွင့်လှစ်ခြင်း၊ မဲပေးခြင်းနဲ့ မဲရေတွက်ပြီး ရလဒ်စာရင်းသွင်းခြင်းတွေကို စောင့်ကြည့်လေ့လာ ရပါတယ်။ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ကျော်လွန်ပြီးတဲ့နောက် သီတင်းပတ် အနည်းငယ်ကြာတဲ့အထိ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံအတွင်းမှာ ဆက်လက် နေထိုင်ရပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အားနည်းချက်တွေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကို ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တရားရေး အဖွဲ့တွေက ကိုင်တွယ်ပုံကို ဆက်လက် စောင့်ကြည့် လေ့လာရပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ပြီးတဲ့နောက် စောင့်ကြည့်လေ့လာသူတွေရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာတွေအဖြစ် လူသိရှင်ကြား ထုတ်ပြန်ရပါတယ်။ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေဟာ LTO လို့ခေါ်တဲ့ ရေရှည်စောင့်ကြည့်လေ့လာသူ အရေအတွက် အနည်းငယ်ကို ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ထက် သီတင်း ခြောက်ပတ်ကနေ ရှစ်ပတ်ကြာအထိ စောပြီး စေလွှတ်လေ့ ရှိပါတယ်။ အဲဒီနောက် ပိုပြီး အရေအတွက် များပြားတဲ့ STO လို့ခေါ်တဲ့ ရေတို စောင့်ကြည့်လေ့လာသူတွေကို ရွေးကောက်ပွဲ ပြုလုပ်မယ့် သီတင်းပတ်အတွင်း စေလွှတ်လေ့ ရှိပါတယ်။ STO တွေက မဲရုံတွေနဲ့ မဲရေတွက်မှု လုပ်ငန်းစဉ်တွေကို အဓိက စောင့်ကြည့်ရပြီး LTO တွေက ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေး အနေအထားတွေနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ်ချက်တွေနဲ့ သိုင်းဝိုင်း ဆက်နွှယ်နေတဲ့ အချက်အလက်တွေကို ပေးရပါတယ်။ 
■ ပျော်ပွဲစားခရီး မဟုတ်ပါ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အကြီးအကျယ် မျှော်လင့်ထားကြသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံ အတွက်လည်း အပြောင်းအလဲ တစ်ရပ်အတွက် အလွန် အရေးပါတဲ့ အနေအထားပါ။ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းက ရွေးကောက်ပွဲ မသမာမှုတွေကို တိုက်ရိုက်ကာကွယ်ခြင်း မပြုနိုင်ပေမယ့် ရွေးကောက်ပွဲ တစ်ရပ်ကို လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆုံးဖြတ်ရာမှာ လေ့လာစောင့်ကြည့်သူတွေရဲ့ ဝေဖန်ချက်တွေက အများကြီး သက်ရောက်မှု ရှိတာမို့ ဘက်မလိုက်ဘဲ လွတ်လပ်တဲ့ အဖွဲ့တွေက စနစ်တကျ စေ့စေ့စပ်စပ် သေသေချာချာ လုပ်ဆောင်ဖို့ လိုပါတယ်။အထူးသဖြင့် Eleven Media Group က မဲမသမာမှုနဲ့ မမျှတမှုတွေ ဖြစ်နိုင်တယ်လို့ စုံစမ်းသိရှိထားတဲ့ မြို့နယ် ၈၃ မြို့နယ်ကို အဓိကထား စောင့်ကြည့်သင့်ပါတယ်။ အဲဒီ မြို့နယ်တွေမှာ အစိုးရအဖွဲ့ဝင် တချို့နဲ့ ဗိုလ်ချုပ်ဟောင်းတချို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲစာရင်း လွဲချော်မှု ပြဿနာတွေ၊ လူထုရဲ့ ဝေဖန်တိုင်ကြားမှုတွေ၊ အာဏာရ အဖွဲ့အစည်းတွေက ရွေးကောက်ပွဲ ဥပဒေကို ကျော်လွန် လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ၊ ရွေးကောက်ပွဲ အကြမ်းဖက်မှုဖြစ်စဉ် ပေါ်ပေါက်နိုင်တဲ့ အခြေအနေတွေနဲ့ ငွေကြေး အရှိန်အဝါကို အသုံးပြုပြီး ဥပဒေ ချိုးဖောက် လုပ်ဆောင်နိုင်မှုတွေ ရှိနေပါတယ်။ ဒီတော့ ပျော်ပျော်ပါးပါး လာရောက်နေထိုင်ပြီး ပြန်သွားတဲ့အခါ “အားလုံး ကောင်းပါသည် ခင်ဗျား” ဆိုပြီး လုပ်ရမယ့် ပျော်ပွဲစားခရီး မဟုတ်ကြောင်းပါ စောင့်ကြည့် လေ့လာသူများ ခင်ဗျား။

Most Read

Most Recent