ပြည်သူကို မျက်နှာမူကြပါ - ၃

ပြည်သူကို မျက်နှာမူကြပါ - ၃
Published 21 October 2015
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

(၁)
ဒီတစ်ခါ ကျွန်တော် ရေးသား ပြလိုတာကတော့ ကျွန်တော့်အနေနဲ့ ဘာကြောင့် “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင်” အဖြစ်မှ နုတ်ထွက်လိုက်ရတဲ့ အကြောင်းကို အများပြည်သူ အကျိုးအတွက် တင်ပြလိုပါတယ် ခင်ဗျ။
ကျွန်တော်တို့ နိုင်ငံမှာ “ဘယ်လို စာနယ်ဇင်း ကောင်စီမျိုး လိုအပ်နေပါသလဲ” ဆိုတဲ့ အကြောင်းကိုတော့ အလျင်းသင့်လို့ (၆-၁၀- ၂၀၁၅) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် (News Watch)၊ အတွဲ (၁၀) အမှတ် (၂၂) မှာ တင်ပြခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးမှာ ပါရှိခဲ့တဲ့ စာပိုဒ်တချို့ကို အခုကျွန်တော် နုတ်ထွက်ရခြင်း အကြောင်းနဲ့ ဆက်စပ်နေလို့ အများပြည်သူ အကျိုးအတွက် ပြည်သူကို မျက်နှာမူပြီး ကောက်နုတ် တင်ပြပေးလိုက်ပါတယ် ခင်ဗျ။
(၂)
ကျွန်တော့်အနေနဲ့ သတင်းမီဒီယာ လောကသား မဟုတ်ဘဲ ဥပဒေပညာရှင် တစ်ဦးသာ ဖြစ်တဲ့အတွက် အဲဒီအပိုင်းကိုတော့ အသေးစိတ် ပြန်လည် မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ တကယ်ရော သူတို့ တင်ပြသလို ဖြစ်ထိုက်ရဲ့လားဆိုတာ မဆုံးဖြတ်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သတင်း မီဒီယာသမား ၁၄ ဦး၊ ကိုယ်စားလှယ် ရွေးချယ်ပုံ၊ ဦးရေ သတ်မှတ်ပုံတွေမှာ အများဆန္ဒနဲ့ ကိုက်ညီပါ့မလား ဆိုတာပါပဲ။
ကျွန်တော်က “သတင်းမီဒီယာ နည်းဥပဒေ(၁၁-က) မှာပါတဲ့ သတင်းမီဒီယာ ကောင်စီတွင် နိုင်ငံတော် သမ္မတက အဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ် တစ်ဦးနှင့်  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ်တစ်ဦး ပါရှိနေတာကတော့ ဘယ်လိုလုပ်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ ကောင်စီ ဖြစ်တော့မှာလဲ။ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ညှိနှိုင်းပြီး ဒီနည်းဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်တယ်လို့ နည်းဥပဒေရဲ့ နိဒါန်းစာပိုဒ်မှာ ဖတ်ရတဲ့ အတွက် ဘယ်လိုဖြစ်ရတာလဲ” ဟု သိချင်ပါတယ်ဟူ၍ မေးမြန်းခဲ့ရာ စာနယ်ဇင်း ကောင်စီ (ယာယီ)မှာ ပါဝင်တဲ့ လူကြီးတွေထဲကပဲ ပြန်ရှင်းပြတာကတော့ “ခုအခါမှာ စစ်အာဏာရှင် ခေတ်က အမြင်များ ရှိနေသေးပြီး ညှိနှိုင်း လုပ်ဆောင်နေရတဲ့ အတွက် မလွတ်လပ်သေးတဲ့ အတွက် ခုလိုပါနေရပါတယ်။ နားလည်ပေး စေချင်ပါတယ်။ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်လာအောင်ပင် မနည်း ညှိနှိုင်းထားရတာပါ စသည်ဖြင့် ပြန်ကြား ဆွေးနွေးခဲ့ပါတယ်။  ဆက်လက်ပြီး ကျွန်တော်က “သတင်းမီဒီယာ နည်းဥပဒေ ပုဒ်မ ၁၄ မှာပါရှိတဲ့ တင်မြှောက်ခြင်းခံရသည့် ကောင်စီဝင်များသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံတော် သမ္မတရှေ့မှောက်တွင် ကတိသစ္စာ ပြုရမည်” ဆိုတဲ့ ကိစ္စအပေါ် အဲဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီး လွတ်လပ်တဲ့ သတင်း မီဒီယာကောင်စီ ဖြစ်တော့မှာလဲ” ဟူ၍ ဆွေးနွေးပြီး “ဘယ်လို စာသားမျိုးတွေနဲ့ ကတိသစ္စာ ပြုရမှာလဲ။ ဥပဒေ၊ နည်းဥပဒေများမှာ ရေးသား ပြဋ္ဌာန်းထားခြင်း မရှိတဲ့အတွက် ဘယ်လိုလုပ်ကြမှာလဲ” ဟု မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီခေါင်းစဉ်မှာတော့ အငြင်းပွားဖွယ် ဆွေးနွေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။တိကျတဲ့ အဖြေလည်း မထွက်ခဲ့ပါဘူး။ ကိုယ်သန်ရာကို ကိုယ်ပြောနေတဲ့ အဆင့်မှာ ပြီးဆုံးခဲ့ပါတယ်။
အခုတလော Pen Myanmar အဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်၊ Eleven Media မှ ကြေညာချက်များနှင့် အခြားသော ဂျာနယ်များမှာ ပါလာတဲ့ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်ရေးနှင့် ပတ်သက်သော အမြင် အသီးသီးကို ဖတ်ရှုရပြီးတဲ့ နောက်မှာတော့ ကျွန်တော့် စိတ်ထဲမှာ ခေါင်းကြည်လင်လာပြီး သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ်ရေးအတွက် ကျွန်တော်တို့ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်ရေးအဖွဲ့ကို အဆိုပြု တင်ပြလာတဲ့ မြန်မာ့စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့ အဆိုပြု ရွေးချယ်ပုံ ပုံစံများဟာဖြင့် ကျွန်တော်တို့ လိုလားနေတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ကြီး ဖြစ်လာမှာ မဟုတ်ဘူးလို့ သဘောရိုးနဲ့ ထင်မြင်မိပါတယ်။ တကယ်လွတ်လပ်တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ကြီး ဖြစ်ဖို့ဆိုရင်တော့ သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်း ရုပ်ပြဆရာ၊ သတင်း မီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်တဲ့ အဖွဲ့အစည်းများကို ကျယ်ကျယ်ပြန့်ပြန့် အချိန်ပေးစုဝေး အကြံပေးစေပြီး အများဆန္ဒမူဖြင့် ကောင်စီဝင်များကို ရွေးချယ်သင့်ကြပါတယ်။ ယခုကဲ့သို့ တက်သုတ်ရိုက်ပြီး မိမိတို့ ဖြစ်စေချင်သလို ဆောင်ရွက်ကြမယ် ဆိုရင်ဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီညွတ်သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ မဖြစ်ဘဲ စစ်အာဏာရှင်ဟောင်းများ လက်ထက်က ပေါ်ထွန်းခဲ့တဲ့ စာပေလုပ်သား အဖွဲ့ကြီး အဆင့်သာ ဖြစ်မယ်လို့ ထင်မြင်လာမိပါတယ်။
ဒီလိုအဖွဲ့မျိုးသာ ဆိုရင်တော့ ဘယ်လိုလုပ်ပြီး ပြည်သူကို ကိုယ်စားပြုတဲ့ စာနယ်ဇင်းသမားများကို ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်တော့မှာလဲလို့လည်း စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ကို မူလတာဝန်ပေးခဲ့တဲ့ တရားမျှတ မှန်ကန်မှုနှင့် စနစ်တကျ ဖြစ်စေရန် အချက်နှင့်လည်း ညီညွတ်ပါ့မလားဟု သံသယ ဖြစ်မိပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်ဟောင်း အချို့ဟာ “ယခု ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြန်လည် ဖွဲ့စည်းပေးသော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေး အဖွဲ့တွင် ပြန်လည် ပါဝင်လာပြီး လက်ရှိ မဖျက်သိမ်း၊ မနုတ်ထွက်ရသေးတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့နှင့် တက်ကြွစွာ ဦးဆောင်မှု အခန်းကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်ပြီး တက်သုက်ရိုက် ပါဝင်နေတာ မြင်တွေ့ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်က လူမစုံဘဲ ကနဦးအစမှာ ရွေးချယ် တင်မြှောက်ရေး အစည်းအဝေး ကျင်းပဆုံးဖြတ် လုပ်ကိုင်နေတာကို ကန့်ကွက်သော်လည်း ဆက်လက် လုပ်ဆောင်မြဲ လုပ်ဆောင်နေလို့လည်း ပိုမိုစိတ်မကောင်း ဖြစ်ရပါတယ်။ နိဂုံးချုပ် အကြံပေး တင်ပြလိုတာကတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ပြန်လည် ရွေးချယ်ရာမှာ ပါသင့်ပါထိုက်သော ပုဂ္ဂိုလ်များ ရွေးချယ်ခံနိုင်ရန် အတွက် အချိန်ပေးကာ ပြန်လည်၍ မူဝါဒ ချမှတ်ပြီး ပြန်လည် လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ ဒါမှသာ ပြည်သူကို အကျိုးပြုရာရောက်တဲ့ စာနယ်ဇင်သမား အများစုကြီးကို တကယ် ကိုယ်စားပြုသူများ ပါဝင်လာပြီး စာနယ်ဇင်းသမားများ လေးစားရတဲ့ စာနယ်ဇင်း ကောင်စီကြီး ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းပါဗျာ” ဟူ၍ ဖြစ်ပါတယ် ခင်ဗျာ။
(၃)
ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြည်သူကို မျက်နှာမူလို့ ဘယ်လိုပဲ ကြိုးပမ်းအားထုတ် တင်ပြခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီအစား ကျွန်တော့်ထံကို “ဖိတ်ကြားလွှာ” တစ်စောင်ပဲ လက်ခံ ရရှိခဲ့ပါတယ်။ အဲဒါကတော့ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေး အဖွဲ့က စီစဉ်သည့် သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ် တင်မြှောက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အောက်ပါ အစီအစဉ်အတိုင်း ကြွရောက် ချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်ရက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့ဆိုပြီး နေရာနှင့် အချိန်များ ဖော်ပြထားပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည်သူကို မျက်နှာမူတဲ့ လုပ်ရပ်အဖြစ် ၁၉-၁၀-၂၀၁၅ ရက်မှာ ကျွန်တော် “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင် အဖြစ်မှ တရားဝင် နုတ်ထွက် လိုက်ရပါတယ်။ ပြည်သူကို မျက်နှာမူရာ မရောက်ဘူးလို့ သဘောရိုးနဲ့ ယုံကြည် ယူဆစရာဖြစ်တဲ့ အလုပ်မှာ မပါဝင်လိုတော့တာပါပဲ။
(၄)
နုတ်ထွက်ရတဲ့ အကြောင်းရင်းအဖြစ် ကျွန်တော် တင်ပြခဲ့တာကတော့ သတင်းမီဒီယာ ဥပဒေဖြစ်သော ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၂)ကို ကျွန်တော်ဖတ်ရှုပြီး ဖြစ်သော်လည်း သတင်းမီဒီယာ နည်းဥပဒေကိုမူ (၁၇-၆-၂၀၁၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း နောက်ပိုင်းတွင် သိရှိရသော်လည်း ကျွန်တော် အမှန်တကယ် ဖတ်ရှုရသည်မှာ ကျွန်တော့်အား ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးပြီးမှ ဖတ်ရှုခဲ့ရပါကြောင်း။
ထိုနည်း ဥပဒေများတွင် ပါရှိသောနည်း ဥပဒေပြဋ္ဌာန်းချက် အချို့မှာ ကျွန်တော့်အနေဖြင့် သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင် ပါဝင် ဆောင်ရွက်ပေးရေးမှာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထို့ပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တင်ပြသော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေးမူနှင့် ပတ်သက်၍လည်း ကျွန်တော့်အနေဖြင့် သဘောမတူနိုင်စရာ အချက်များ ပါဝင်နေခဲ့ပါကြောင်း။
ကျွန်တော့် အနေဖြင့်မူ မြန်မာနိုင်ငံ စာနယ်ဇင်းသမားများအား ကိုယ်စားပြုမည့် သတင်းမီဒီယာ ကောင်စီဖြစ်ပေါ်လာရေးကို အထူး လိုလားသော်လည်း ယခု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)တို့၏ ဆောင်ရွက်နေမှုများမှာ အချိန်တိုလွန်းပြီး မြန်မာနိုင်ငံ စာနယ်ဇင်းသမားများ အားလုံး၏ သဘောဆန္ဒကို ကိုယ်စားမပြုနိုင်ဟု အလေးအနက် ယုံကြည်ပါကြောင်း။
ကျွန်တော့်အနေဖြင့် ထိုကဲ့သို့ မြန်မာနိုင်ငံ စာနယ်ဇင်းသမားများ၏ အများဆန္ဒကို ပိုမိုရယူနိုင်ရန် လိုအပ်မည်ဟု သဘောရိုးဖြင့် ယုံကြည်၍ ထိုသို့ အလျင်အမြန် မပြုလုပ်ပါရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါကြောင်း။
သို့ပါ၍ မြန်မာနိုင်ငံ စာနယ်ဇင်းသမား အများစု၏ သဘောဆန္ဒကို ထင်ဟပ်ခြင်း မပြုနိုင်ဟု သဘောရိုးဖြင့် ယုံကြည်သဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဖြစ်ပေါ်လာရေး အတွက် တာဝန်ယူ လုပ်ဆောင်ရမည့် “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်” အဖြစ်မှ ကျွန်တော့်အား နုတ်ထွက် ခွင့်ပြုပါရန် တင်ပြအပ်ပါသည်။
(၅)
နိဂိုးချုပ် တင်ပြလိုတာကတော့ မည်သည့်အလုပ်ကို လုပ်တာဖြစ်စေ၊  အများပြည်သူနှင့် ဆက်စပ်ပြီး အများပြည်သူနဲ့ စပ်ဆိုင်တဲ့ လုပ်ငန်းတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ပြည်သူကို မျက်နှာမူပြီး ပြည်သူ့ဆန္ဒနှင့် ကိုက်ညီစွာ လုပ်ဆောင်သင့်ကြတယ်လို့ ယုံကြည်မိပါတယ်။ ဒါမှသာ မြန်မာပြည်ဟာ အဆင့်အတန်း မြင့်မားသော တိုင်းပြည်၊ လူထု၊ အသင်းအဖွဲ့များ ဖြစ်လေပြီး နိုင်ငံတိုးတက်မည်ဟု ယုံကြည်ကြောင်းပါဗျာ။
 
 

Most Read

Most Recent