ယနေ့ အင်တာဗျူး ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းဖြစ်သူက အစ္စရေး ဒါရိုက်တာ Nati Baratz ဖြစ်သည်။ အစ္စရေး မှတ်တမ်းဇာတ်ကား ဒါရိုက်တာ Nati Baratz သည် တိဗက်ဒေသမှ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု အကြောင်းကို ငါးနှစ်ခန့် အချိန်ယူ ရိုက်ကူးခဲ့ပြီးနောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အများအပြားတွင် ပြသခွင့် ရရှိခဲ့ကာ ဆုပေါင်း ၁၂ ဆုကျော် ရရှိထားသူဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုလုပ်လျက်ရှိသည့် အစ္စရေး ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခဲ့သည့် အစ္စရေး ဒါရိုက်တာ Nati Baratz နှင့် တွေ့ဆုံ၍ ၎င်း၏ မှတ်တမ်းဇာတ်ကား ဖန်တီးမှု အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ‘Unmistaken Child’ ဇာတ်ကားကို နိုင်ငံ အများအပြားမှာ ပြသခဲ့ရာမှာ ပထမဆုံး ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ပြသခွင့် ရတဲ့အပေါ် ဘယ်လို မျှော်လင့်ခဲ့လဲ ဆိုတာလေး အရင်သိချင်ပါတယ်။ဖြေ - ဒီဇာတ်ကားကို ဖန်တီးခဲ့ပြီးတဲ့ အချိန်မှာ နိုင်ငံ အများအပြားမှာ ပြသနိုင်ခဲ့ပါတယ်။ ဒီလို ပြသခဲ့ရာမှာ အနောက်နိုင်ငံတွေမှာ ပြသခွင့် ရခဲ့တာဖြစ်ပြီး အာရှနိုင်ငံ ဖြစ်သလို ဗုဒ္ဓဘာသာနိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပြသခွင့် ရတဲ့အခါ အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အရင်က အနောက်နိုင်ငံတွေမှာ ပြသခဲ့ရာမှာ ဒီဇာတ်ကားကို စိတ်ဝင်စားကြသလို ဒီဇာတ်ကား ဖန်တီးရာ နေရာဖြစ်တဲ့ တိဗက်ဒေသမှာ ပြသရာမှာတော့ သူတို့က ဒီဇာတ်ကားကို ကြိုက်ကြတယ်။ ဒီဇာတ်ကား ကြည့်ရတဲ့ အတွက်လည်း ပျော်ကြတယ်။ အခု မြန်မာနိုင်ငံမှာ ပြသမယ် ဆိုတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို စိတ်လှုပ်ရှားခဲ့တာပါ။ ပြသပြီး သလောက်တော့ စိတ်ဝင်စားကြတယ် ဆိုတာကို သိရလို့ ပျော်မိပါတယ်။
မေး - မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီ ဇာတ်ကားထဲမှာတော့ တိဗက်ဒေသက ဗုဒ္ဓဘာသာနဲ့ ယုံကြည်မှု အကြောင်းကို ရိုက်ထားတာဆိုတော့ မြန်မာတွေ ကိုးကွယ်ယုံကြည်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဇာတ်ကားမှာ ရိုက်ကူးထားတဲ့ ဗုဒ္ဓဘာသာ အကြောင်းရဲ့ ကွဲလွဲမှုတွေကိုရော လေ့လာဖြစ်သေးလား။ဖြေ - ဒီဇာတ်ကားကို ဖန်တီးခဲ့စဉ်တုန်းက ဗုဒ္ဓဘာသာမှာ ဒီလို ကွဲပြားမှု ရှိတယ်ဆိုတာ သေချာ မသိပါဘူး။ အခု တကယ်တမ်း မြန်မာနိုင်ငံကို ရောက်တဲ့အခါ မိတ်ဆွေတွေက ပြောမှ ကျွန်တော့်ဇာတ်ကားထဲမှာ ရိုက်ကူးထားတဲ့ တိဗက်ဒေသက ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာမှာ ကွဲပြားချက်တွေ ရှိတယ်ဆိုတာ သိလာတာပါ။ အခွင့်အရေး ရခဲ့မယ် ဆိုရင်တော့ ထပ်ပြီး လေ့လာချင်ပါသေးတယ်။
မေး - အစ္စရေး ဒါရိုက်တာတစ်ယောက် အနေနဲ့ တိဗက်ဒေသက ဗုဒ္ဓဘာသာ ကိုးကွယ်မှုနဲ့ ယုံကြည်မှု အကြောင်းကို မှတ်တမ်း ရိုက်ကူးဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာတွေဖြစ်မလဲ။ဖြေ - ၁၉၉၃ ခုနှစ်မှာ တိဗက်ဒေသကို ခရီးထွက်ဖြစ်ရင်းနဲ့ ဒီဒေသ အကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ အကြောင်းတွေကို စပြီး စိတ်ဝင်စားလာပါတယ်။ နောက်တော့ ၂၀၀၀ ပြည့်နှစ်မှာ ဇာတ်ကားဖန်တီးမှုနဲ့ ပတ်သက်လို့ သင်တန်းတွေ တက်ဖြစ်ခဲ့တယ်။ အခု ဒီဇာတ်ကားထဲက အဓိက ဇာတ်ဆောင်တစ်ယောက် ဖြစ်တဲ့ လူငယ် ဘုန်းတော်ကြီးနဲ့ စကားစပြော ဖြစ်ရာကနေ စိတ်ဝင်စားသွားပြီး ရိုက်ချင်စိတ် ဖြစ်သွားတာပါ။ တိဗက်ဘုန်းတော်ကြီးတစ်ပါး ကွယ်လွန်သွားပြီးနောက် မီးသင်္ဂြိုဟ်တဲ့အခါ ပြာပေါ်မှာ ခြေရာတွေ့တဲ့အတွက် အဲဒီ ဘုန်းကြီးက လူဝင်စားအဖြစ် တစ်နေရာရာမှာ ရှိနေမယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ ဒါပေမဲ့ အဲဒီ ယုံကြည်ချက်က ဘယ်လောက်အထိ ဖြစ်နိုင်လဲဆိုတာ ကျွန်တော့်အတွက် စိန်ခေါ်မှုတော့ များပါတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ ဘုန်းတော်ကြီးရဲ့ ပြောစကားနဲ့ သူ့ယုံကြည်မှုကို စိတ်ဝင်စားတဲ့စိတ် တစ်ခုတည်းနဲ့ပဲ ဒီမှတ်တမ်းဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာပါ။
မေး - ရိုက်ကူးချိန်ကလည်း ငါးနှစ်လောက်ကြာခဲ့တယ်။ အဲဒီအချိန် အတွင်းမှာ အဓိက စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။ဖြေ - စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ ဒီအကြောင်းအရာကို စပြီး ရိုက်ကူးတဲ့ အချိန်မှာ budget မရှိပါဘူး။ ဒါကြောင့် ကျွန်တော်ရယ် ကင်မရာမန်းရယ် နှစ်ယောက်တည်းနဲ့ ဒီဇာတ်ကား တစ်ကားလုံးကို ရိုက်ကူးခဲ့ပါတယ်။ DV Can လေးနဲ့ပဲ အစအဆုံးကို ရိုက်ကူးခဲ့ရတယ်။ ကျွန်တော်က အစ္စရေး ဒါရိုက်တာတစ်ယောက် ဖြစ်တဲ့အတွက် လုံးဝမတူ ကွဲပြားတဲ့၊ မသိကျွမ်းတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မှုနဲ့ ယုံကြည်မှုကို ရိုက်ကူးရာမှာ တော်တော်ခက်ခဲပါတယ်။ နောက်ခံ တေးဂီတ ထည့်တာကအစ အသေးစိတ် တော်တော်လေး သတိထားရတယ်။ ကျွန်တော့် မှတ်တမ်းဇာတ်ကားကို ဖြစ်ရပ်မှန်ကို တင်ပြတယ် ဆိုပေမယ့် ပရိသတ် ကြည့်လို့ကောင်းတဲ့ ရသကိုလည်း ပေးချင်တယ်။ အဲဒီအတွက် ပိုပြီး ခက်ခဲပါတယ်။ လေးနှစ်လောက်ကြာမှ တချို့အပိုင်းတွေကို ပြန်သွားရိုက်ရတာမျိုးတွေ ရှိတယ်။ ရလဒ်ကတော့ ပရိသတ် အများအပြားကို ပြသနိုင်ခဲ့သလို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ပေါင်း ၁၂ ခုကျော်မှာလည်း ပြသနိုင်ခဲ့ပါတယ်။
မေး - မြန်မာနိုင်ငံကို လာဖြစ်စဉ် အချိန်အတွင်းမှာ ဘာတွေ လုပ်သွားဖို့ အစီအစဉ် ရှိလဲ။ဖြေ - အစ္စရေး ရုပ်ရှင်ပွဲတော်ကို တက်ဖြစ်တယ်။ အခု ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်ပညာရှင်တွေအတွက် workshop လုပ်ပေးဖြစ်တယ်။ ပြီးရင်တော့ မြန်မာလူမျိုးတွေအကြောင်း ပိုပြီး သိရအောင် ထင်ရှားတဲ့ နေရာတွေ သွားကြည့်ပါမယ်။ အောက်တိုဘာ ၂၈ မှာတော့ ပြန်မှာပါ။
မေး - မှတ်တမ်းဇာတ်ကားကောင်း တစ်ကားဖြစ်ဖို့ အဓိက ဘာတွေ လိုအပ်မယ်လို့ ထင်လဲ။ဖြေ - အခြေခံ အကျဆုံး အချက်ကတော့ ကိုယ်ဖန်တီးမယ့် အကြောင်းအရာကို ဒါရိုက်တာက ယုံကြည်ရပါမယ်။ အချက်အလက်မှန် ဖြစ်ရပါမယ်။ ဒီဇာတ်လမ်း တစ်ခုလုံးရဲ့ DNA က ဒါရိုက်တာလို့ ပြောရလောက်အောင်ကို အားလုံးကို သိနေရမယ်။ ပြီးရင် အဲဒါကို ရိုက်ကူးတဲ့အခါ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်စရိုက်တွေကို ပုံဖော်နိုင်ရပါမယ်။ တကယ့်ဖြစ်ရပ်မှာ မပါဝင်တဲ့ Plots တွေကို ထည့်သုံးလို့ မရပါဘူး။ အဲဒါတွေကတော့ အခြေခံ အချက်တွေပါပဲ။
မေး - မြန်မာနိုင်ငံက မှတ်တမ်းဇာတ်ကား ဖန်တီးသူတွေကို ဘယ်လို အကြံဉာဏ်မျိုး ပေးချင်ပါသလဲ။ဖြေ - ဇာတ်ကားဖ န်တီးဖို့အတွက် Low Budget လို့ဆိုရာမှာ အခုလို နည်းပညာ မြင့်မားလာတဲ့ အချိန်မှာ လက်ကိုင်ဖုန်းနဲ့လည်း ရိုက်ကူးနိုင်နေပြီ ဖြစ်တဲ့အတွက် ကိုယ်ရိုက်ကူးမယ့် အကြောင်းအရာကိုသာ တကယ် ယုံကြည်မယ်ဆိုရင် အဲဒါက သိပ်မလိုအပ်ဘူးလို့ ထင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ဆိုရင်လည်း အဲဒီ အတိုင်းပါပဲ။ ကိုယ့်ဇာတ်ကားကိုသာ တကယ်ကောင်းအောင် ဖန်တီးထားမယ်ဆိုရင် အိမ်နီးချင်း အာရှနိုင်ငံတွေမှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေကို အရင်ပို့မယ်။ အဲဒီကတစ်ဆင့် အနောက်နိုင်ငံတွေမှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေကို ပေးပို့နိုင်ပါတယ်။ ကျွန်တော့် ဇာတ်ကားကိုလည်း ကိုလ်ကတ္တားမှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ဖူးပါတယ်။ နိုင်ငံတကာက ရုပ်ရှင်ဖန်တီးသူတွေ အများကြီးလာကြတဲ့ ရုပ်ရှင်ပွဲတော် တစ်ခုပါ။ တကယ်ကောင်းပါတယ်။ အဲဒီလိုပဲ တစ်ဆင့်ချင်းသွားလို့ ရပါတယ်။