၂၀၁၅ သည် ဗိုလ်ချုပ်အောင်ဆန်း နှစ်ရာပြည့် ဖြစ်သည်။ ဗိုလ်ချုပ် လိုလားသည့် ကမ္ဘာ့အလယ် ဝင့်ထည်နိုင်မည့် နိုင်ငံတစ်ခု ဖြစ်လာရေးအတွက် သမီးဖြစ်သူ ထိရောက်စွာ ဦးဆောင်နေတာကို မြင်သိလျှင် ဗိုလ်ချုပ် ဝမ်းမြောက်ပါလေမည်ဟု ကျွန်တော်တို့ ယုံ ကြည်သည်။
“ဆရာညိုရေ ရွေးကောက်ပွဲ နီးလာတော့ ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်”
“ကောင်းသားပဲ၊ ဘယ်လို ဆွေးနွေးချင်တာလဲ”
ဒီနေ့သည် ရုံးပိတ်ရက် ဖြစ်သောကြောင့် ကိုဘသစ်နှင့် ကျွန်တော် နေ့လယ်စာ အတူ စားကြရင်း လေကန်နေ ကြသည်။ သူနှင့် စကားပြောရသည်မှာ ပညာလည်း ရသလို သတိလည်း ထားရသည်။ ကိုဘသစ်သည် သူ ၏ ယုံကြည်ချက်ကို ရှေ့တန်းတင်တတ်သူ မဟုတ်သော်လည်း မမှန်မကန် ပြောဆိုတတ်သူကိုတော့ သူ အားမနာတတ်ပါ။
ခု သူက ခေါင်းဆောင်အကြောင်း ဆွေးနွေးမည်ဟု ဆိုသောကြောင့် သူ့ သဘောကို မေးရသည်။ သူက-
“ဆရာညိုကို မေးမယ်။ ခင်ဗျားလည်း ခေါင်းဆောင်ကောင်းလို့ပြောရင် လက်ခံတဲ့သူပါ။ ဒါပေမဲ့ လူတစ်ယောက်တည်းကြောင့် နိုင်ငံတစ်နိုင်ငံ အထွတ်အထိပ်ကို ရောက်အောင် တိုးတက်လာတာတွေရှိတာကို ယုံလား”
“ကျွန်တော်ကတော့ စုပေါင်း ဆောင်ရွက်လို့သာ နိုင်ငံတစ်နိုင်ငံ တိုးတက်တယ် ဆိုတာကို လက်ခံတယ်”
“ဒါတော့ ဟုတ်ပါတယ်။ ကျွန်တော် ဆိုလိုတာက တစ်စုံတစ်ယောက်က ဦးဆောင်ပြီး လုပ်တာပေါ့ဗျာ၊ အရည်အသွေး ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ကြောင့် နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ပြောင်းလဲနိုင် တယ်ဆိုတာကို ခင်ဗျား လက်ခံလား”
သူဘာကို ဦးတည် မေးမြန်းနေသည်ကို ကျွန်တော် မသိပါ။ ထိုကြောင့် သူ့မေးခွန်းကို သူ့ဆီသာ ပြန်ပေးလိုက်ပါသည်။
“ခင်ဗျားပဲ စပြီးဆွေးနွေးပေးပါဦး”
“အမေရိကန် ပြည်ထောင်စု သမိုင်းကိုပဲ စပြောပါမယ်။ ခင်ဗျား သိတာကနေပဲ စပြီး ဆွေးနွေးချင်တယ်”
“ပြောပါ”
“အမေရိကန် ပြည်ထောင်စုကို အင်္ဂလိပ်တွေဆီက လွတ်လပ်ရေး ရအောင် တိုက်ယူတဲ့ ခေါင်းဆောင်ကို သိတယ်မဟုတ်လား”
“ဂျော့ချ်ဝါရှင်တန်ပါ”
“ဂျော့ချ်ဝါရှင်တန်ကို ပြင်သစ်နိုင်ငံက ဘုရင်လုပ်ဖို့ ပြောဆို တိုက်တွန်းတယ်။ သူက တိုက်ပွဲတွေမှာ အောင်ပွဲရတဲ့ စစ်ဗိုလ်ချုပ်ပဲ၊ အဲဒီခေတ်က အင်္ဂလိပ်တို့၊ ပြင်သစ်တို့ဆိုတာ ဘုရင်တွေက အုပ်ချုပ်တဲ့ နိုင်ငံပါ။ မြန်မာပြည်မှာလည်း ဘုရင်၊ ဂျပန်ပြည်မှာလည်း ဘုရင် စနစ်ပါပဲ။ ဘုရင်ဆိုတာ အနေအစား အင်မတန်ချောင်တဲ့ အာဏာရှင်ပါပဲ။ ဒါပေမဲ့ ဂျော့ချ်ဝါရှင်တန်ဟာ အခြေခံ ဥပဒေဆွဲပြီး ဒီမိုကရေစီ စနစ်ကိုပဲကျင့်သုံးခဲ့တယ်”
“သူကိုယ်တိုင်ဆွဲတာလား”
“မဟုတ်ဘူး။ ပညာရှင်တွေက ဆွဲတာပါ။ လူတွေက သူ့ကို ပါဝင် ရေးဆွဲဖို့ တိုက်တွန်းတယ်။ သူမပါဝင်ဘူး။ တကယ်လို့ မှားနေရင်ကောလို့ ပြောတော့ သူက မှားနေရင် ပြည်သူတွေ ပြင်ကြတာပေါ့ဆိုပြီး ပြောသွားတယ်။ ကျွန်တော် ဆိုလိုတာက အမေရိကန်ပြည် အခြေတည်တာက ခေါင်းဆောင်ကောင်းနဲ့ စခဲ့တာပဲ”
“ဒါပေမဲ့ ပြည်တွင်းစစ်တွေ ဖြစ်ခဲ့သေးတယ် မဟုတ်လား”
“ဖြစ်ပါတယ်။ သမ္မတ လင်ကွန်းလက်ထက်မှာ လူမည်းတွေကို ငွေဝယ်ကျွန်ဘဝမှ လွတ်မြောက်စေရေး တိုက်ပွဲတွေပါပဲ။ ပြည်တွင်းစစ်မှာ အမေရိကန် လူမျိုး ၁၁ သိန်းကျော် ပျက်စီးတယ်။ လူမည်းတွေ ကျွန်ဘဝမှ လွတ်မြောက် သွားတယ်။ နောက်တော့ သမ္မတလင်ကွန်းလည်း လုပ်ကြံခံရတယ်”
“ကျွန်ဘဝက လွတ်မြောက်သွားပေမယ့် သူတို့ခမျာ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ကြုံနေရသေးတယ် မဟုတ်လား”
“ဟုတ်တယ်။ ၁၉၆၅ ခုနှစ်လောက်အထိ ရှိခဲ့တယ်။ ဒါကို တိုက်ယူတဲ့ ခေါင်းဆောင်ကတော့ မာတင်လူသားကင်းဂျူနီယာပါပဲ”
“သူလည်း အသတ်ခံရတယ် မဟုတ်လား”
“ဟုတ်ပါတယ်။ ဒါပေမဲ့လည်း လူမည်းတွေ တန်းတူရည်တူ အခွင့်အရေး ရသွားတယ်။ ဒီအတွက်လည်း လူမည်းတွေဖြစ်တဲ့ ကွန်ဒိုရီဇာရိုက်စ်တို့၊ ကောလင်းပါဝယ်တို့ဟာ နိုင်ငံခြားရေး ဝန်ကြီးတွေ ဖြစ်လာခဲ့သလို အိုဘားမားလည်း သမ္မတ ဖြစ်ခဲ့တယ်။ ၁၉၆၅ မတိုင်မီက စားသောက်ဆိုင်မှာ အတူစားလို့ မရဘူး။ ကျောင်းအတူတူနေလို့မရဘူး။ အဲဒီကနေ ဘယ်လောက် ပြောင်းသွားသလဲ။ ခေါင်းဆောင်မှုဟာ အတော်လေးကို ပြောင်းလဲ ပေးလိုက်တယ် မဟုတ်လား”
“အမေရိကန် ပြင်ပမှာရော”
“တောင်အာဖရိက,က မင်ဒဲလားကို ကြည့်လို့ရတယ်”
“လူမည်းခေါင်းဆောင် မင်ဒဲလားဟာ ပထမ အဖမ်း ခံရသေးတယ် မဟုတ်လား”
“ဟုတ်ပါတယ်ဆရာညို၊ သူ့နိုင်ငံက ပြည်သူပြည်သားတွေ မတရား အဖိနှိပ် ခံထားရတယ် ဆိုတာကို သူလည်းသိတယ်။ တစ်ကမ္ဘာလုံးကလည်း သိကြတယ်။ ဒါကို တွန်းလှန်ဖို့ အတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ကြိုးစားတာပဲ၊ ဒီအတွက် အဖမ်းခံရတာပဲ”
“နှလုံးသားလှတဲ့ ခေါင်းဆောင်တွေဟာ ဒီလို ဖြစ်ကြတာပဲ။ တောင်အာဖရိကမှာ အင်္ဂလိပ်အနွယ်ဝင် လူဖြူတွေ အခြေချနေထိုင်တာ နှစ်ပေါင်းရာချီ ကြာမြင့်ပြီ ဖြစ်တယ်။ လူဖြူတွေဟာ လယ်ယာလုပ်တဲ့ လူမည်းတွေကို လယ်ယာသိမ်းကာ ဖမ်းဆီး ထောင်ချခဲ့တယ်။ ထောင်ထဲမှာ သိန်းချီသေတယ်။ အင်္ဂလိပ်တွေဟာ အဲဒီမှာ အင်္ဂလိပ်ဥပဒေနဲ့ အုပ်ချုပ်တော့ ဂရန်တွေနဲ့ လယ်ယာမြေတွေကို လက်ဝယ်ပိုင်အောင် လုပ်တယ်”
“တောသူတောင်သားတွေ ဒါကို မသိဘူးလေ။ မြန်မာပြည်မှာလည်း ဒီလိုဖြစ်တာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ လူဖြူ ၂၀ ရာခိုင်နှုန်းက မြေ ၈၀ ရာခိုင်နှုန်းကို အပိုင်ရထားတယ်။ တကယ်တော့ လူမည်း ၈၀ ရာခိုင်နှုန်းရရှိတဲ့ နိုင်ငံမှာ လူဖြူတွေက ဒီလို မြေယာတွေကို ပိုင်ထားကြတာ မတရားဘူးပေါ့။ ဒီတော့ လူမည်းခေါင်းဆောင် မင်ဒဲလားဟာ လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့ ကြိုးစားတာပဲ။သူ ထောင်တစ်သက်တစ်ကျွန်း (၂၅ နှစ်) ကျခံခဲ့ရတယ်။ ထောင်ထဲမှာ သူဟာ ဂန္ဒီရဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ တိုက်ယူမှ ဖြစ်မယ်လို့ သဘောပေါက်ခဲ့တယ်။ ဒါနဲ့ ထောင်က ထွက်လာတော့ အစိုးရနဲ့ ညှိနှိုင်းရာ အောင်မြင်ခဲ့တယ်။အဲဒီအချိန်မှာ သမ္မတဟာ ပညာရေး ဝန်ကြီးဟောင်း ဒီကလာပ် ဖြစ်တယ်။ သူတို့နှစ်ယောက်လုံး နိုဘယ်ဆု ရသွားတယ်။ ဒီကလာပ်ဟာ မင်ဒဲလားကို လက်ခံတယ်။ အခြေခံဥပဒေကို ပြောင်းပစ်ခဲ့တယ်။ နောက်တစ်ကြိမ် သမ္မတ အရွေးခံတော့ မင်ဒဲလားသမ္မတ ဖြစ်လာတယ်။ ယနေ့ တောင်အာဖရိကဟာ ချမ်းသာတဲ့နိုင်ငံ ဖြစ်လာတယ်”
“အင်းခေါင်းဆောင်မှုဟာ အရေးကြီးတာပဲ၊ ဂန္ဒီနည်းကို မာတင်လူသာကင်းဂျူနီယာလည်း သုံးခဲ့တာပါပဲ။ တကယ်တော့ ခေါင်းဆောင်ဆိုတာ တကယ့်ကို အရေးကြီးတယ်။ သူ့တန်ဖိုးကို လူတွေက နားမလည်ကြဘူး။ ဒါ ကို လီကွမ်ယူကလည်း ပြောခဲ့တာပဲ”
“လီကွမ်ယူဟာ ခေါင်းဆောင်ကောင်းပေါ့။ သူ မကွယ်လွန်မီ ၂၀၁၄ ခုနှစ်အထိ နိုင်ငံကို ဦးဆောင် သွားခဲ့တယ်။ သူက ခေါင်းဆောင်တွေ အလုပ်အကြံ ခံရတဲ့အကြောင်းကို သူရဲ့ဝန်ကြီးအဖွဲ့ ကက်ဘိနက် အစည်းအဝေး မှာပြောခဲ့တယ်။ သူက မြန်မာပြည်ဟာ တကယ့်ကို ကြီးကျယ်တဲ့ နိုင်ငံဖြစ်ရမှာ၊ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေ အလုပ်အကြံခံရလို့ ဒီလို ဖြစ်သွားတာဆိုပြီး ထောက်ပြခဲ့တယ်။ သူရဲ့ ဝန်ကြီး အဖွဲ့ဝင်တွေကို လုံခြုံရေး အပြည့်အ၀ ရစေဖို့စီမံခဲ့တယ်”
“ကိုဘသစ် ပြောတာ သဘောပေါက် သလိုလိုပါပဲ၊ ခု ရွေးကောက်ပွဲနဲ့ ဆက်နွှယ် နေတာပေါ့ ဟုတ်လား”
“တည့်တည့်ပြောမှ ရိပ်မိတာပါလား ဆရာညိုရယ်။ လက်ရှိ ကျွန်တော်တို့ဆီက ခေါင်းဆောင်ကောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူဟာ အတော့်ကို အရေးကြီးတယ်။ မြန်မာပြည်ကို ချမ်းသာ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာအောင် ဦးဆောင်နိုင်တဲ့သူ ဆိုတာမျိုးကို ကျွန်တော် ပြောချင်လို့ပါ”
“ဒီအချိန်မှာပြောတော့ NLD ပါတီကို မဲဆွယ် စည်းရုံးပေးသလို ဖြစ်နေမလားလို့ပါ”
“အမှန်တော့ ဒီလိုပြောချင်တာ မဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုတာ အင်မတန်ရှားပါတယ်။ အထူးသဖြင့် ပညာလည်း တော်တယ်။ အရည်အချင်းလည်း ပြည့်ဝတယ်။ ပြည်သူလည်း ချစ်တဲ့ သူတစ်ယောက်ကို ရထားတာ ကံကောင်းတာပဲပေါ့”
“မှန်ပါတယ်။ Oxford တက္ကသိုလ်က ပညာရေးကို ရထားတယ်။ အဲဒီကနေ ဗြိတိသျှ အမျိုးသမီး ဝန်ကြီးချုပ် မာဂရက်သက်ချာ ဘွဲ့ရခဲ့တယ်။ မာဂရက်သက်ချာဟာ အင်မတန် တည်ကြည် ဖြောင့်မတ်လွန်းလို့ သူ့ကို Iron Lady လို့ ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ထွက်လာသူ ဖြစ်တယ်။ နိုဘယ်ဆုလည်း ရထားတယ်။ ဒါ့အပြင် ကမ္ဘာက ပေးတဲ့ ဆုပေါင်းများစွာ ရထားတယ်။ ကမ္ဘာက သူ့ကိုချစ်ကြတယ်။ ကျွန်တော်တို့လို နိုင်ငံလေးအတွက် သူဟာ သင့်တော်ပါတယ်”
“တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ သေးပေမယ့် ပထဝီဝင် နိုင်ငံရေး (Geopolitic)အရ အင်မတန် အရေးကြီးတဲ့ နိုင်ငံဖြစ်တယ်။ခုဆိုရင် ကျွန်တော်တို့နိုင်ငံနဲ့ နယ်စပ် ထိစပ်နေတဲ့ တရုတ်နဲ့ အိန္ဒိယတို့ဆိုရင် ကမ္ဘာမှာ လူဦးရေ အများဆုံး နိုင်ငံတွေ ဖြစ်ရုံမကဘူး။ စီးပွားရေးမှာလည်း စူပါပါဝါတွေ ဖြစ်နေကြတယ်”
“ဟုတ်ပါတယ်။ နယ်စပ် ထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းတို့ဟာ ပုံစံတစ်မျိုးစီ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတယ်။ သူတို့ဟာ စီးပွားရေး ဈေးကွက်ရှာပြီး ကုန်ချောတွေ ရောင်းနေကြသလို ကုန်ကြမ်းလည်း မြန်မာပြည်က ရယူနေကြတယ်။ နောင်လည်း လိုချင်နေကြမှာပါပဲ”
“သူတို့ဟာ လွန်ခဲ့တဲ့အနှစ် ၄၀ ကျော် လောက်ကတည်းက Globalization နဲ့အတူ တိုးတက် လာကြတယ်။ ကျွန်တော်တို့က အာဏာရှင် စနစ်အောက်မှာ နာလန် မထူနိုင် ဖြစ်ခဲ့တယ်။ ခု ၂၀၁၀ ကမှ ပြောင်းတယ်။ ဒီလို ပြောင်းတဲ့အချိန်မှာ ဦးသိန်းစိန် အစိုးရနဲ့ လွှတ်တော်တို့မှာ စစ်ဗိုလ် အဟောင်းတွေပဲ ဆက်လုပ်တယ်။ ခု ငါးနှစ် ပြည့်တော့မယ်။ တကယ်တန်း တိုးတက်မှု မြင်သာထင်သာ မရှိဘူး”
“အချို့ကတော့ ကားတွေများလာတာနဲ့ အဆောက်အအုံတွေ တိုးလာတာကို တိုးတက်မှုလို့ ထင်နေကြတယ်”
“ဒါပေမဲ့ ဒီငါးနှစ်အတွင်းမှာ ကွာဟမှုတွေ ပိုများ လာတယ်။ ဆင်းရဲသားတွေ ပိုများများ လာတယ်။ မြန်မာ့သယံဇာတတွေ အရင်ကလိုပဲ။ ထုတ်ရောင်းမြဲ ထုတ်ရောင်းတယ်။ ဘာမှ မတိုးတက်ဘူး။ နိုင်ငံဟာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အရှိန်အဟုန်နဲ့ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင် ကောင်းတွေလိုတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ကြတာပဲပေါ့”
“ဟုတ်ပါတယ်။ ဦးသိန်းစိန်ရဲ့ အားနည်းချက်တွေ လက်ရှိအစိုးရနဲ့ လွှတ်တော်တွေ၊ တရားစီရင်မှုတွေ အားနည်းတာတွေကို အားလုံး သိနေကြတယ်။ ကူးပြောင်းခါစမှာ သဘာဝပါ။ ကျွန်တော်တို့ ဒါတွေကို အပြစ် တင်ချင်တာ မဟုတ်ဘူး။ သူ့ခေတ်သူ့အခါနဲ့ သူတို့ လုပ်သွားတာတွေကို ဆက်ပြီး လက်မခံလိုတာပါ။ ဒီလောက်ဆို တော်ပြီပေါ့။ ခုအခွင့်အရေးရတုန်း ခေါင်းဆောင်ကောင်းကို အပေါ် တင်ပေးဖို့ပါပဲ၊ သူ့ကို ခိုင်းဖို့ပါ။ ဘယ်သူမှ မနစ်နာပါဘူး”
“မှန်ပါတယ်။ ခေါင်းဆောင်ကောင်းတွေ အုပ်ချုပ်လို့ ကျွန်တော်တို့ ဘက်က မနစ်နာကြပါဘူး။ တိုးတက်မှာပါ။ ကာကွယ်ရေး ဦးစီးချုပ်ကတောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်က အားကိုးရမယ့် ခေါင်းဆောင်ကောင်း တစ်ယောက်ပါလို့ ပြောသွားသေးတာပဲ”
ကျွန်တော်နှင့် ကိုဘသစ်တို့သည် ခေါင်းဆောင် တစ်ယောက်၏ အရေးကြီးပုံကို ဆွေးနွေးကြသည်။အချိန်အခါ နေရာနှင့် ပြည်သူများ၏ အားထုတ်မှုကိုလည်း လိုအပ်သည်။ယနေ့ အခွင့်သင့်နေပြီဟု ယူဆနိုင်သည်။
“အင်း၊ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောတာဟာ မဲဆွယ်တာလည်း မဟုတ်ပါဘူး။ သူ့ကို မဲဆွယ်ပေးစရာလည်း မလိုပါဘူး။ သူ့အနေနဲ့ ပြည်သူက တင်မြှောက်ထားတဲ့ ခေါင်းဆောင်ဘွဲ့ကို ရထား ပြီးသားပါ။ ဒါပေမဲ့ ပြည်သူတွေကို ပြောချင်တာက သူဟာ ကျွန်တော်တို့ လိုအပ်နေတဲ့ ခေါင်းဆောင် အရည်အသွေး ပြည့်ဝတယ်ဆိုတာ”
“ခေါင်းဆောင်ကောင်းရယ်၊ ဝိုင်းရံ ပြည်သူတွေရယ် အားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ထူထောင်ကြပါစို့”
ဗိုလ်ချုပ် ဝမ်းမြောက်ပါလေတော့
Most Read
Most Recent
4 hours ago










