အနီရောင် အထည်နှင့် အလံများ၌ တံဆိပ်ရိုက် ဝယ်ယူမှု ပစ္စည်းပြတ်သည်အထိ ရောင်းချနေရ

အနီရောင် အထည်နှင့် အလံများ၌ တံဆိပ်ရိုက် ဝယ်ယူမှု ပစ္စည်းပြတ်သည်အထိ ရောင်းချနေရ
Published 18 October 2015
နှင်းဝေ၊ သင်းဖြိုး

ယခု ကာလတွင် တံဆိပ်ရိုက် လုပ်ငန်းများ၌ အဝတ်အထည်များ လာရောက်မှာယူသူ များပြားလျက် ရှိနေပြီး အနီရောင် အထည်များ၊ အလံများ ပစ္စည်းပြတ်သည်အထိ ရောင်းချနေရကြောင်း ရွှေဂုံတိုင် တံဆိပ်ရိုက် လုပ်ငန်းများမှ သိရသည်။ထိုသို့ အရောင်းအဝယ်သွက်သည့် ကာလမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည့် အချိန်မှစ၍ ရောင်းအား ကောင်းနေခြင်းဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ လှည်းကူးနှင့် ပဲခူးတို့မှ အများဆုံး မှာယူမှုရှိကြောင်း သိရသည်။“အထည်တွေက အနီရောင် အထည်တွေကို ဝယ်တာများတယ်။ အနီတွေက ပစ္စည်းကို ပြတ်သွားတာ။ အရင်က ဒီလောက်အထိ မဟုတ်ဘူး။ ရွေးကောက်ပွဲနီးတဲ့ ကာလမှ အော်ဒါမှာတာ ထောင်ချီတယ်။ အော်ဒါ မမှာဘဲနဲ့ ကျွန်တော်တို့က ကြိုတင် တံဆိပ်ရိုက်ပြီး ဆိုင်မှာ တင်ရောင်းထားတာလည်း ရှိတယ်။ အော်ဒါမှာတာကျတော့ အထည် ၅၀ ကနေ ရာချီပြီး မှာကြတယ်။ ဧရာဝတီတိုင်းဘက်ကတော့ အထည်ထောင်ချီပြီး မှာတယ်။ ကျွန်တော်တို့ဆိုင်မှာ လက်တန်းလာဝယ်တဲ့ သူတွေကျတော့ ၁၀ ထည် အထည် ၂၀ ဝယ်ကြတယ်” ဟု ပျံလွှား တံဆိပ်ရိုက်လုပ်ငန်းမှ ဆိုင်ရှင်က ဆိုသည်။တံဆိပ်ရိုက် ရောင်းချရသည့် ပစ္စည်းများတွင် အဝတ်အထည်များအပြင် အလံလည်း ပါဝင်ကာ အလံတစ်ထည်လျှင် ကျပ် ၁၇၀၀ မှ ကျပ် ၂၀၀၀၊ အဝတ်တစ်ထည်လျှင် ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ အထိရှိကာ တံဆိပ်ရိုက်ပါက ပစ္စည်းအရွယ်အစားပေါ် မူတည်၍ ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိရှိပြီး ပစ္စည်းပြတ်လတ်ပါက ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။“အနီရောင်ကို ရွေးချယ်ပြီး ဝယ်ယူဖြစ်တာက အနီရောင်ကို ကိုယ်စားပြုတဲ့ ပါတီကို ထောက်ခံတဲ့ သဘောပါ။ ကိုယ့်ရဲ့ ဆန္ဒသဘောထားကို လွတ်လပ်စွာ ဖော်ပြခွင့်ရအောင် ဝယ်ယူ ဝတ်ဆင်တာလည်း ပါပါတယ်။ ပြီးရင် အနီရောင် အဓိပ္ပာယ်ပါတဲ့ ပါတီဘက်က ထောက်ခံသူ အနေနဲ့ ဂုဏ်ယူတဲ့ အနေနဲ့ လုပ်တာလည်း ပါပါတယ်” ဟု ယင်းဆိုင်တွင် လာရောက်ဝယ်ယူသူ တစ်ဦးက ဆိုသည်။“ကျွန်တော်က အနီရောင် အဝတ်တို့၊ အလံတို့မှာ ပါတီခေါင်းဆောင်ပုံကို တံဆိပ်ရိုက်တဲ့ ပစ္စည်းကို ပိုပြီး ဝယ်ယူချင်ပါတယ်။ ဒါပေမဲ့ ဆိုင်တွေက ပါတီ သင်္ကေတကိုပဲ တံဆိပ်ရိုက်ပြီး ရောင်းတဲ့ဆိုင်တွေ များမယ်ထင်တယ်။ အဲဒီလို ပါတီခေါင်းဆောင်ပုံပါတဲ့ တံဆိပ်ရိုက် ရောင်းတဲ့ဆိုင်ကို လိုက်ရှာတာ မတွေ့ဘူး။ အခုကတော့ ကိုယ်စားပြုပါတီရဲ့ သင်္ကေတဖြစ်တဲ့ အနီရောင် အလံတို့၊ တံဆိပ်တို့မှာ တံဆိပ်ရိုက်ထားတာကိုပဲ ဝယ်ပါတယ်” ဟု ဝယ်ယူသူ တစ်ဦးက ဆိုသည်။

Most Read

Most Recent