ရှစ်နှစ်အရွယ် မိန်းကလေးကို အဓမ္မ ပြုကျင့်သည်ဟု အမှု ဖွင့်ခံထားရသူ တပ်မတော်သား တစ်ဦးအား အမှုသုံးခုဖြင့် စစ်ခုံရုံးက စစ်ဆေးနေပြီး ၎င်းမိန်းကလေးမှာ နာတာရှည် အာဟာရ ချို့တဲ့ရောဂါဖြင့် ရန်ကုန် ကလေးအထူးကု ဆေးရုံတွင် ဆေးကုသမှုခံယူနေ

ရှစ်နှစ်အရွယ် မိန်းကလေးကို အဓမ္မ ပြုကျင့်သည်ဟု အမှု ဖွင့်ခံထားရသူ တပ်မတော်သား တစ်ဦးအား အမှုသုံးခုဖြင့် စစ်ခုံရုံးက စစ်ဆေးနေပြီး ၎င်းမိန်းကလေးမှာ နာတာရှည် အာဟာရ ချို့တဲ့ရောဂါဖြင့် ရန်ကုန် ကလေးအထူးကု ဆေးရုံတွင် ဆေးကုသမှုခံယူနေ
Published 13 October 2015
သားရွှေဦး (ကစ္ဆပ)၊ သန်းလှိုင် (စစ်တွေ)

အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား အဓမ္မ ပြုကျင့်သည်ဟု အမှုဖွင့် အရေးယူခြင်း ခံရသူ တပ်မတော်သားတစ်ဦးအား အမှုသုံးခုဖြင့် စစ်ခုံရုံးမှ စစ်ဆေးနေပြီး  အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်မှာ နာတာရှည် အာဟာရ ချို့တဲ့ ရောဂါဖြင့် ရန်ကုန် ကလေးအထူးကု ဆေးရုံတွင် ဆေးကုသ ခံနေရကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီ က ရပ်ကွက်နေ နာမကျန်း ဖြစ်နေသည့် ရှစ်နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသော တပ်ရင်း ၃၅၄ မှ ဒုတပ်ကြပ် နေဝင်းအောင်ကို မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ တပ်မတော်ကို ပြည်သူကြားထဲ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ဖြင့် စစ်ခုံရုံးတွင် စွဲချက်တင်ထားသည်ဟု စစ်တွေ အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီမှ ပေါင်းစပ် ညှိနှိုင်းရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။
၎င်းအမျိုးသမီးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး ရခိုင် လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီက အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကဲတော်မင်း ကျောင်းတွင် ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်စဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတပ်ကြပ် နေဝင်းအောင်သည် ဝူရှူး ပညာ တတ်ကျွမ်းသူတစ်ဦးဖြစ်ပြီး အမ်းတွင် တာဝန်ဖြင့် သွားနေပြီး ခွင့်တိုင်ကြားခြင်း မရှိဘဲ စစ်တွေသို့ ပြန်လာစဉ် ယင်းသို့ အဓမ္မ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားပါက စစ်ခုံရုံးမှ ပြစ်ဒဏ် အမိန့်ချပြီး ထောင်ကျသည်နှင့် တပ်မတော်မှ ထုတ်ပယ်ကာ အရပ်ဘက် ထောင်သို့ ပြောင်းရွှေ့ပေးမည် ဖြစ်ကာ သူ့အား အဓမ္မပြုကျင့်မှုဖြင့် တရားစွဲပြီး အရပ်ဘက် တရားရုံးတွင် စစ်ဆေးရန် လုပ်ဆောင်သွားမည်ဟု ရခိုင်လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီက သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ပ-၂၀၃/၃၇၆ ဖြင့် အမှုဖွင့်ထားသော်လည်း စက်တင်ဘာ ၂၅ ရက်က စစ်ခုံရုံးဖြင့် စစ်ဆေးမည်ဟုဆိုကာ တပ်မတော်မှ ဒေသဆိုင်ရာ အရာရှိများက ရဲစခန်းမှ ထုတ်ယူသွားခြင်း ဖြစ်ပြီး ယင်းနောက်ပိုင်း ပြည်သူကြားထဲတွင် သတင်းများစွာ ထွက်ပေါ်နေခဲ့သည်။
အဆိုပါ အမျိုးသမီးငယ်သည် မိခင်ဖြစ်သူ သွေးကင်ဆာဖြင့် သေဆုံးကတည်းက စိတ်ဝေဒနာကို ခံစားခဲ့ရပြီး အာဟာရချို့တဲ့သည့် ရောဂါကို ခံစားနေရသူ တစ်ဦးဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေစဉ် အဓမ္မပြုကျင့် ခံရသည်ဟု ယူဆရသော အမျိုးသမီးငယ်သည် နာမကျန်း အသည်းအသန်ဖြစ်၍ ရခိုင်ပြည်နယ် အစိုးရနှင့် လူမှုအဖွဲ့အစည်းများ စီစဉ်မှုဖြင့် အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ရှိ ကလေးဆေးရုံသို့ ပို့ဆောင် ကုသနေရကြောင်း သိရသည်။
အဓမ္မပြုကျင့်မှု ရှိ မရှိကို သိရှိနိုင်ရန် ယခုအခါ ဓာတုဗေဒနည်းအရ စမ်းသပ်မှု ပြုလုပ်နေဆဲ ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent