Facebook မှာ ထောင်ချောက်တွေ ရှိနေတယ်

Facebook မှာ ထောင်ချောက်တွေ ရှိနေတယ်
Published 25 October 2015
နေမျိုးထွန်း

Mark Zuckerberg ဆိုသူက ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တဲ့ Facebook ရဲ့သက်တမ်းဟာ အခုဆိုရင် ၁၁ နှစ်တာကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၈ သြဂုတ်မှာ သုံးစွဲသူ အရေအတွက် သန်း ၁၀၀ ပြည့်ခဲ့တဲ့ FACEBOOK ဟာ ၂၀၀၉ ခုနှစ် ဧပြီမှာ သန်း ၂၀၀ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ဖေဖော်ဝါရီမှာ သန်း ၄၀၀၊ ၂၀၁၁ စက်တင်ဘာမှာ သန်း ၈၀၀ ရှိလာပြီး ၂၀၁၄ နှစ်အကုန်မှာတော့ သုံးစွဲသူ အရေအတွက် သန်း ၁၄၀၀ နီးပါးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က လူဦးရေ တစ်ဘီလျံခွဲလောက်ဟာ Facebook ကို လစဉ် ပုံမှန် သုံးစွဲသူတွေ ဖြစ်ကြပါတယ်။ ၁ ဒသမ ၃ ဘီလျံလောက်က မိုဘိုင်းဖုန်းနဲ့ သုံးစွဲကြသူတွေ ဖြစ်ပါတယ်။ နေ့စဉ် Login ဝင်ရောက်မှုက တစ်ဘီလျံလောက် ရှိပါတယ်။ အသက် ၂၅ နှစ်နဲ့ ၃၄ နှစ်ကြားအရွယ် သုံးစွဲမှုက စုစုပေါင်းသုံးစွဲမှုရဲ့ ရာခိုင်နှုန်း ၃၀ ရှိပြီး အများဆုံး အသက်အရွယ် အပိုင်းအခြားပဲ ဖြစ်ပါတယ်။ ၈၃ သန်းလောက်က အကောင့်တုတွေ ဖြစ်ပါသတဲ့။ တစ်ရက်ကို ဓာတ်ပုံပေါင်း သန်း ၃၀၀ လောက် Facebook ပေါ်ကို တင်နေကြပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အကြား သုံးစွဲသူတွေရဲ့ ထက်ဝက်လောက်ဟာ သူတို့အိပ်ရာနိုးတာနဲ့ Facebook ကို တန်းသုံးကြတယ်လို့ ဆိုပါတယ်။
လစဉ်ပုံမှန် သုံးစွဲသူအရေအတွက်မှာ Whats App က သန်း ၅၀၀၊ Twitter က ၂၈၄ သန်း၊ Instagram က သန်း ၂၀၀ လောက်ရှိနေပြီး အဲဒီ သုံးခုပေါင်းထက် Facebook ရဲ့ လစဉ်သုံးစွဲသူ အရေအတွက်က ပိုများပါတယ်။
Facebook အနေနဲ့ အစောပိုင်း ကာလတွေက ပြင်ပကမ္ဘာမှာ သက်ရှိထင်ရှား ရှိနေသူတွေကို အွန်လိုင်းပေါ်မှာ ဆက်သွယ် တွေ့ဆုံနိုင်ဖို့ လူမှုကွန်ရက်တစ်ခု တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် သုံးစွဲသူ အရမ်းများလာပြီး အရမ်းကျယ်ပြန့်လာတဲ့ အချိန်မှာ သက်ရောက်မှုတွေကလည်း အရမ်း ကြီးမားလာပါတယ်။
မြန်မာနိုင်ငံမှာ FACEBOOK ကို ၂၀၀၈၊ ၂၀၀၉ လောက်မှာ စတင်သုံးစွဲနေကြပြီ ဆိုပေမယ့် သုံးစွဲသူတွေ တစ်ရှိန်ထိုး တိုးတက်များလာတာက ၂၀၁၂၊ ၂၀၁၃ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်တွေ တဖြည်း ဖြည်းဈေးကျလာပြီး ကျပ် ၁၅၀၀ ဖြစ်လာတဲ့အချိန်မှာ၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ဆင်းမ်ကတ်တွေကို သုံးစွဲလာနိုင်ချိန်မှာ Facebook သုံးစွဲမှုဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ပြောရရင် စမတ်ဖုန်းသုံးသူတိုင်းဟာ အင်တာနက် သုံးသူတွေဖြစ်ပြီး အင်တာနက် သုံးသူတိုင်းဟာ Facebok သုံးစွဲသူတွေ ဖြစ်လာပါတယ်။ အစောပိုင်း နှစ်တွေမှာတော့ Facebook ကို အပျော် စမ်းသုံးကြရာ ကနေ နောက်ပိုင်းမှာ သတင်းအချက်အလက်တွေ ရယူဖို့၊ အရောင်းအဝယ်တွေ လုပ်ဖို့၊ ကိုယ့်ကုမ္ပဏီ ကိုယ့်လုပ်ငန်း ကိုယ့်အမှတ်တံဆိပ်ကို ကြော်ငြာဖို့ ဈေးကွက် ထိုးဖောက်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာကြပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ အရေအတွက်က ခြောက်သန်းကျော် ခုနစ်သန်းနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ အကောင့်အသစ်တွေ အကောင့်ပွားတွေကလည်း နေ့စဉ်နဲ့အမျှ တိုးပွားနေပါတယ်။
Facebook အနေနဲ့လည်း Google လိုပဲ ကြော်ငြာဝင်ငွေတွေ အများအပြား ရရှိပြီး အမြတ်အစွန်း ကောင်းလာခဲ့လို့ စီးပွားရေး အရမ်းဆန်လာပါတယ်။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေ၊ အဖွဲ့အစည်း တွေအနေနဲ့လည်း Facebook ပေါ်မှာ လူသိများပြီး ပျံ့နှံ့မှု အားကောင်းစေဖို့ ကြော်ငြာခတွေ အများကြီးသုံး လာကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ ကာလမှာတော့ နိုင်ငံရေးအတွက်ပါ Facebookကို အသုံးချ လာကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြုလာကြတဲ့အခါ သတင်းအချက်အလက်တွေ၊ မဲဆွယ် စည်းရုံးမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ သိရှိနိုင်သလို တစ်ဖက်မှာလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ တစ်ဖက်သတ် အပုပ်ချတာတွေ ရှိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံနိုင်ငံရေး သမားတွေကို တမင်အပုပ်ချတာတွေက အွန်လိုင်းပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာတွေ ရှိပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံ တင်မှုနဲ့ Zaw Myo Nyunt ဆိုတဲ့ အကောင့်ပိုင်ရှင်ကို အောက်တိုဘာ ၆ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီလိုမျိုးပဲ အောက်တိုဘာ ၁၂ ရက် ညပိုင်းမှာတော့ မအူပင်မြို့က မချောစန္ဒီထွန်း(ခ)ချစ်သမီးကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့အမှုဖွင့် အရေးယူ ဆောင်ရွက်တဲ့ ဖြစ်စဉ် စတင် ပေါ်ပေါက်လာပါတယ်။ မချောစန္ဒီထွန်း (ခ) ချစ်သမီးအနေနဲ့ အောက်တိုဘာ ၈ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအရောင်နဲ့ အရောင်ပြောင်းလဲခဲ့တဲ့ တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းထားတဲ့ ပို့စ်တစ်ခုကို Facebook ပေါ်မှာတင်မိလို့ အရေးယူ ခံရတာ ဖြစ်ပါတယ်။
‘သမ္မတကြီး’ ဆိုတဲ့စကားလုံး ပါဝင်တဲ့ ကဗျာကို ရေးသားဖော်ပြခဲ့တဲ့ ကဗျာဆရာ မောင်ဆောင်းခမှာလည်း သက်ဆိုင်ရာက လိုက်လံ ရှာဖွေနေတာကြောင့် ရှောင်တိမ်းနေရတယ်လို့ အောက်တိုဘာ ၁၃ ရက်မှာ ပြောကြားပါတယ်။
တပ်မတော် အဆင့်မြင့် အရာရှိတစ်ဦးရဲ့ဓာတ်ပုံကို ခြေထောက်နဲ့နင်း၊ ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်မှာ ဖြန့်ဝေတယ်ဆိုပြီး ကချင်တိုင်းရင်းသား ဦးခွန်ဂျာလီကိုတော့ အောက်တိုဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာတော့ အစိုးရအရာရှိတွေကို ဆဲဆိုတယ်ဆိုပြီး ဒေါပုံမြို့နယ်က ကိုလူဇော်စိုးဝင်းကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေမှာ ပုဒ်မ ၃၄ ဆိုတာ “မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ် ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ် မဆောင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှအများ ဆုံးသုံးနှစ်အထိ ချမှတ်ရမည်-
(က) အီလက်ထရွန်နစ် မှတ်တမ်း၊ အီလက်ထရွန်နစ် အချက်အလက် သတင်းလွှာ သို့မဟုတ် ကွန်ပျူတာ ပရိုဂရမ် တစ်ခုလုံးကို ဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကို ဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောင့်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း၊
(ခ) မူလ ဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကွန်ပျူတာ ကွန်ရက်အတွင်း ဆက်သွယ်မှုတစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင်ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊
(ဂ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ ထိုသူ၏လုံခြုံမှု အဆင့်ထားရှိသော အမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရွန်နစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦး ဦးသို့  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ် အသုံးပြုခြင်း၊
(ဃ)  အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျ ဆင်းစေရန်ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ်  ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့်        သတင်းအချက်အလက်ကို ဖြန့်ချိခြင်း” ဆိုပြီး ဖော်ပြထားပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆ မှာ ဖော်ပြထားတာကတော့ “ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်-
(က) ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်း၏ ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက် နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလ အနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊
(ခ) ဆက်သွယ်ရေး ကွန်ရက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်း လမ်းတစ်ခုခုဖြင့် ဝင်ရောက်စေခြင်း၊
(ဂ) ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကိုအသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ သို့ မဟုတ် အကျိုးပျက်စီးစေခြင်း၊
(ဃ) ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသေရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း” ဆိုပြီး ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်နေတာ ဖြစ်ပြီး ဆိုက်ဘာ ဥပဒေကတော့ သတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ ဒီလိုမျိုးအရေးယူ ဆောင်ရွက်တဲ့အခါ ရဲတပ်ဖွဲ့အနေနဲ့လည်း ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်ကိုရယူ ဆောင်ရွက်ရတယ်လို့ သိရပါတယ်။
ဒီလိုမျိုး အစိုးရနဲ့ တပ်မတော်ကို လှောင်ပြောင် သရော် ထိခိုက်စေတဲ့ ပို့စ်တွေကို အရေးယူနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို လှောင်ပြောင် သရော်အပုပ်ချထားတဲ့ ပို့စ်တွေကို အရေးယူမှု အားနည်းတာတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ဓာတ်ပုံကို ညစ်ညမ်းပုံလိုမျိုး ပြုပြင်ပြီး Facebook ပေါ်တင်ခဲ့တဲ့ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို ပုဒ်မ ၆၆(ဃ) နဲ့ပဲ ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။ ဓာတ်ပုံ နဲ့အတူ ညစ်ညမ်းစာသားတွေကိုပါ တွဲဖက်ပြီး ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
အပုပ်ချ တိုက်ခိုက်တဲ့ပို့စ်တွေကို မှန်မှန်တင်နေတဲ့ Myanmar Express (အခု National Defence League)နဲ့ ပြည်သူ့အာဏာ အစရှိတဲ့ Page တွေကိုတော့ အရေးယူတာမျိုးမရှိဘဲ ခုချိန်ထိ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
တစ်ဦးချင်း အသုံးပြုမှုမှာ Profile အမှန်၊ ဓာတ်ပုံအမှန်နဲ့ အသုံးပြုသူတွေက ခြေရာခံဖို့ လွယ်ကူနေပေမယ့် အကောင့်တုတွေ၊ အကောင့်ပုန်းတွေကတော့ အွန်လိုင်းပေါ်မှာ ထင်တိုင်းကြဲပြီး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ခုလိုအခြေအနေမျိုးမှာတော့ Facebook အသုံးပြုသူတွေ အနေနဲ့လည်း Like & Share လုပ်တာတွေ၊ Tag အတွဲခံရတာတွေကို သတိပြု ဆင်ခြင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook အသုံးပြုသူတိုင်းဟာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူတွေ မဟုတ်ဘဲ မြေစမ်းခရမ်းပျိုး အသုံးပြုနေသူတွေလည်း အများ အပြား ရှိနေတာ ဖြစ်ပါတယ်။
“အိုင်စီတီ နည်းပညာတွေနဲ့ ပတ်သက်ရင် လူကြီးတွေက Beginner ဖြစ်သွားတတ်ပါတယ်။Facebook ဆိုရင် လူငယ်တွေက ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများပါတယ်။ အဲဒါကြောင့် လူလတ်ပိုင်း၊ လူကြီးတွေအတွက် အသိပညာပေးဖို့လိုပါတယ်။ သူတို့အတွက် ဒါက အသစ်ဖြစ်နေပါတယ်။ အဲဒါအပြင် စီးပွားရေးလုပ်ငန်းတွေ၊ ဝန်ကြီးဌာနတွေမှာလည်း ဝန်ထမ်းတွေက တွေ့ရကြုံရတာတွေကို Share လုပ်တဲ့အခါ ဘာပြဿနာတက်လဲဆိုတော့ ကိုယ့်ရဲ့ခံစားချက်ကို Facebook ပေါ်တင်လိုက်တဲ့ ကိစ္စက တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ လုံခြုံရေး ပေါက်ကြားမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် တိုက်တွန်း ချင်တာကတော့ ကုမ္ပဏီတွေ၊ အစိုးရ ဝန်ကြီးဌာနတွေအနေနဲ့ Code of Conduct ရှိဖို့ လိုလာပါတယ်။ ကုမ္ပဏီ ဝန်ထမ်းတွေ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ပြောတာတွေက ကုမ္ပဏီအပေါ် ပြန်သိက္ခာ ချနေသလိုမျိုး ဖြစ်နေတာ တွေ့ရပါ တယ်။  အခုဆိုရင် Election Campaign တွေလာပါတယ်။ လာတဲ့အခါကျတော့ Social Media ကိုအသုံးချလာတာ အများကြီး တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ သူ့ရဲ့ပြောဆိုမှုက သူ့ကိုယ်သူ ဒါမှမဟုတ် သူ့ရဲ့ပါတီကို ပြန်ပြီး ရှုတ်ချသလို ဖြစ်နေတာတွေကိုလည်း တွေ့ရ တယ်။ အဖွဲ့အစည်းတွေ ကိုယ်တိုင်က အစိုးရပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ်၊ NGO ပဲဖြစ်ဖြစ် ဘာလိုလာလဲဆိုတော့ ဝန်ထမ်းတွေ အဖွဲ့ဝင်တွေက Ethics နဲ့ Culture ပြောရရင် Cyber Culture ကို သိဖို့ လိုလာပါတယ်။ Guideline တွေလည်းထားဖို့ လိုလာပါလိမ့်မယ်” လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်က မြန်မာအင်ဖိုတက်ခ် စာနယ်ဇင်း ရှင်းလင်းပွဲတစ်ခုမှာ Facebook သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
“ဓာတ်ပုံတစ်ပုံကို မသင်္ကာဘူးဆိုရင် Google Search မှာပြန်ရှာပြီး မူရင်းပုံရဲ့ ရင်းမြစ်ကို လိုက်လို့ ရပါတယ်။ ဒီလိုပဲ ဓာတ်ပုံတွေကို စစ်ဆေး အတည်ပြုပေးတဲ့ ဝက်ဘ်ဆိုက်တွေလည်း ရှိပါတယ်။ ပြုပြင်ထားတဲ့ပုံနဲ့ မူရင်းပုံကို နှိုင်းယှဉ်ကြည့်တာမျိုး လုပ်လို့ရတယ်။ ဒီပုံက မြန်မာနိုင်ငံကပုံလား၊ ထိုင်းကပုံလား၊ အင်ဒိုနီး ရှားက ပုံလားဆိုတာမျိုး သိနိုင်တယ်။ နောက်ပြီး မဟုတ်မမှန်တဲ့ အကြောင်းအရာတစ်ခုကို သွားမပတ်သက်တာ အကောင်းဆုံးပဲ။ မဟုတ်ဘူးဆိုပြီး မှတ်ချက်သွားပေးခါမှ ပိုပျံ့နှံ့ လွယ်ပါတယ်။ Facebook က Technical Product တစ်ခုမဟုတ်ပါဘူး။ သူကလူတွေရဲ့ စိတ်ခံစားမှုကို အခြေခံထားတာပါ။ Facebook အသုံးပြုသူ တွေအနေနဲ့လည်း လူမှုကွန်ရက်မှာ ဘယ်လိုရှာဖွေရမလဲ ဆိုတာအပြင် ကိုယ်ရှာတွေ့တဲ့ အရာက အစစ်အမှန် ဟုတ်မဟုတ်ဆိုတာကို သုံးသပ်ခွဲခြားနိုင်ဖို့ ဒီမျိုးဆက်မှာ လိုအပ်လာပါပြီ” လို့ အိုင်တီပညာရှင်တစ်ဦးက ပြောကြားတယ်။
အခုဆိုရင်  Facebook ဆိုတာက အသက်အရွယ်စုံ၊ နယ်ပယ်စံ ုအသုံးပြုလာကြတာ ဖြစ်ပြီး သာမန်အသုံးပြုသူကနေ ရည်ရွယ်ချက် တစ်ခုခုနဲ့အသုံးပြုသူတွေ၊ စစ်ဆင်ရေးသဖွယ် အသုံးပြုသူတွေလည်း ရှိနေပါတယ်။ အဲဒါကြောင့် လှည့်ဖြားမှုတွေ၊ ထောင်ချောက်တွေ၊ အသုံးချမှုတွေလည်း ရှိနေမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ အင်တာနက်ဆိုတာ Facebook တစ်ခုတည်းရှိနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကို တစ်ကမ္ဘာလို့ ထင်တဲ့သူတွေ ထင်ကုန်ပါပြီ။
တခြားလူမှုကွန်ရက်တွေ ရှိပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ Facebook တစ်ခုတည်းကိုသာ အလွန်အကျွံ သုံးစွဲကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အားလုံးရဲ့ပစ်မှတ်က Facebook ဖြစ်လာပါတယ်။ သူ့ရဲ့ပျံ့နှံ့မှုအားက အရမ်းကောင်းလာလို့ သက်ရောက်မှုကလည်း ကြီးမားလာပါတယ်။ အခုဆိုရင် နိုင်ငံရေးနဲ့ ရွေးကောက်ပွဲအပေါ်မှာလည်း အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိလာတာကြောင့် ထောင်ချောက်တွေကိုတော့ သတိပြုရမှာပဲ ဖြစ်ပါတယ်။

Most Read

Most Recent