ခိုင်လုံမဲတွေ ပေးနိုင်ကြဖို့

ခိုင်လုံမဲတွေ ပေးနိုင်ကြဖို့
Published 26 October 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်ပနိုင်ငံအချို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ၂၀၁၅ ရွေး ကောက်ပွဲအတွက် ကြိုတင်မဲပေးကြရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲမျိုးစုံက လာမယ့်နိုဝင်ဘာ ၈ ရက်မှာ မဲ ပေးကြမယ့်သူတွေအတွက် အချက်ပေး နှိုးဆော်သကဲ့သို့ ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးမှုတွေမှာ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ကြတာ အားလုံး အသိ ဖြစ်ပါတယ်။ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ ဖြင့် စာရင်းပေးထားသော်လည်း မဲစာရင်းမှာ အမည်မပါလို့ မဲမပေးခဲ့ရသူတွေ၊  မဲလက်မှတ် အပြည့်အစုံ မရတာကတော့ ပြည်ပရောက် ကြိုတင်မဲပေးခဲ့သူတွေ အများဆုံး ကြုံတွေ့ခဲ့ကြတဲ့ ဖြစ်ရပ်တွေပါ။ အောက်တိုဘာ ၁၅ ရက်က စတင်ခဲ့တဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ မဲပေးခဲ့ရာမှာတော့ စပြီးမဲပေးတဲ့ နေမှာပင် မဲလက်မှတ် သုံးမဲမရဘဲ နှစ်မဲသာရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ ပါတယ်။ အင်္ဂလန်၊ ဂျပန်ကဲ့သို့ နိုင်ငံတွေမှာလည်း စင်ကာပူကလို ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ကြတာကြောင့် မဲ အပြည့်အ၀ မပေးခဲ့ရသူတွေ ရှိခဲ့ပါတယ်။ စင်ကာပူက မဲစောင့်ကြည့် လေ့လာသူတွေရဲ့ အဆိုအရတော့ မဲစာရင်းမပါဝင်တဲ့ နေရာမှာ ရပ်ကွက်တစ်ခုလုံး မပါတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါအပြင် မဲပေးရာမှာ ကြိုတင်စီစဉ်မှုတွေ စနစ်မကျခဲ့တာကြောင့် စင်ကာပူနိုင်ငံမှာ မဲပေးသူတွေဟာ ညအိပ်စောင့်ပြီး မဲပေးခဲ့ကြရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ မဲလက်မှတ် အပြည့်မရတဲ့ ဖြစ်စဉ်တွေမှာတော့ တစ်မဲပဲ ပေးခဲ့ရသူတွေရှိသလို အချို့ကလည်း နှစ်မဲပဲ ပေးခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ကြိုတင်မဲပေးခွင့် ပေးဖို့ လျှောက်ထားခဲ့ပေမယ့် မဲစာရင်းမှာ မပါလာလို့ မပေးရသူတွေရဲ့ ဝေဖန်သံတွေဟာလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။
ဒီလို ပြည်ပနိုင်ငံတွေမှာ ကြိုတင်မဲ ပေးမှုတွေနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ်   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာ နိုင်ငံသားများ ကြိုတင်မဲပေးရာမှာ မဲကတ်ပြား အပြည့်မရရှိတာ၊ လုံးဝမဲမပေးခဲ့ရတွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံအသီးသီးကို မဲခွဲပေးရာမှာ အခက်အခဲရှိတာကြောင့် အားနည်းချက် ရှိခဲ့တာ ဖြစ်တယ်လို့ အောက်တိုဘာ၂၀ ရက်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မဲစာရင်းမှာ နာမည်ကျန်ခဲ့တာတွေကို အချိန်မီ ပြန်လည်ဆောင်ရွက်ပေးဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့  ပြန်လည်ဆွေးနွေးနေ ပြီး စင်ကာပူ၊ မလေးရှားလိုနိုင်ငံတွေက နီးတာကြောင့် ပြန်ညှိလို့ရပေမယ့် ဝေးလံတဲ့ နိုင်ငံတွေက မဲစာရင်းတွေ အတွက် မဲလက်မှတ် ပြန်လည်ရိုက်နှိပ်ရာမှာ အချိန်မီအောင် ဆောင်ရွက်ပေးဖို့ အခက်အခဲရှိနိုင်တယ်လို့ ဦးတင်အေးက မီဒီယာတွေကို ပြောခဲ့ပါသေးတယ်။ တကယ်တော့ ပြည်ပနိုင်ငံတွေမှာ ကြိုတင်မဲပေးရာတွင် အခက်အခဲတွေကြုံတွေ့ခဲ့ကြရ တာတွေဟာ လာမယ့်နိုဝင်ဘာ ၈ ရက်မှာ မဲပေးကြမယ့်သူများအတွက် တော့ ဆောင်ရန်ရှောင်ရန်အချက် များကို လေ့လာထားဖို့လိုအပ်တယ် ဆိုတာကို ပြဆိုနေပါတယ်။
ပြည်ပနိုင်ငံတွေမှာ ကြိုတင်မဲ ပေးခဲ့ရတဲ့ အခက်အခဲတွေလို မြန်မာနိုင်ငံမှာ ကြိုတင်မဲပေးကြမယ့် သူတွေနဲ့ နိုဝင်ဘာ ၈ ရက်မှာ မဲပေးကြသူတွေဟာ ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ မသိနိုင်ပါဘူး။ ဒီအတွက် လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသူတွေဟာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် တွေကို လေ့လာ သိရှိထားဖို့လိုအပ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ကိုယ့်အတွက် မဲဘယ်နှမဲ ပေးခွင့်ရမှာ လည်းဆိုတာ သိထားကြဖို့လိုသလို မဲပေးခွင့်ရှိတဲ့ မဲအရေအတွက် အပြည့်အ၀ ရဖို့ကိုလည်း တောင်းဆိုဖို့ လိုအပ်ပါတယ်။ မိမိက မဲသုံးမဲ ပေးခွင့်ရှိတဲ့အချိန်မှာ မဲသုံးမဲရအောင် တောင်းဆိုဖို့ အခွင့်ရှိကြောင်း သိဖို့ လိုပါတယ်။ ဒါ့အပြင် မိမိပေးလိုက်တဲ့မဲဟာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ ခိုင်လုံမဲ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ကြိုတင် လေ့လာထား ကြဖို့လိုပါတယ်။ ပယ်မဲ ဖြစ်စေနိုင်တဲ့ အချက်တွေကို ကြိုတင်လေ့လာ ထားမှသာ မိမိပေးတဲ့မဲဟာ ခိုင်လုံမဲဖြစ်မှာပါ။ အကြမ်းအားဖြင့် လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ တိုင်း အနည်းဆုံး မဲသုံးမဲ ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ အမျိုးသားလွှတ်တော် အတွက် တစ်မဲ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အတွက်ဆိုပြီး မဲသုံးမဲ ပေးကြရမှာပါ။ ဒါ့အပြင် ကိုယ့်မဲဆန္ဒနယ်မှာ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်ဆိုရင်တော့ သူ့သက်ဆိုင်ရာ တိုင်းရင်းသားတွေက နဂိုသုံးမဲအပြင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေအတွက် မဲထပ် ပေးကြရမှာပါ။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ မဲအရေအတွက် အပြည့်အ၀ မရခဲ့သူတွေလို မဖြစ်အောင် မဲပေးခွင့် ရှိသူတွေအတွက် ကိုယ်ပေးရမယ့် မဲအရေအတွက် ပြည့်အောင် စိစစ်ပြီး ပေးကြဖို့လိုပါတယ်။ ဒါမှသာ မဲဆန္ဒရှင်တွေရဲ့ မဲတွေဆုံးရှုံးမှု မရှိမှာဖြစ်ပါတယ်။
ဒီနေရာမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသူတွေက သတိပေးထားတဲ့ အချက်တချို့ကို မျှဝေချင်ပါတယ်။ အဲဒီအချက်တွေမှာ မဲလတ်မှတ်ကို သတိထား စိစစ်ဖို့လည်း ပါပါတယ်။ မဲရုံကိုမဲပေးဖို့ သွားတဲ့အခါ ကိုယ်ပေးမယ့် မဲလက်မှတ်တွေကို ထုတ်ယူရမှာ ဖြစ်ပါတယ်။ မဲလတ်မှတ်ထုတ်ရာမှာ ပထမဆုံး သတိထား ရမှာကတော့ လက်မှတ်မှာ မဲရုံမှူး လက်မှတ် ပါ၊ မပါနဲ့ ကော်မရှင် အဖွဲ့ခွဲတွေရဲ့တံဆိပ် ပါ၊ မပါကို စစ်ဆေး ဖို့ပါ။ နောက်ပြီး မဲစာရွက်မှာ ပြဲနေတာ၊ စုတ်နေတာ၊ ပေါက်နေတာ၊ မင်စွန်းနေတာတို့ ပါ၊ မပါ ကြည့်ဖို့လို  ပါတယ်။ မဲလက်မှတ်မှာ အဲဒီလိုဖြစ်နေရင် မဲရုံတာဝန်ရှိသူတွေကို ပြောပြီး မဲလတ်မှတ် ပြန်လဲဖို့ လိုပါတယ်။ ပြန်မလဲဘဲ ဒီအတိုင်းပေးလိုက်ရင် ပယ်မဲ ဖြစ်သွားမှာပါ။ နောက်တစ်ခုက မဲလတ်မှတ် မထုတ်ခင်မှာ မဲစာရင်း စစ်ဆေးသူထံ မိမိဟာ မဲပေးခွင့်ရှိသူ ဟုတ်မဟုတ် အရင်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ စစ်ဆေးပြီးလို့ မဲပေးခွင့်ရှိသူ ဟုတ်တယ်ဆိုရင် လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ လက်မှတ်ထိုးဖို့ အဆင်မပြေသူဆိုရင် လက်ဗွေ နှိပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ လက်ဗွေနှိပ်သူတွေအနေနဲ့ သတိထားရမယ့် အချက်ရှိပါတယ်။ လက်ဗွေနှိပ်တဲ့သူတွေဟာ  လက်ဗွေနှိပ်ပြီးပြီဆိုတာနဲ့ ကိုယ့်ရဲ့လက်မှာပေနေတဲ့ မင်ကို မဲရုံမှာရှိနေမယ့် မင်သုတ်ဝတ်နဲ့ သေချာသုတ်ဖို့ လိုပါတယ်။ လက်ဗွေနှိပ်ပြီးသွားလို့ မင်ကိုသေချာ မသုတ်မိဘဲ မင်ပေနေတဲ့လက်ကြီးနဲ့ မဲလတ်မှတ်ကို သွားကိုင်မိရင်  မဲလတ်မှတ်မှာ အဲဒီမင်တွေ စွန်းထင်းသွားနိုင်ပါတယ်။ မင်စွန်းတာ ကိုသတိမပြုမိဘဲ အဲဒီမဲလက်မှတ်ကိုသုံးပြီး မဲပေးမိလိုက်ရင် ပယ်မဲဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ  ပညာပေးသူတွေ သတိပေးထားတဲ့ အချက်တွေမှာ တံဆိပ်တုံးမဲပေး ထုတဲ့နေရာမှာ ကိုယ်ဆန္ဒပြုချင်တဲ့ ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘေးမှာရှိတဲ့အကွက်မှာ မဲတံ ဆိပ်တုံးကို ထင်ထင်ရှားရှား ဖြစ်အောင် တစ်ချက်ပဲ ထုနှိပ်ဖို့ ပါရှိပါတယ်။ မထင်ရှားလို့ဆိုပြီး နောက် ထပ်တစ်ချက် သွားနှိပ်ရင် ပယ်မဲ ဖြစ်သွားနိုင်ပါတယ်။ လုံးဝတံဆိပ်တုံးကို မနှိပ်ခဲ့ရင်လည်း ပယ်မဲဖြစ်မှာပါ။ တကယ်လို့ ကိုယ်က တံဆိပ်တုံး နှိပ်လိုက်တဲ့နေရာမှာ တစ်ခုခုကြောင့် တကယ်ကို မထင်မရှား ဖြစ်နေတယ်လို့ ကိုယ့်စိတ်ထဲမှာ သံသယဖြစ်နေရင် မဲလက်မှတ်ကို ပြန်လဲဖို့လိုပါတယ်။ ပြန်လဲခွင့်ရှိတယ်လို့လည်း ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသူတွေက ဆိုကြပါတယ်။ ပညာပေးသူတွေ သတိပေးတဲ့ နောက်တစ်ချက်က မဲဆန္ဒရှင်ဟာ မဲလက်မှတ်များကို စုတ်ဖြဲခြင်း မပြုရပါဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မဲလက်မှတ်ကို  မဲပုံး ထဲကို မထည့်ဘဲ မဲရုံပြင်ပကို ယူသွားတာမျိုးတွေ လုပ်လို့မရပါဘူး။ မဲပုံး အတွင်းထဲကိုလည်း မင်တို့ ရေတို့ မဲလက်မှတ် မဟုတ်တဲ့ အရာတွေ မထည့်ရပါဘူး။ မဲပုံးထဲကို မဲပဲသီးသန့် ထည့်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့အရာတွေ ဘာမှထည့်လို့ မရပါဘူး။တကယ်လို့ တစ်ခုခု လွဲချော်ခဲ့ရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မဲပေးချင်တဲ့ပါတီတို့ လူပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်တဲ့ အမှတ်အသားတို့ တံဆိပ်တို့ သူတို့ရဲ့အင်္ကျီတို့ ပါတီအင်္ကျီတို့ တီရှပ်တို့ လွယ်အိတ်၊ ရင်ထိုး၊ ဦးထုပ၊် ပါတီနဲ့သက်ဆိုင်တဲ့ အမှတ်အသား ပါတာတွေကို အကုန်လုံးကို ယူဆောင်ဝတ်ဆင်ခြင်း လုပ်လို့မရပါဘူး။ ဟန်းဖုန်းမှာ ကပ်ထားတဲ့ ပါတီတံဆိပ်တွေကအစ ခွာပြီးမှ မဲသွားပေးဖို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသူတွေက သတိပေးထား ကြပါတယ်။
တကယ်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အရေးကြီးတဲ့ အပြောင်း အလဲဖြစ်ပေါ်ဖို့ သော့ချက်နေရာမှာ ရှိနေပါတယ်။ ဒီအတွက် ကိုယ့်ပေးချင်တဲ့သူကို ခိုင်လုံမဲအဖြစ် ပေးနိုင် ဖို့မဲပေးတဲ့နေရာမှာ လိုအပ်တဲ့ လေ့လာမှုတွေ ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ထားကြဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Most Read

Most Recent