အရွေ့တစ်ခုအတွက် တွန်းသူများ

အရွေ့တစ်ခုအတွက် တွန်းသူများ
Published 26 October 2015
တင်ယုနွယ်

“လှည်းဘီးရွှံ့ထဲကျွံနေသည်”
“ကူ၍တွန်းပေးကြပါ”
“လေးလွန်း၍ မတွန်းနိုင်ဘူးလား”
“ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”
ဒီစာသားလေးတွေက ငယ်ငယ်က သူငယ်တန်း ဖတ်စာမှာ သင်ခဲ့ရတဲ့ စာသားလေးတွေပါ။ ကလေးငယ် ဘဝတုန်းကတော့ ဒီအတိုင်း စာသားကို အော်ဆိုခဲ့ပြီး အဓိပ္ပာယ်ကိုတော့ သေချာ နားမလည်ခဲ့ပါ။ လက်ရှိ အချိန်မှာတော့ စာသားရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ်ကို သဘောပေါက်နေမိသလို သဘောလည်း ကျနေမိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့အားလုံး အရွေ့တစ်ခုအတွက် ပြိုင်တူ တွန်းလိုက်ကြရမယ့် အချိန်ရောက်လို့ နေပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပြည်ပကို အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ ကိုယ်တို့ နိုင်ငံသားတွေဟာ သူတို့ အခွင့်အရေးအတွက် သက်ဆိုင်ရာ သံရုံးအသီးသီးမှာ ကြိုတင်မဲပေးတဲ့ မြင်ကွင်းဟာ အားရစရာ ကောင်းသလို ကြက်သီးမွေးညင်းလည်း ထမိပါတယ်။ သူတို့ရဲ့ အားစိုက်ထုတ်မှုနဲ့ သူတို့ရဲ့ ဆန္ဒတွေကို ပုံရိပ်တွေ၊ သူတို့နဲ့ စကားပြောရတဲ့ အသံတွေက တစ်ဆင့် အရွေ့တစ်ခုအတွက် သူတို့ ဘယ်လောက်အထိ လိုလားနေလဲ ဆိုတာ သက်သေပါ။ နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားတွေဟာ ကြိုတင်မဲပေးဖို့ အတွက် ညအိပ်စောင့်ရတာတွေ၊ မဲပေးဖို့ နာရီနဲ့ ချီကြာအောင် တန်းစီ စောင့်ဆိုင်းတာတွေအတွက် ညည်းညူသံ မထွက်ခဲ့ကြဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုကို ကိုယ့်တို့နိုင်ငံက လူကြီးမင်းတွေက အသိအမှတ်ပြု၊ မပြုတော့ မသိပေမယ့် နိုင်ငံအချို့က မီဒီယာတွေကတော့ အသိအမှတ်ပြုပြီး သတင်းတွေ အပြိုင်ဖော်ပြတာကို တွေ့ရပါတယ်။ အရွေ့တစ်ခုအတွက် တစ်ဦးနဲ့ တစ်ဦး မသိကျွမ်းခဲ့၊ မရင်းနှီးခဲ့တဲ့ သူတွေဟာ ပြိုင်တူအားတစ်ခုနဲ့ ဆောင်ရွက်နေတာတွေကို နိုင်ငံတကာ မီဒီယာတွေနဲ့ လူမူကွန်ရက် စာမျက်နှာတွေ ထက်ကနေ တွေ့ရမှာပါ။ သူတို့ကို ကိုယ်တွေ မသိသလို၊ ကိုယ်တွေကိုလည်း သူတို့ မသိကြပေမယ့် လူမှုကွန်ရက် စာမျက်နှာထက်ကနေ ကြားခံပြီး အချင်းချင်း အားပေးနေမိကြပါတယ်။
ကိုယ်ဆိုရင် ကိုယ်နဲ့ တစ်ခါမှမသိ၊ မတွေ့ဖူး၊ မရင်းနှီးတဲ့ လန်ဒန်က အစ်မတစ်ယောက်ကို ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာ တင်ထားတဲ့ပို့စ်ကို ဖတ်မိပြီး စိတ်ဝင်စားလို့ မိတ်ဆက်ပြီး စကား ပြောကြရာကနေ ခင်ခဲ့ကြသလို သူတတ်နိုင်တာလေးကို လုပ်ပေးနေတဲ့ အတွက်လည်း အားရမိပါတယ်။ အဲဒီအစ်မဆို ကိုယ်တိုင်မဲပေးပြီးနောက် ပုံစံ ၁၅ တင်ထားပေမယ့် မဲစာရင်း နာမည်မပါလို့ မဲမပေးရသူတွေနဲ့ မဲပြား အပြည့်မပေးရတဲ့ သူတွေ ပြောဆိုနေတာတွေကို ကြားပြီး သူဘာလုပ်ပေးနိုင်မလဲ၊ သူဘာလုပ်ရမလဲ တွေးမိပြီး နောက်ဆုံးမှာ တစ်ကိုယ်တော် တစ်နိုင်တစ်ပိုင် စာရင်းတွေကောက် မှတ်တမ်းယူ ထားသူပါ။ ပထမ ကြိုတင်မဲ ပေးတဲ့နေ့မှာတော့ သံရုံးဝန်းကျင်မှာ လာပေးတဲ့သူတွေကို မေးမြန်းပြီး စာရင်းမှတ်ထားကာ ဒုတိယနေ့ မဲပေးတဲ့ရက်မှာတော့ မဲစပေးလို့ရတဲ့ မနက်ကနေ သံရုံးပိတ်တဲ့အထိ စောင့်ပြီး စာရင်းယူပါတယ်။ မခြုံငုံမိမှာ စိုးတာကြောင့်လည်း သူ့ရဲ့ဖေ့ဘွတ်ကနေ မဲမပေးရသူတွေနဲ့ မဲအပြည့်မပေးရသူတွေ စာရင်းကို စုပါသေးတယ်။ ရလာတဲ့ စာရင်းတွေကို ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အီးယူအဖွဲ့ကို အီးမေးလ်နဲ့ပို့ပြီး အကြောင်းကြားသလို မဲပြား အပြည့်မရတဲ့ မြို့နယ်တွေက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေကိုလည်း လန်ဒန်ကနေ ကိုယ်တိုင် တိုက်ရိုက် ဖုန်းဆက်ပြီး မေးမြန်း အကြောင်းကြားပါတယ်။ ဒါတင်မကသေးဘူး ကြိုတင်မဲပေးခွင့် ဆုံးရှုံးနေကြရသူတွေ သံရုံးကိုတင်မယ့် စာရွက်ပုံစံကိုလည်း ကိုယ်တိုင်လုပ်ပြီး ဒီလူတွေအတွက် ဘယ်လိုစီစဉ်ပေးဖို့ရှိလဲ ဆိုတာကိုလည်း ဖုန်းဆက် မေးပါသေးတယ်တဲ့။
နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံသားတွေဆိုတဲ့ အသိတစ်ခုနဲ့ ကိုယ်တိုင်လည်း မဲပေးခဲ့ကြသလို မဲပေးပြီး သူတွေကလည်း ကျန်သူတွေအတွက် မဲပေးနိုင်ဖို့ တန်းစီတိုကင်တွေကို ဝေပေးတာ၊ တစ်နေ့တာလုံးအတွက် ထမင်းကနေ အချိုတည်းဖို့ သကြားလုံးအလယ် နေမကောင်းသူတွေ အတွက် ဆေးဝါးအဆုံး အရာအားလုံးကို တတ်နိုင်တဲ့ဘက်ကနေ ဝန်ထမ်းခဲ့ကြပါတယ်။ စင်ကာပူရောက် ကိုယ့်နိုင်ငံသား အချို့နဲ့လည်း အွန်လိုင်းကနေ စကားပြောခဲ့တာကနေ သိလိုက်ရတာတွေကတော့ မဲပေးဖို့အတွက်၊ မဲပေးတဲ့သူတွေကို စေတနာ့ ဝန်ထမ်းလုပ် ကူညီပေးဖို့အတွက် အလုပ်ကနေ ခွင့်ယူရတာတွေ၊ အလုပ်ကနေ ခဏ ထွက်လိုက်ရတာတွေလည်း ရှိတယ်လို့ ကြားရပါတယ်။ ဒီလိုမျိုး ကိုယ်နိုင်ရာ ဝင်လုပ်ကိုင်ပြီး အရွေ့ခရီး တစ်ခုကို တူတူသွားကြဖို့ တစ်နိုင်တစ်ပိုင် လုပ်နေသူတွေ၊ စုပေါင်းပြီး လုပ်ဆောင်နေသူတွေ ဘယ်လောက် ရှိနေလဲဆိုတာ သေချာ မသိပေမယ့် နိုင်ငံပြင်ပမှာရော နိုင်ငံအတွင်းမှာပါ အများအပြား ရှိနေတာကို တွေ့ကြမှာပါ။ ဒီလိုမျိုးတွေ လုပ်ဖို့ သူတို့တွေကို ဘယ်အရာတွေက တွန်းအားပေးခဲ့ပါသလဲ။
နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားတွေပဲ တွန်းအားရှိတာလား ဆိုတော့ နိုင်ငံတွင်း ဒေသအသီးသီးက လူထုတွေကလည်း အားအပြည့်နဲ့ တွန်းရွှေ့မှုတွေကို တွေ့ရမှာပါ။ ကိုယ်ထမင်း ကိုယ်စားပြီး ဆိုက်ကားနင်းကာ အောင်နိုင်ရေးအတွက် လှည့်လည်တာတွေ၊ ကိုယ့်စရိတ် ကိုယ့်စိုက်ပြီး လှည့်လည်သူတွေ လိုအပ်သမျှကို ထောက်ပံ့ပေးတာတွေ၊ ကိုယ့်ခွန်ကိုယ့်အားနဲ့ နယ်လှည့် ဖျော်ဖြေမှု၊ လူထု စည်းရုံးတာတွေကို မြင်ရ၊ ကြားရ၊ သိရ၊ တွေ့ရမှာပါ။ ဘယ်သူရဲ့ စေခိုင်းချက်၊ ဘယ်ဝါရဲ့ တွန်းအား၊ ဘယ်ကမှန်း မသိတဲ့ ခြိမ်းခြောက်မှုတွေကြောင့် မဟုတ်ပဲ ကိုယ်ပိုင် အသိစိတ်နဲ့ အရွေ့တွေကို တွန်းတင်နေကြတာပါ။
ဒီလိုလုပ်နေသူတွေမှာ အာဏာ မရှိကြပါဘူး။ သူတို့တွေဟာ ခံစားခွင့်ကြီးကြီး မရထားကြပါဘူး။ သူတို့တွေမှာ အချိန်တွေပိုနေလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ သူတို့တွေဟာ ငွေကိုရေလို သုံးနိုင်တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့တွေမှာ ရှိတာက ငါတို့နိုင်တဲ့ ဘက်ကနေ နိုင်သလောက် လုပ်မယ်ဆိုတဲ့ အသိ၊ ကိုယ်ယုံကြည်မှု တစ်ခုအတွက် ရှိတာလေးတွေ ထုတ်ပြီး လုပ်မယ်ဆိုတဲ့ အတွေး၊ ဝိုင်းဝန်း တွန်းကြရမယ်ဆိုတဲ့ စိတ်ဓာတ်တွေသာရှိနေ ကြသူတွေပါ။ တစ်ဦးနဲ့တစ်ဦး မသိမတွေ့ကြပေမယ့် ဒီအရွေ့အတွက် နေရာ ဒေသမခွဲခြား၊ အချိန်ကာလ မခြားနား၊ ခံယူကြတဲ့ စိတ်ထားမတွေဝေဘဲ တစ်ဦးနဲ့ တစ်ဦး ကျောကပ်ထားကြပါတယ်။
ဒီအရွေ့ကို မလိုလားတဲ့ သူတွေကတော့ ဒီလိုတွန်းပြီး တတ်နိုင်သလောက် ရွေ့ဖို့လုပ်နေသူတွေကို “ဘာမှတတ်နိုင်မှာ မဟုတ်ဘူး” “ဘာတွေ ပြောင်းသွားမှာမို့လဲ” “နှမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်ဘူး” “အပိုအလုပ်တွေ လုပ်နေတယ်” “ကိုယ်အလုပ်လုပ်မှ ကိုယ်စားရမှာ” ပြောဆို ပြစ်တင်နေတာတွေကိုလည်း ကြားနေရပါတယ်။ တကယ်တော့ အောင်မြင်မှုတစ်ခု ဒါမှမဟုတ် ရပ်နေတဲ့ နေရာကနေ တစ်နေရာကို ရွေ့ဖို့အတွက် ပထမဆုံး ခြေလှမ်းကို စလှမ်းပြီး ရွေ့ဖို့လိုပါတယ်။ ဒီပထမ ခြေလှမ်းကို စမလှမ်းဘဲနဲ့တော့ ရွေ့လျားမှုဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ အရွေ့တစ်ခုရဲ့ ပထမခြေလှမ်းအတွက် တစ်ဦးချင်းစီက ရွေ့ဖို့ လိုသလို စုပေါင်း တွန်းအားနဲ့ ဝိုင်းရွှေ့ဖို့ ကိုယ်တို့တွေ ပြိုင်တူ တွန်းလိုက်ကြစို့ရဲ့။

Most Read

Most Recent