အသက် ၁၈ နှစ်အရွယ်ရှိ ပါလက်စတိုင်း လူငယ်တစ်ဦးက ငြိမ်းချမ်းရေး စကားဝိုင်းများကို ငြီးငွေ့ကြောင်း ပြောလိုက်သည်။ သူ့မျက်နှာပြင်တွင် အဖြူနှင့်အမည်း ပဝါကို စည်းထားသည်။”ကျွန်တော်တို့ အစ္စရေးစစ်သားတွေကို ခဲတွေနဲ့ ပစ်ပေါက်ကြတယ်” ဟု ပြောသည်။
အနောက်ဘက် ကမ်းခြေတွင်ရှိသော ရာမာလာမြို့တွင် အစ္စရေးတပ်ဖွဲ့များ နေရာ ယူထားသည့် စစ်ဆေးရေး စခန်းရှိသည်။ ပါလက်စတိုင်း လူငယ်များသည် လုံခြုံရေးစခန်းတွင် တာဝန်ကျနေသည့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်များအား မကျေနပ်ကြောင်း ပြသသည့်အနေဖြင့် ခဲတွေနှင့် ပေါက်ကြသည်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများကတော့ ခဲများနှင့် ပစ်ခတ် ရန်စမှုများ မပြုကြရန် တားမြစ်ကြသည်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က အစ္စရေးနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရေးကို လိုလားကြသည်။ သို့သော် ပါလက်စတိုင်း လူငယ်များကတော့ တွေ့ဆုံ ဆွေးနွေးမှုကို လက်မခံကြ။ မိမိတို့ တွေ့ဆုံ ဆွေးနွေးသည့် နည်းလမ်းကို လက်မခံကြောင်း ပြသသည့်အနေဖြင့် လုံခြုံရေးစခန်းတွင် တာဝန်ကျနေသော အစ္စရေး တပ်ဖွဲ့ဝင်များအား ရန်စမှုတွေ ပြုနေကြခြင်း ဖြစ်၏။
အနောက်ဘက် ကမ်းခြေတွင် နေထိုင်ကြသော ပါလက်စတိုင်းများက ဆန္ဒပြပွဲများ ပြုလုပ်နေမှု၊ တပ်ဖွဲ့ဝင်များအား ဓားဖြင့် ထိုးမှုများ ဖြစ်ပေါ်နေသဖြင့် အစ္စရေးဘက်မှ လူထုအုံကြွမှု ဖြစ်ပေါ်လာမည့် အရေးကို သတိပေး တပ်လှန့်ထားသည်။ ပါလက်စတိုင်း မျိုးဆက်သစ် လူငယ်များသည် ခေါင်းဆောင်ပိုင်းမှ လက်ခံ ကျင့်သုံးနေသော တွေ့ဆုံ ဆွေးနွေးရေးကို ဥပေက္ခာပြုပြီး တည်ငြိမ်မှု မရှိအောင် ပြုလုပ်နေကြသည်။
၁၉၉၃ ခုနှစ်က ရေးထိုးခဲ့သော အော်စလို သဘောတူညီချက်အရ ပါလက်စတိုင်း ဘက်မှနေ၍ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်လမ်းများစွာ ရရှိမည်ဟူသော ကတိကဝတ်ကို လူငယ်အများစုကမူ အော်စလို သဘောတူညီမှုသည် ဘာမှ အရာမထင်။ ကျဆုံးမှုသာလျှင် ရှိကြောင်း ယုံကြည်ထားသည်။
အနောက်ဘက် ကမ်းခြေတွင် နေထိုင်ကြသော ပါလက်စတိုင်း လူငယ်များသည် သမိုင်းကိုလည်း မသိကြ။ ၁၉၈၇-၁၉၉၃ နှင့် ၂၀၀၀-၂၀၀၅ ခုနှစ်များအတွင်း ဖြစ်ပေါ်သော အင်တီဖာဒါ လှုပ်ရှားမှုကိုလည်း မသိကြ။ အင်တီဖာဒါသည် ပုန်ကန် တော်လှန်ခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။ ၁၉၈၇ မှ ၁၉၉၃ ခုနှစ်အတွင်း အစ္စရေး ဆန့်ကျင်ရေး တိုက်ပွဲစတင်ခဲ့သည်။ ၂၀၀၀ မှ ၂၀၀၅ တွင် ဒုတိယ အင်တီဖာဒါ လှုပ်ရှားမှု ပေါ်ပေါက် ခဲ့သည်။ ဤဒုတိယလှုပ်ရှားမှုမှာ အစ္စရေး- ပါလက်စတိုင်း တိုက်ပွဲတစ်ခု ဖြစ်သည်။ (တတိယ အင်တီဖာဒါကို တိတ်ဆိတ်ငြိမ်သက်သော အင်တီဖာဒါ တိုက်ပွဲဟု ခေါ်ဆိုသည်။ ၂၀၁၄ တွင် ဂျေရုဆလင်၌ ပြင်းထန်သော တိုက်ခိုက်မှုတွေကို ရည်ညွှန်းသည်) အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခကြောင့် နေ့စဉ် လူတစ်ရာခန့် သေဆုံးခဲ့ကြရသည်ကို ပါလက်စတိုင်း လူငယ်တွေ မသိကြပေ။
ပါလက်စတိုင်း လူငယ်အများစု သိရှိထားသည်က မိုးကုပ်စက်ဝန်းတွင် မြင်နေရသော အစ္စရေးတို့က ဆောက်ထားသည့် စည်းရိုးသာလျှင် ဖြစ်သည်။ ဤစည်းရိုးက အနောက်ဘက်ခြမ်းမြေကို ပိုင်းခြားထားခြင်း ဖြစ်သည်။
သူတို့ မြင်တွေ့နေရသည်က အစ္စရေးတပ်ဖွဲ့များ ရှိနေမှု၊ ဂျူးလူမျိုးများ အခြေချ နေထိုင်မှု ဖြစ်သည်။ ဤမြေသည် ပါလက်စတိုင်းတို့၏မြေ။ မိမိတို့ပိုင်မြေ။ ထိုမြေပေါ်တွင် ဂျူးများ အခြေချနေထိုင်မှုကြောင့် မိမိတို့ အနာဂတ် ဖန်တီးရေးမှာ ပျက်စီးခဲ့ရပြီဟု လူငယ်များက မှတ်ထင် ထားကြသည်။
သူတို့တစ်တွေ စိတ်ကူးထဲမှာ အာရပ်နွေဦး တော်လှန်ရေးကို အမှတ်တရ ရှိနေကြသည်။ ၂၀၀၈ ခုနှစ်က ဖြစ်ပွားသည့် ဂါဇာ စစ်ပွဲကြီးကိုလည်း ရုပ်သံမှ ထုတ်လွှင့်နေတာကို တွေ့မြင်နေကြရသည်။ အနောက်ဘက် ကမ်းခြေတွင် နေထိုင်သည့် ပါလက်စတိုင်း လူငယ်လူရွယ်များမှာ အသက် ၃၀ လောက် ဖြစ်သည်။ အင်တာနက်မှ ဖတ်ရှုရသည့် သတင်း အချက်အလက်များကြောင့် အစ္စရေးတို့ အပေါ် မုန်းတီးမှုတွေ မြင့်တက်လာသည်။ ဆန္ဒပြမှုတွေ ပိုမိုပြုလုပ်လာကြသည်။ လူမှုမီဒီယာကလည်း အစ္စရေး တပ်ဖွဲ့ဝင်တွေကို ခဲနှင့်ပစ်ပေါက်သည့် လူငယ်များအား သူရဲကောင်းအဖြစ် ဖော်ပြကြသည်။ အစ္စရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် လူငယ်များ၏ ပုံတွေကိုလည်း လူမှုမီဒီယာက တခမ်းတနား ဖော်ပြထားသည်။ အစ္စရေး တပ်ဖွဲ့ဝင်များ၏ အဖမ်းခံရသည့် ပါလက်စတိုင်း လူငယ်များက ပြုံးပြုံးရယ်ရယ်နှင့် ဓာတ်ပုံ အရိုက်ခံကြသည်။ ဤသတင်း ဓာတ်ပုံများကြောင့် အစ္စရေးအပေါ် ပါလက်စတိုင်း လူငယ်တွေက ပိုမုန်းတီးလာကြမည်။
တနင်္လာနေ့က ရာမာလာမြို့တွင် ဖြစ်ပွားသည့် ပဋိပက္ခကြောင့် အသက် ၁၃ နှစ် အရွယ်ရှိ အာမက်ရှာရာကီ သေဆုံးခဲ့သည်။ သူငယ်ချင်းတွေက ကျောင်းတက်ရတာ မတက်ရတာ အရေးမကြီး။ ရန်သူတပ်နှင့် အခြေချ နေထိုင်သူတွေ တိုက်ဖို့က အရေးကြီးကြောင်း ပြောကြားသည်။ မိမိလည်း အာမက်လို သူရဲကောင်း ဖြစ်ချင်လိုကြောင်း အာမက် သူငယ်ချင်း ဖီရော့စ်က ပြောသည်။ ဖီရော့စ်မှာ အာမက်နည်းတူ အသက် ၁၃ နှစ်သာ ရှိသေးသည်။
အနောက်ဘက် ကမ်းခြေရှိ ပါလက်စတိုင်း ထက်ဝက်ခန့်က နှစ်နိုင်ငံ ထားရှိရေးကို လက်မခံလိုကြ။ အများစုက ငြိမ်းချမ်းရေး စကားဝိုင်းသာ မအောင်မြင်ပါက လက်နက်ကိုင် လမ်းစဉ်ကို ပြန်လည် ကျင့်သုံးမည်ဟု ပြောကြားကြသည်။
အောက်တိုဘာမှစ၍ ပါလက်စတိုင်းနှင့် အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ရာချီရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောကြားသည်။ ထို့ပြင် ပါလက်စတိုင်း ၄၀၀ ခန့်ကိုလည်း အစ္စရေးတို့က ဖမ်းဆီးထားသည်။ ဖမ်းဆီးခံထားရသူ ၄၀၀ အနက် ထက်ဝက်ခန့်မှာ အသက် ၁၄ နှစ်မှ ၂၀ ကြား လူငယ်တွေ ဖြစ်နေကြသည်။
အစ္စရေးဘက်မှ တိုက်ပွဲကြောင့် ခုနစ်ဦး သေဆုံးခဲ့ပြီး ၉၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။ သမ္မတ မာမွတ်အဘားစ်က ငြိမ်းချမ်းစွာ ခုခံမှုများ ပြုလုပ်ရန် တိုက်တွန်း ထားပေမယ့် ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းမှ လက်မခံပဲ ရှိနေသည်။
အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးပြီးသည့် နောက်ပိုင်းတွင် ဂါဇာတွင် ဂျူးများ အခြေချ နေထိုင်ခွင့်ရခြင်းမှာ အစ္စရေးအစိုးရ၏ နိုင်ငံရေး အောင်မြင်မှု တစ်ရပ်ဖြစ်ခဲ့သည်။ ဂျူးများ အခြေချခွင့် ရရှိနေခြင်းကို ပါလက်စတိုင်း မျိုးဆက်သစ်များက မကျေနပ်ကြ။ လမ်းမပေါ်ထွက်၍ ဆန္ဒပြနေကြသူများသည် အစ္စရေးကို မကျေနပ်ကြောင်း ပြောကြား နေကြရုံမျှမကဘဲ ပါလက်စတိုင်း သမ္မတ အဘားစ်ကိုပါ ဆန့်ကျင်ကြောင်း ထုတ်ဖော် ပြောကြားနေကြသည်။
စာရေးဆရာလည်းဖြစ် နိုင်ငံရေး လေ့လာ သုံးသပ် နေသူလည်းဖြစ်ကာ ခါလီရှာရင်းက လမ်းမပေါ် ရောက်နေကြသူများသည် ပါလက်စတိုင်း အာဏာပိုင်တို့၏ အမိန့်ကို နာခံခြင်းမရှိကြ။ အဘားစ်နှင့်တကွ ပါလက်စတိုင်း အာဏာပိုင်တို့သည် အော်စလို သဘောတူညီချက်များအတိုင်း လိုက်နာ နေကြသည်။ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်ကာ ဆွေးနွေးပွဲများသည် ယခုအချိန်ထိ သဘောတူညီချက် မရသေး။ လူငယ် မျိုးဆက်သစ်တို့သည် လူမှုမီဒီယာ အသုံးပြုပြီး မကျေနပ်ချက်များကို ထုတ်ဖော်နေကြသည်။ သူတို့တစ်တွေသည် အစ္စရေးတို့ကိုသာ မကျေနပ်ကြသည်မဟုတ်။ အော်စလို သဘာတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် ပါလက်စတိုင်း အာဏာပိုင်တို့ကိုလည်း မကျေနပ်ကြပေ။
လူကြီးတွေက မည်သို့ပင် တားမြစ်ထားပေမယ့် ပါလက်စတိုင်း လူငယ်များသည် သေဆုံးသွားသည့် ရှာရာကီ၏ အသုဘကို လိုက်လံ ပို့ဆောင်နေကြသည်။ ဂါဇာတွင် အခြေချ နေထိုင်သည့် ဂျူးများနှင့် အစ္စရေး တပ်သားများ ၏ လက်အောက် ကျရောက်နေသည့် ဘဝကို မကျေနပ်ကြ။ သူတို့ဘဝကို သူတို့ ပြဋ္ဌာန်းခွင့် ရရေးကို ကြိုးပမ်းနေကြသည်။
ပါလက်စတိုင်း လူငယ်များ၏ ဒေါသမာန်
Most Read
Most Recent
4 hours ago










