နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၄)

နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၄)
Published 15 October 2015
မင်းလွင် (ဆေး-၂)

မသမာမှုကို ရွံမုန်းတဲ့ ဓလေ့ထုံးတမ်း
လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှာ အစဉ်အလာအရကို မသမာမှုကို ရွံမုန်းတဲ့ အပြုအမူ ဓလေ့ထုံးတမ်း ပုံစံက ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ခြစားမှုတွေကို ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ အကောင်းဆုံး ဥပမာကတော့ ဆွီဒင်နိုင်ငံပါ။ ဆွီဒင်မှာ အပြုသဘောဆောင်တဲ့ စံတန်ဖိုးတွေဆီ တိမ်းညွတ်နိုင်ဖို့ ယဉ်ကျေးမှု အရကို ခိုင်မာ အားကောင်းပါတယ်။ အဲဒီတော့ နိုင်ငံရေး ခြစားမှု ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
အဲဒီလို အစဉ်အလာကို ပျိုးထောင်ထားတဲ့ ကောင်းကျိုးကတော့ ရွေးကောက်ပွဲ စနစ်တွေနဲ့ ရွေးကောက်ပွဲမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့ ပတ်သက်ပြီး မသမာမှုတွေ ဖြစ်ပေါ်ဖို့ ထိထိရောက်ရောက် ကာကွယ်နိုင်တာပါပဲ။ အဲဒီမှာ ကြံကြံဖန်ဖန် ဘေးထွက်ဆိုးကျိုး တစ်ခုလည်း ရှိပါသေးတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ မသမာမှုကို ရွံမုန်းတဲ့ အစဉ်အလာက စွဲမြဲနေတာမို့ ရွေးကောက်ပွဲတွေကို ပိုလို့ယုံကြည်ကြပြီး မသမာမှုတွေ ရှိမယ်လို့  သံသယနဲ့ မကြည့်တတ်တာပါပဲ။ ဒီတော့ မသမာမှုတွေကို ကာကွယ်ဖို့နဲ့ စုံစမ်း ထောက်လှမ်းဖို့ အားထုတ်မှုတွေကို အကောင်အထည် ဖော်ရာမှာ ခက်ခဲမှုတွေ ဖြစ်ပေါ်စေပါတယ်။
လျှို့ဝှက်မဲပေးခြင်း
လျှို့ဝှက်မဲ ပေးခြင်းစနစ်မှာ သူဘယ်သူ့ကို မဲပေးခဲ့သလဲဆိုတာ မဲပေးသူ တစ်ယောက်တည်း သိပါတယ်။ အဲဒါဟာ မဲပေးသူကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်းနဲ့ ရန်ပြုခြင်းတွေကနေ ကာကွယ်ပေးနိုင်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အာမခံနိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ အဲဒီ လျှို့ဝှက် မဲပေးခြင်းစနစ်ကို ရှေးခေတ်က ဂရိတွေ ကျင့်သုံးခဲ့ဖူးပေမယ့်လို့ ၁၇၉၅ ခုနှစ် ပြင်သစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာမှ အထင်အရှား ပါဝင်လာပြီး ၁၉ ရာစုကျမှသာ ထင်ရှားလာတာ ဖြစ်ပါတယ်။
လျှို့ဝှက်မဲပေးခြင်းဟာ သမိုင်းမှာတော့ ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အခု သြစတြေးလျ နိုင်ငံထဲက ပြည်နယ်ဖြစ်တဲ့ တက်စ်မေးနီးယားမှာ ၁၈၅၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် ရွေးကောက်ပွဲမှာ ပထမဆုံး စတင် ကျင့်သုံးခဲ့တယ်လို့ မှတ်တမ်းတင် ထားပါတယ်။ နောက်ရာစုနှစ် အရောက်မှာတော့ လျှို့ဝှက်မဲပေးခြင်းစနစ် ကျင့်သုံးမှုဟာ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံအများစုကို ပျံ့နှံ့သွားပါတယ်။ အဲဒီစနစ် မတိုင်ခင်ကတော့ ဘယ်သူ့ကို မဲပေးလိုက်သလဲဆိုတာ လူမြင်သူမြင် ပေါ်တင်ကြီး ပေးရတာမို့ မဲပေးတဲ့သူကို ခြိမ်းခြောက်တာမျိုး ငွေကြေး သို့မဟုတ် အခွင့်အရေး ပေးပြီး မဲထည့်ခိုင်းတာမျိုး ရှိခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှု
ရွေးကောက်ပွဲ မသမာမှုတွေ မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းအများစုမှာ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တာကနေ မဲပေးခြင်းနဲ့ စာရင်းသွင်းခြင်းအထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်လျှောက် လုံး၀ ပွင့်လင်း မြင်သာမှုရှိအောင် ပြုလုပ်ခြင်း ပါဝင်ပါတယ်။ ရွေးကောက်ပွဲရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို သမာသမတ် ကျပါတယ်လို့ အာမခံနိုင်ခြင်းက အဓိက ကျပါတယ်။
ဗဟိုအဆင့် စာရင်းသွင်းရာမှာ မသမာမှုတွေကို ကာကွယ်ဖို့ မဲရုံတစ်ခုချင်းစီက ရလဒ်တွေကို လူသိရှင်ကြား ထုတ်ပြန်ရပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အာဏာပိုင်တွေ အနေနဲ့ မဲရေတွက်ပြီး စာရင်းပေါင်းရာမှာ မှန်မှန်ကန်ကန် လုပ်ပါတယ်လို့ မဲဆန္ဒရှင်တွေကို သက်သေပြဖို့ တစ်ခုတည်းသော နည်းပါပဲ။
တချို့က အစအဆုံး စာရင်းစစ်လို့ရတဲ့ မဲပေးခြင်း စနစ်တွေကို ကျင့်သုံးပါတယ်။ သူတို့ရဲ့ မဲတွေကို မှန်မှန်ကန်ကန် ထည့်ခဲ့ပါတယ်လို့ အတည်ပြုပေးတဲ့ ဖြတ်ပိုင်းတစ်ခုကို မဲဆန္ဒရှင်တွေကို ပေးပါတယ်။ အဲဒီဖြတ်ပိုင်းတွေ စာရင်းစစ်ပြီး ရလဒ်တွေကို မှန်မှန်ကန်ကန် စာရင်းသွင်းထားရဲ့လား၊ မဲတွေအားလုံးကို တရားဝင် မဲဆန္ဒရှင်တွေက ပေးခဲ့တာ ဟုတ်ရဲ့လားဆိုတာ တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဖြတ်ပိုင်းမှာ သူတို့ဘယ်လို မဲပေးခဲ့သလဲဆိုတာ မဲဆန္ဒရှင်တွေ အနေနဲ့ တခြားသူတွေကို သက်သေပြလို့ ရအောင် ခွင့်မပြုပါဘူး။ အဲဒီလို ခွင့်ပြုရင် အတင်းအကျပ် မဲပေးခိုင်းတာတွေနဲ့ ခြိမ်းခြောက် အကျပ်ကိုင်တာတွေကို အားပေးသလို ဖြစ်မှာစိုးလို့ပါ။
ရွေးကောက်ပွဲများစွာမှာ မသမာမှုတွေကနေ ကာကွယ်ရာမှာ အထောက်အကူ ပြုဖို့နဲ့ ရွေးကောက်ပွဲဟာ တရားမျှတပါတယ်လို့ မဲဆန္ဒရှင်တွေကို နှစ်သိမ့်ပေးနိုင်ဖို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကို အသုံးပြုလေ့ ရှိပါတယ်။ နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ (နှစ်ဦးနှစ်ဖက်ရော ဘက်ပေါင်းစုံကရော) ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ဖို့ ဖိတ်ခေါ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်တဲ့ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဥရောပ အဖွဲ့အစည်း (OSCE)၊ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး မစ်ရှင်များ၊ ဓနသဟာယ နိုင်ငံများအဖွဲ့ (CIS) လေ့လာ စောင့်ကြည့်ရေး မစ်ရှင်များနဲ့ NGO တွေက ကြီးမှူးတဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ ရှိပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာတဲ့ NGO အဖွဲ့တွေထဲမှာ CIS-MEO၊ ဥရောပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့များကွန်ရက် (ENEMO) အစရှိတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။ တချို့နိုင်ငံတွေကတော့ တခြားနိုင်ငံတွေက လေ့လာ စောင့်ကြည့်သူတွေကိုလည်း ဖိတ်ခေါ်တတ်ပါတယ်။ ဥပမာအနေနဲ့ ပါတီကြီး နှစ်ခု ပြိုင်မယ်ဆိုရင် ဟိုဘက်ပါတီကရော ဒီဘက်ပါတီကပါ သူတို့ ယုံကြည်အားထားတဲ့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေကို အပြိုင်ဖိတ်ခေါ်ကြတာမျိုးပါ။
ဒါ့အပြင် တချို့နိုင်ငံတွေရဲ့ ဥပဒေမှာ ပြည်တွင်းက လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကိုလည်း ခွင့်ပြုထားပါတယ်။ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေဟာ ပါဝင်ပတ်သက်သူတွေ (ပါတီတစ်ခု ကိုယ်စားလှယ်လောင်းတစ်ဦးကို လိုလားတဲ့သူတွေ) ဖြစ်နိုင်သလို ပါဝင်ပတ်သက်မှု မရှိသူတွေ (အရပ်ဘက် လူ့အဖွဲ့အစည်းများ)လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံအသီးသီးက ကွဲပြားခြားနားတဲ့ ဥပဒေတွေမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မှုတွေနဲ့ ပတ်သက်ပြီး ပုံသဏ္ဌာန်တွေနဲ့ အတိုင်းအတာတွေက အမျိုးမျိုး ကွဲပြားခြားနားပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းထားမှုတွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၉၀ ကိုပင်ဟေဂင် သဘောတူညီချက်ရဲ့ အပိုဒ် ၈ မှာ “OSCE မှာ ပါဝင်တဲ့နိုင်ငံ တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနေတဲ့ နိုင်ငံတွေအတွက် ပြည်တွင်းနှင့် ပြည်ပလေ့လာသူတွေ ရှိခြင်းက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အားပေးနိုင်သလားဆိုတာ စဉ်းစားရမယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံတွေ အနေနဲ့ OSCE မှာ ပါဝင်တဲ့ အထဲက တခြားနိုင်ငံတွေနဲ့ ဆန္ဒရှိတဲ့ တခြား သင့်တော်တဲ့ အဖွဲ့အစည်းတွေကို အမျိုးသား ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်လျှောက်လုံး လေ့လာနိုင်အောင်လို့ ဥပဒေမှာ အတိုင်းအတာ တစ်ခုနဲ့ ခွင့်ပြုထားရမယ်။ သူတို့အနေနဲ့လည်း တခြားနိုင်ငံတွေက နိုင်ငံအဆင့် ကျင်းပတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို အလားတူ လေ့လာမှုမျိုး လုပ်ရာမှာ ပါဝင်ကူညီဖို့ အားထုတ်ရမယ်။ အဲ့ဒီလို လေ့လာသူတွေဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကိုတော့ ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်မိဖို့ သတိထားရမယ်”လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ အဲ့ဒီလို စောင့်ကြည့် လေ့လာသူတွေဟာ မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားပြီး ဖိနှိပ်တာမျိုး၊ မဲပေးတဲ့ စနစ်မှာသုံးတဲ့ ကိရိယာတွေကို ကိုင်တွယ်ရာမှာ မသမာမှု ရှိတာမျိုးတွေကို မဖော်ထုတ်နိုင်ဘူးလို့ ထောက်ပြကြပါတယ်။
စာရင်းအင်းဆိုင်ရာ အညွှန်းများ
ရွေးကောက်ပွဲ မသမာမှုအတွက် အညွှန်းတွေအဖြစ် အသုံးပြုနိုင်တဲ့ စာရင်းအင်းပုံစံ အမျိုးမျိုး ရှိပါတယ်။ ဥပမာအနေနဲ့ မဲရုံကနေ မဲပေးပြီး ထွက်လာတဲ့သူတွေကို တစ်ယောက်ချင်း ထိုင်စောင့်ပြီး ကောက်ယူတဲ့ စစ်တမ်းဟာ ထွက်ပေါ်လာတဲ့ နောက်ဆုံးရလဒ်တွေကနေ ကွဲပြား ခြားနားနေသလား ဆိုတာမျိုးပါ။ အကျအန ဆောင်ရွက်တဲ့ အဲ့ဒီလို စစ်တမ်းမျိုးဟာ ရွေးကောက်ပွဲ မသမာမှုကို ဟန့်တားပေးနိုင်ပါတယ်။ ဒါပေမဲ့ တိကျမှု မရှိဘူးလို့ နာမည်ပျက်ခဲ့တဲ့ စစ်တမ်းတွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ချက်နိုင်ငံမှာ တချို့မဲပေးခဲ့သူတွေက သူတို့အနေနဲ့ ကွန်မြူနစ်ပါတီကို မဲပေးခဲ့ပါတယ်လို့ ဝန်ခံရမှာ ကြောက်တာမျိုး၊ ဒါမှမဟုတ် ရှက်တာမျိုး ရှိခဲ့ပါတယ်။ (ဒါကြောင့် ချက်နိုင်ငံက ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာ ကွန်မြူနစ်ပါတီ ရရှိတဲ့ မဲအရေအတွက်ဟာ အမှန်တကယ် ရလဒ်ထက် စစ်တမ်းမှာ နှစ်ရာခိုင်နှုန်း သုံးရာခိုင်နှုန်းလောက် လျော့နည်းနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ သိပ်အများကြီးတော့ မကွာဘူးလို့ ဆိုနိုင်ပါတယ်)။
လူတစ်ဦးက သူမဲပေးခွင့်ရှိတဲ့ တစ်မဲထက် ပိုပြီး ထည့်သွားတဲ့အခါ အဲ့ဒီမဲရုံတွေမှာ ကိုယ်စားလှယ်တစ်ဦးရဲ့ ရလဒ်တွေဟာ စစ်တမ်းထက် ပိုကောင်းနေပြီး တကယ်မဲပေးသူ အရေအတွက်ထက် မဲအရေအတွက်က ပိုများနေတာ တွေ့ရပါလိမ့်မယ်။ မဲအရေအတွက်နဲ့ မဲလာပေးသူ အရေအတွက် ရာခိုင်နှုန်းကို ဂရပ်ဆွဲကြည့်ရင် မသမာမှုတွေ ဘယ်အတိုင်းအတာထိ ရှိခဲ့လဲဆိုတဲ့ အညွှန်းတစ်ခုကို ရပါလိမ့်မယ်။ ကိုယ်စားလှယ်လောင်း တစ်ဦး အသာစီးရအောင် မဲတွေပိုထည့်သွားတာက မဲတွေအပေါ် သက်ရောက်မှုနဲ့ အဲ့ဒီကိုယ်စားလှယ်နဲ့ တခြားကိုယ်စားလှယ်တွေရဲ့ စစ်တမ်းအရ မဲရရှိမှု အချိုးတွေ ဂရပ်ဆွဲကြည့်လို့ လည်းရပါတယ်။ အဲ့ဒီလို အညွှန်းတွေက မဲလိမ်မှု ပမာဏ ဘယ်လောက်ရှိခဲ့လဲဆိုတဲ့ အရေအတွက်ဆိုင်ရာကို သုံးသပ်နိုင်ပါတယ်။ ပယ်မဲအရေအတွက် များခြင်း၊ မဲလာပေးသူထက် မဲအရေအတွက် လျော့နည်းနေခြင်း၊  မဲလာပေးသူထက် မဲအရေအတွက် ပိုများနေခြင်း အစရှိတာတွေဟာ မဲသမာမှုကို သုံးသပ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အညွှန်းတွေပါပဲ။
တရားစွဲဆိုခြင်း
ဥပဒေအားကောင်းပြီး ထိရောက်တဲ့ တရားစီရင်ရေး စနစ်ရှိတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲ မသမာမှု ကျူးလွန်တာတွေကို တရားစွဲဆို နိုင်ပါတယ်။ ဒါပေမဲ့ တရားစွဲဆိုနိုင်တာ သက်သက်နဲ့တော့ မလုံလောက်ပါဘူး။  ရွေးကောက်ပွဲ မသမာမှုကို မိသွားရင် အပြစ်ဒဏ် ကြီးနိုင်ပေမယ့်လို့ မသမာမှု အောင်မြင်သွားရင် ဆုလာဘ်က ပိုပြီးကြီးတာမို့ စွန့်စားရတာ ထိုက်တန်နေသလို ဖြစ်သွားနိုင်ပါတယ်။ ရနိုင်တဲ့ ဆုလာဘ်က အကျိုးအမြတ် အတိုင်းအတာ အမျိုးမျိုးကနေ တိုင်းပြည် တစ်ပြည်လုံးကို လုံးဝချုပ်ကိုင်နိုင်တဲ့အထိ ကျယ်ဝန်းလွန်းလှ ပေတာကိုး။
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဟောင်း ဂလော်ရီယာမာကာပါဂယ်အာရိုယိုကို ၂၀၁၁ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ၂၀၀၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ မသမာမှုအတွက် တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အာရိုယိုဟာ မာဂူအင်ဒါနာအိုပြည်နယ်မှာ သူ့ပါတီက အမတ်နေရာကို အနိုင်ရရှိဖို့ မဲရလဒ်ထုတ်ပြန်ရာမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ အာဏာပိုင်တွေနဲ့ ပူးပေါင်းကြံစည်ပြီး မသမာမှုတွေ လုပ်ခဲ့တယ်လို့ စွဲချက်တင်ခံရပါတယ်။
ဆက်လက်ဖော်ပြပါမည်

Most Read

Most Recent