မဆလ ခေတ်လွန် ရွေးကောက်ပွဲသုံးခု
■ရွေးကောက်ပွဲ ဥပဒေသစ်များ
ရွေးကောက်ပွဲ ဥပဒေ ငါးခုထဲမှာ ပထမဆုံး တစ်ခုကို ၂၀၁၀ ပြည့်နှစ် မတ်လမှာ ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းခြင်းနဲ့ ဆိုင်တဲ့ ဥပဒေပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ စစ်အစိုးရက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အားလုံးကို ခန့်ထားမယ်လို့ ပါရှိပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ်လို့ ပါရှိပါတယ်။ နောက်တော့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၁၇ ဦးရဲ့ နာမည်ကို ထုတ်ပြန်ပါတယ်။ ကော်မရှင်ကို စစ်ဘက်အရာရှိ ဟောင်းတစ်ဦးကပဲ ဦးဆောင်ပါတယ်။
ဒုတိယဥပဒေကတော့ လက်ရှိ ထောင်ဒဏ် ကျခံနေရတဲ့ ဘယ်သူမဆို နိုင်ငံရေးပါတီ တစ်ခုနဲ့ ပတ်သက်ခွင့်ကို ပိတ်ပင် ထားတာပါ။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ဟာ ပါတီတွေနဲ့ ပတ်သက်ခွင့် မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ်ချုပ် ဆိုပေမယ့် ထောင်ဒဏ် ကျခံရတဲ့ သဘော သက်ရောက်တာမို့ ပါတီနဲ့ ပတ်သက်ခွင့်မရှိအောင် ဟန့်တားထားသလို ဖြစ်သွားပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း ဘာသာရေး အဖွဲ့အစည်းဝင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေ ပတ်သက်ခွင့် မရှိပါဘူး။ ဗုဒ္ဓဘာသာနဲ့ နိုင်ငံရေးကို မြန်မာနိုင်ငံရေး လောကမှာ ဟိုးရှေးယခင်ကတည်းက စည်းခြားထားပြီးသားပါ။ ပြောရရင် လွတ်လပ်ရေး မရယူခင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကတည်းက အများရဲ့ တောင်းဆိုချက်အရ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ခွင့်မရှိလို့ ပိတ်ပင် ထားပါတယ်။
တခြား ရွေးကောက်ပွဲ ဥပဒေမှာတော့ လက်ရှိ ထောင်ဒဏ် ကျခံနေရသူတွေ ရွေးကောက်ပွဲ မဲပေးခွင့်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင် ထားပါတယ်။ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် ၂၂၄ ဦး ရှိမှာဖြစ်တဲ့အနက် ၁၆၈ ဦးကိုပဲ ရွေးကောက် တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်စားလှယ် ၅၆ ဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်မှာတော့ ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမှာ ဖြစ်တဲ့အနက် ၃၃၀ ကိုပဲ ရွေးကောက် တင်မြှောက်ရမှာ ဖြစ်ပြီး ၁၁၀ ဦးက တပ်မတော်သား ကိုယ်စားလှယ်တွေပါ။ တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲ ဥပဒေသစ်နဲ့ မကိုက်ညီတဲ့အတွက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဆိုထားပါတယ်။
ရလဒ်များ
ရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။
အမျိုးသား လွှတ်တော်မှာ ရွေးကောက် တင်မြှောက်ရတဲ့ ကိုယ်စားလှယ် ၁၆၈ ဦးအနက် ကိုယ်စားလှယ်နေရာ ၁၂၉ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ရရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ရွေးကောက် တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ် ၃၂၆ နေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၅၉ နေရာ အနိုင် ရခဲ့ပါတယ်။
နိုင်ငံရေးပါတီများ
ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီတွေအနေနဲ့ အနည်းဆုံး ပါတီဝင်အင်အား ၁၀၀၀ ရှိဖို့ လိုအပ်ပြီး ဇွန် ၆ ရက်မတိုင်မီ မှတ်ပုံတင်ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ပါတီပေါင်း ၄၀ ကို ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ပါတီတချို့ကတော့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ပါတီတွေ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပါတီက ထိပ်ပိုင်း အဖွဲ့ဝင်တချို့ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ကို ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့ပါတယ်။
စစ်အစိုးရကတော့ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ခန့်ဟာ အသင်းဝင်တွေ ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအဖြစ် ဖွဲ့စည်း လိုက်ပါတယ်။ တကယ်တော့ လူမှုရေးအသင်း တစ်သင်းကို နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲလိုက်တာပါ။ အရင် ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဟာလည်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံ တင်ခဲ့ပါတယ်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC)ဟာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုချက်ကို မလိုက်လျောဘဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို စတင် လုပ်ဆောင်ခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတကာ တုံ့ပြန်မှုများ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးမှာ မဟုတ်တဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရမှု နည်းပါးမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဘန်ကီမွန်က အစိုးရဟာ နိုင်ငံရေးမှာ ပါဝင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အလွန်နှေးကွေးပြီး ပြည့်စုံမှု မရှိဘူးလို့ ဆိုပါတယ်။ အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း ဆွေးနွေးမှု မရှိတဲ့အတွက် အလွန်အမင်း စိတ်ပျက်မိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ထိန်းချုပ်စောင့်ကြည့်မှုများ
အစိုးရက နိုင်ငံခြားက လေ့လာသူတွေနဲ့ နိုင်ငံတကာ မီဒီယာတွေကို ရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဦးသိန်းစိုးက မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ သံတမန်တွေကို ရွေးကောက်ပွဲကို လေ့လာခွင့် ပြုမယ်လို့ ပြောကြား ခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး တုံ့ပြန်မှုများ
NDF ပါတီဥက္ကဋ္ဌ ဦးသန်းငြိမ်းက မူမမှန်မှုတွေ ရှိခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။ သူက အထောက်အထားတွေ ရှိတဲ့အကြောင်း၊ မဲလိမ်မှုတွေ ရှိတာမို့ ကိုယ်စားလှယ်လောင်း တချို့ တိုင်ကြားတာတွေ ရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။ NDF ပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဦးခင်မောင်ဆွေကလည်း “အစပိုင်းမှာ ကျွန်တော်တို့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ USDP က ကြိုတင်မဲလို့ ခေါ်တဲ့ဟာတွေနဲ့ ကျော်တက် သွားပါတယ်။ အဲဒီကြိုတင်မဲတွေက ရလဒ်ကို လုံး၀ ပြောင်းလဲပစ်လိုက်ပြီး ကျွန်တော်တို့ ရှုံးသွားပါတယ်”လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါဝင်သင့်သူတွေ ပါဝင်မှုနဲ့ ပွင့်လင်း မြင်သာမှု အလုံအလောက် မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိန္ဒိယပါလီမန်မှာ မိန့်ခွန်းတစ်ရပ် ပြောရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ” မြန်မာနိုင်ငံမှာလို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ဖိနှိပ်ခံရတဲ့အခါ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့ ပါးစပ်ပိတ်ပြီး မနေနိုင်ပါဘူး။ မြန်မာနိုင်ငံက အစိုးရလို ကမ္ဘာကကြည့်ဖို့ ထပ်ပြီး ရွေးကောက်ပွဲ တစ်ရပ်ကို ခိုးယူလိုက်တာမျိုးကို လက်မခံနိုင်ပါဘူး”ဆိုပြီး ပြောကြား ခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနို-၃ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အက်ဒဝင်လေစီယာဒါက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်မှာ “NLD ပါတီအပေါ် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ စိတ်ပျက်ကြောင်း ပြောလိုပါတယ်။ အပြသက်သက်လုပ်တဲ့ လုပ်ဇာတ်လိုမျိုး ရွေးကောက်ပွဲတွေကိုလည်း စိတ်ပျက်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှာ နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့အတွက် နောင်တမရဘူးလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲဖို့အတွက်ဆိုရင် ပြည်သူတွေက အပြောင်းအလဲကို လိုလားရမှာဖြစ်ပြီး ပြည်သူတွေ စည်းလုံးညီညွတ်ရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီ ၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာပေါင်း ၄၆ ခုနေရာ အတွက်ပါ။
အဓိကအတိုက်အခံပါတီဖြစ်တဲ့ NLD ဟာ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည် မှတ်ပုံတင်ခဲ့ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမဲဆန္ဒနယ်မြေကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ NLD ပါတီဟာ မဲဆန္ဒနယ် ၄၆ ခုအနက် ၄၄ ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာမှာ အနိုင် ရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲ လေ့လာသူများ
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ အာဆီယံက လေ့လာသူတွေကို ခွင့်ပြုဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။ နောက်တော့ ရွေးကောက်ပွဲ ကျင်းပဖို့ ငါးရက်အလိုမှာ အာဆီယံ လေ့လာသူတွေကို လာရောက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကနေဒါ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တရုတ်နဲ့ မြောက်ကိုရီးယားအပြင် အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ သြစတြေးလျနိုင်ငံက လေ့လာသူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ အမေရိကန်ကဆိုရင် ရွေးကောက်ပွဲ လေ့လာသူ နှစ်ဦးနဲ့ ဂျာနယ်လစ် နှစ်ဦးကို စေလွှတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး
ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုများစွာဟာ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပ သမဂ္ဂတို့အပါအဝင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ အဲဒီပိတ်ဆို့ မှုတွေ ဖယ်ရှားပေးအောင်လို့ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုလားခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ သမ္မတ ဦးသိန်းစိန်က ကြားဖြတ် ရွေးကောက်ပွဲကို အလွန် အောင်မြင်တဲ့ပုံစံနဲ့ ကျင်းပနိုင်ခဲ့တဲ့အကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ဒါပေမဲ့ NLD ပါတီက မဲပြား စာရွက်တွေကို မင်မထင်အောင် ဖယောင်းသုတ်ခဲ့တယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။
ကမ္ဘောဒီးယား၊ မလေးရှားနဲ့ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံက ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ ချက်ချင်း ရုပ်သိမ်းပေးဖို့ တောင်းဆိုပေးခဲ့ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ကား က သြစတြေးလျအစိုးရဟာ ပိတ်ဆို့မှုတွေ လျှော့ချပေးဖို့ စီစဉ်နေကြောင်း၊ ဒါပေမဲ့ အကုန်လုံး ရုပ်သိမ်းပေးမှာတော့ မဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက “အခု ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လျှော့ချပေးရေး လုပ်ငန်းစဉ် စတင်ဖို့ နိုင်ငံတကာက မိတ်ဖက် အတော်များများနဲ့ ပူးပေါင်း ဆောင်ရွက်ပါမယ်”လို့ ပြောခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဧပြီ ၄ ရက်မှာ အိုဘားမား အစိုးရက အချိန်ဇယား အတိအကျ မဖော်ပြဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်ထားမယ့်အကြောင်းနဲ့ ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုတချို့ လျှော့ပေါ့ပေးမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က “ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲရလဒ်က အစိုးရအဖွဲ့ထဲကို ပြုပြင် ပြောင်းလဲရေး မျိုးဆက်သစ်တစ်ရပ် ထည့်သွင်းပေးလိုတဲ့ လူအများရဲ့ဆန္ဒကို သိသိသာသာ ထုတ်ဖော် ပြသမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါက နိုင်ငံကို အသွင် ပြောင်းလဲရာမှာ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဦးသိန်းစိန်အပါအဝင် ခရီးသွားလာမှု ပိတ်ပင်ထားတာ တချို့နဲ့ ပိတ်ဆို့မှုတချို့ကို လျှော့ချပေးခဲ့ပြီး ဖြစ်တဲ့ ဥရောပသမဂ္ဂက အရင် စစ်အစိုးရဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနဲ့ ပတ်သက်သူတွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်မှုနဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ယူလို့ မရအောင် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့ ၂၀၁၂ ခုနှစ် ဧပြီ ၂၃ ရက်မှာ ပြန်လည် သုံးသပ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်က ထိန်းချုပ် ကန့်သတ်ထားတာတွေ လျှော့ချပေးမှုဟာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းနဲ့ နောက်ထပ် တိုးတက်မှုတွေ ရှိခြင်းတွေအပေါ် ကြည့်ရမယ်လို့ ဆိုပါတယ်။
တခြား လေ့လာသုံးသပ်သူ ပညာရှင်တွေ က သိပ်အရေးမကြီးလှဘူးလို့ သတ်မှတ်နိုင်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသား ပြန်လည် သင့်မြတ်ရေးဆီသွားတဲ့ တခြားခြေလှမ်းတွေလောက် အရေးကြီးတယ်လို့ မသတ်မှတ်နိုင်ဘူးလို့ ဆိုပါတယ်။ တချို့က ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ အချိန်မတန်သေး ဘူးလို့ဆိုကြပြီး တချို့ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပိတ်ဆို့မှုတွေက ထိရောက်မှုမရှိဘူးလို့ စဉ်းစားကြပါတယ်။
နိဂုံး
မဆလခေတ်လွန် ရွေးကောက်ပွဲသုံးခုကို ပြန်ကြည့်ကြပါမယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီ အပြတ်အသတ် နိုင်ပါတယ်။ နိုင်ပေမယ့် အာဏာ လွှဲပြောင်းပေးမှု မရှိခဲ့ပါဘူး။ အဲဒီတုန်းက NLD ပါတီကို အင်အားချည့်နဲ့အောင် လုပ်ထားခဲ့တဲ့အပြင် ပြင်ဆင်ချိန် လုံလုံလောက်လောက် မရဘဲ အရေးပေါ် အနေအထားမျိုးနဲ့ ဖြစ်သလို ဝင်ပြိုင် ခဲ့ရပါတယ်။ တစ်ဖက်ကို ပြန်ကြည့်ရင် အစိုးရက လိုလားတဲ့ တစည ပါတီဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ အခွင့်ကောင်း ရယူထားနိုင်ခဲ့ပါတယ်။ နောက်ပြီး မဆလခေတ် တစ်လျှောက်လုံး အရိုးစွဲခဲ့တဲ့ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်”ဆိုတဲ့ အထက်က သဘောထားကို ကြောက်တဲ့စိတ်ကြောင့် အထက်ကို မှန်မှန်ကန်ကန် မတင်ပြခဲ့တာကြောင့်လည်း တစညပါတီ ခေါင်းဆောင်ပိုင်းဟာ အခြေအနေမှန်အတိုင်း သဘောမပေါက်ခဲ့တာမို့ ပြင်ဆင်သင့်တာတွေ မပြင်ဆင်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်မှာ အထွတ်အထိပ်ရောက်ခဲ့တဲ့ ပြည်သူတွေရဲ့ စစ်အာဏာရှင် မုန်းတီးရေး စိတ်ဓာတ်ကြောင့် မဲတွေက NLD အပေါ် ပုံကျသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ USDP ဟာ နှစ်တွေအကြာကြီး လူမှုရေးအသင်းအဖြစ် လူထုကို စည်းရုံး လှုပ်ရှားခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပတော့မယ် လုပ်တော့ နိုင်ငံရေးပါတီအဖြစ် အသွင် ပြောင်းလိုက်တာပါ။ ဘယ်နိုင်ငံရေးပါတီမှ စည်းရုံးလှုပ်ရှားခွင့်မရခင် နှစ်တွေအကြာကြီးကတည်းက လက်ဦးမှု ရယူထားတာပါ။ အဓိက အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာမို့ ပြင်ဆင်ချိန် အနည်းငယ်အတွင်း ဖြစ်သလိုအနေအထားနဲ့ ဝင်ပြိုင်ရတဲ့ ပါတီငယ်တွေသာ ရှိပါတော့တယ်။ ဒါ့အပြင် USDP သာမက အစိုးရ လိုလားတဲ့ ပါတီပေါင်း ခြောက်ခုရှိတယ်လို့ ရိုက်တာသတင်းဌာနက ဆိုခဲ့ဖူးပါတယ်။ ဒါတောင် NDF ပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးရလဒ ်အများစုကို ကြိုတင်မဲတွေက အဆုံးအဖြတ် ပေးခဲ့တယ်လို့ ဝေဖန်မှုများစွာ ရှိပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကတော့ အနောက်တိုင်းက ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးအောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ဆွဲသွင်းချင်တာမို့ အသာတကြည်ပဲ အနိုင်ပေးလိုက်တာလို့ အများက ဝေဖန်ကြပါတယ်။ အရေးမပါဘူးလို့ ဆိုနိုင်ပေမယ့် ၂၀၁၅ ခုနှစ်နဲ့ အနီးဆုံးဖြစ်တဲ့ ၂၀၁၂ ခုနှစ်အထိ ပြည်သူလူထုရဲ့ လိုလားမှုကို အကဲဖြတ်ပေးခဲ့တဲ့ ရွေးကောက်ပွဲလို့တော့ ဆိုနိုင်ပါတယ်။
ဒီရွေးကောက်ပွဲ သုံးခုအကြောင်း မတိုင်ခင် ရွေးကောက်ပွဲ မသမာမှုတွေအကြောင်း ရေးခဲ့ရတာကတော့ ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးရလဒ်ဟာ ဒိုင်လူကြီးပေါ်မှာလည်း အများကြီး မူတည်နေတဲ့အကြောင်း သိစေချင်လို့ပါ။ ဒါပေမဲ့ အရင် ရွေးကောက်ပွဲတွေနဲ့ မတူတဲ့ အနေအထားတွေတော့ အများကြီး ရှိပါတယ်။ အခုရွေးကောက်ပွဲကို ပြည်သူတွေက အကြီးအကျယ် မျှော်လင့်ထားသလို နိုင်ငံတကာကလည်း အသေအချာ စောင့်ကြည့်မှာ ဖြစ်ပါ တယ်။ နိုင်ငံအနေနဲ့ကလည်း ပိတ်ဆို့မှုတွေ ထပ်လုပ်မှာကို မလိုလားပါဘူး။ ဒီလို အနေအထားမျိုးမှာ ဦးသိန်းစိန်ရဲ့ လက်ရှိအာဏာရ ပါတီအနေနဲ့ ဘယ်နည်းနဲ့ဖြစ်ဖြစ် နိုင်မယ်လို့ အပိုင်တွက်နေပြီဆိုရင်တော့ . . . .
နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၆)
Most Read
Most Recent
4 hours ago










