ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် တရားခံတင်မြင့်အား တောင်ပိုင်းခရိုင်တရားရုံး၌ ဒုတိယအကြိမ်အဖြစ် ယနေ့ ရုံးထုတ်စစ်ဆေးမည်

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် တရားခံတင်မြင့်အား တောင်ပိုင်းခရိုင်တရားရုံး၌ ဒုတိယအကြိမ်အဖြစ် ယနေ့ ရုံးထုတ်စစ်ဆေးမည်
Published 14 October 2015
အောင်ကျော်ထက်

သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် တရားခံတင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံးနှင့် သန်လျင်မြို့နယ် တရားရုံးတို့၌ ဒုတိယအကြိမ်အဖြစ် ယနေ့ (အောက်တိုဘာ ၁၄) တွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရုံးချိန်းတုန်းကတော့ တင်မြင့်ကို ဖမ်းဆီးတဲ့နေ့က ပါဝင်ခဲ့တဲ့ ဒုရဲတပ်ကြပ် ဇေယျထွန်းနဲ့ တပ်ကြပ် ကိုကိုထွန်းတို့ကို စစ်ဆေးပါတယ်။ တရားလို အနေနဲ့ ဒုရဲအုပ် မျိုးမင်းသန်းပါ။ ဒီအပတ် ရုံးချိန်းမှာလည်း တရားလိုပြ သက်သေတွေ ထပ်မံ စစ်ဆေးသွားမှာပါ”ဟု သန်လျင် မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သည့်ရုံးချိန်း၌ တရားခံ တင်မြင့်အား ရုံးထုတ်ရာ၌ လုံခြုံရေးအရ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် လုံခြုံရေးယူကာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းသို့ စစ်ဆေးနေစဉ်အတွင်း တောင်ပိုင်းခရိုင် တရားရုံးအတွင်းသို့ အပြင်လူဝင်ခွင့် ပိတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တရားခံတင်မြင့်အား ယခုရုံးချိန်းတွင် ၂၀၁၄ ခုနှစ် မေလက အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင် ခဲ့သည့်အမှုအား သန်လျင်မြို့နယ် တရားရုံး၌ ပုဒ်မ ၃၂၆ ဖြင့် ဆက်လက် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
တရားခံ တင်မြင့်အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ပင် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေး အဖြစ် ကြေညာထားခံရပြီး စက်တင်ဘာ ၂ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ သဘာ၀ တည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ဓားဖြင့် ပြန်လည် ခုခံ ထိုးသတ် ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံး သွားခဲ့ကြောင်း သိရသည်။
တရားခံတင်မြင့်မှာ အသက် (၄၇)နှစ်ရှိ ပြီဖြစ်ကာ ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် အမှု ပေါင်းများစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent