လာမည့် ဒီဇင်ဘာတွင် စီရင်ချက်ချမည့် လိပ်ကျွန်းအမှု တရားမျှတမှု ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း စွပ်စွဲခံရသူ မြန်မာလုပ်သားနှစ်ဦး ပြောကြား

လာမည့် ဒီဇင်ဘာတွင် စီရင်ချက်ချမည့် လိပ်ကျွန်းအမှု တရားမျှတမှု ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း စွပ်စွဲခံရသူ မြန်မာလုပ်သားနှစ်ဦး ပြောကြား
Published 13 October 2015
နန်းစုနှင်းထွေး

လာမည့် ဒီဇင်ဘာ ၂၄ ရက်တွင် လိပ်ကျွန်းအမှု စီရင်ချက်ချရာ၌ တရားမျှတမှု ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း  နောက်ဆုံး ရုံးချိန်းအပြီး စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးက စာရေးသား ပေးပိုခဲ့ကြောင်း  ထိုင်း နိုင်ငံအခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ ကိုစိန်ဌေးက ပြောကြားသည်။
ဝေဖြိုး (ဝင်းဇော်ထွန်း)၊ ဇော်လင်းဟု လက်မှတ် ရေးထိုးထားသော အဆိုပါစာ၌ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြသည့်အတွက် ဝမ်းသာမိကြောင်း၊ အမှုနှင့် ပတ်သက်ပြီး မိမိတို့နှစ်ဦးအပေါ် ယုံကြည်ပြီး ကူညီ ပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း၊ မကြာမီ ချမှတ်မည့် စီရင်ချက်သည် တရားမျှတမှု ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မိမိတို့ နှစ်ဦးအပေါ်တွင် တရားမျှတစွာ ဆုံးဖြတ် ပေးလိမ့်မည်ဟု ယုံကြည်ကြောင်းစသဖြင့် ရေးသားထားသည်။
“ဒီစာက ၁၁ ရက် ရုံးချိန်းအပြီးမှာ ကျွန်တော်တို့ဆီက နိုင်ငံခြားရေးရာ အကြံပေး အန်ဒီဟောကို ဝင်းဇော်ထွန်းနဲ့ ဇော်လင်းက ပေးလိုက်တာပါ။ ကျွန်တော်တို့ကို ပေးလိုက်တယ် ဆိုပေမယ့် အားလုံးကို ရည်ရွယ်တာပါ” ဟု  ထိုင်းနိုင်ငံအခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)မှ  ဒါရိုက်တာကိုစိန်ဌေးက ပြောကြားသည်။
အောက်တိုဘာ ၁၀၊ ၁၁ ရက်တွင် လိပ်ကျွန်း လူသတ်မှု၏ နောက်ဆုံး ရုံးချိန်း ခေါ်ယူခဲ့ပြီး လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးကို ထပ်မံ စစ်ဆေးခဲ့ရာ ဝင်းဇော်ထွန်း စီစီတီဗွီတွင် ပြေးလွှားနေသည်မှာ မိမိမဟုတ်ကြောင်း၊ စတင် အဖမ်းခံရစဉ်က မိမိမဟုတ်ကြောင်း ငြင်းဆိုခဲ့ သော်လည်း ရဲများ၏ ရိုက်နှက်မှုကို မခံနိုင်တော့သည့်အတွက် နောက်ဆုံးတွင် ဝန်ခံခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး  ထိုင်းနိုင်ငံတွင်း ခိုးဝင်မှုနှင့် တရားမဝင် နေထိုင်မှုတို့ကို ဝန်ခံခဲ့သည်ဟု သိရသည်။
အဆိုပါ ရုံးချိန်း၌ တရားလိုဘက်မှ စွပ်စွဲထားသည့် အချက်များကို ပြန်လည် ချေပနိုင်ခဲ့ခြင်း၊ စွပ်စွဲခံ မြန်မာ အလုပ်သမားနှစ်ဦးသည် ပြစ်မှုထင်ရှားကြောင်း တရားလိုဘက်မှ သက်သေ မပြနိုင်ခြင်းတို့အတွက် စွပ်စွဲခံထားရသူ မြန်မာအလုပ်သမားနှစ်ဦး အနေဖြင့် ဥပဒေအရ အသာစီးရထားကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန်းက ဆိုသည်။                                  

Most Read

Most Recent