ပြောင်းလဲခြင်း အသီးအပွင့်နှင့် မှန်ကန်သော ရွေးချယ်မှု

ပြောင်းလဲခြင်း အသီးအပွင့်နှင့် မှန်ကန်သော ရွေးချယ်မှု
Published 12 October 2015
သစ်ထွဋ်

လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပြောင်းလဲမှုများစွာ ရှိလာစေမယ်လို့ ပညာရှင်များက ဝိဂြိုဟ် ပြုထားခဲ့ရာ နိုင်ငံရဲ့မောင်းနှင်အား ဖြစ်တဲ့ စီးပွားရေး ကဏ္ဍအတွက်လည်း ပြုပြင် ပြောင်းလဲမှုများ လိုအပ်လျက်ရှိတယ်လို့ ဝေဖန်ထောက်ပြမှု တွေရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ လက်ရှိအစိုးရ ဖြစ်တည်လာတဲ့ အခြေခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ဟောပြောပွဲတွေမှာ လက်ရှိအစိုးရ ဦးဆောင်ခဲ့တဲ့ နှစ်တွေအတွင်း ပြောင်းလဲမှုများစွာ ရရှိနေပြီဖြစ်ကြောင်း ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနဲ့ ပြည်သူများ မိတ်ဆက်ပွဲမှာတော့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြည်သူများအနေဖြင့် တိုးတက်မှုများရဲ့ အသီးအပွင့်များကို စတင် ခံစားနေရပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ငွေတွေ သဲ့ယူနေ
တကယ်တော့ လက်ရှိအချိန်မှာ ဒေသတွင်း နိုင်ငံအများစုနဲ့ ယှဉ်ရင် နောက်ကျနေပြီ ဖြစ်တဲ့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ ယခုထက်ပိုပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြ မှုတွေရှိနေပါတယ်။ ၂၀၁၀ ရွေး ကောက်ပွဲက ပေါ်ထွက်လာခဲ့တဲ့ လက်ရှိအစိုးရ လက်ထက်မှာ ယခင်ကထက် စီးပွားရေး တံခါးဖွင့်မှုများ ရှိခဲ့သော်လည်း နိုင်ငံရဲ့လူအများစုဖြစ်တဲ့ အခြေခံ ပြည်သူအများစု အပေါ် သက်ရောက်စေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုတော့ မဖော်ဆောင်နိုင်ခဲ့ဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေလို့ မကြာခဏ ဟစ်ကြွေးနေတဲ့ အထဲမှာ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ပိုပြီး သုံးစွဲလာနိုင်ခြင်းနဲ့ မော်တော်ယာဉ်များ လွတ်လပ်စွာ တင်သွင်းခွင့် ပြုခဲ့ခြင်း ဆိုတာတွေ ပါပါတယ်။ တကယ်တမ်း ကြည့်ရင်တော့ မြန်မာနိုင်ငံမှာ ပေါလာတယ်ဆိုတဲ့ မိုဘိုင်း ဆင်းမ်ကတ်တွေဟာ ဒေသတွင်းနိုင်ငံတွေမှာ အလကားရနေတာ ကြာပြီ ဖြစ်ပါတယ်။ သူများတွေဆီမှာ အလကား ရပေမယ့် မြန်မာနိုင်ငံမှာတော့ မိုဘိုင်းဖုန်း ဆင်းမ်ကတ်တွေကို ဒီနေ့အချိန်ထိ ကျပ် ၁၅၀၀ နဲ့ ပေးဝယ်နေရဆဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေ ပိုသုံးလာနိုင်တဲ့နောက် ပြည်သူတွေဆီက ငွေတွေ သဲ့ယူနေကြတာ ဖုန်းပြောခနဲ့ ဖုန်းကတစ်ဆင့် အင်တာနက် ကြည့်ခတွေပဲ ဖြစ်ပါတယ်။
အများအတွက်မဟုတ်
နောက်တစ်ခုက မော်တော်ယာဉ် တင်သွင်းခွင့်လို့ ဆိုပါတယ်။ ဒါကိုကြည့်ရင်လည်း ယခင်က အကန့် အသတ်ရှိခဲ့တဲ့ မော်တော်ယာဉ် တင်သွင်းခွင့်တွေ ဖြေလျှော့ပေးတဲ့နောက် ဒေသတွင်း နိုင်ငံများထက် အဆ ပေါင်းများစွာ ဈေးပေါက်နေတဲ့ ကားဈေးနှုန်းတွေ ကျသွားခဲ့ပါတယ်။ ဒီအတွက် ယခင်ကထက် သက်သာတဲ့ ဈေးနဲ့ လူတွေ ကားပိုစီး လာနိုင်ကြပါတယ်။ သို့ပေမဲ့လည်း ကားတွေ တင်သွင်းခွင့် ပြုလိုက်ပေမယ့် လမ်းတွေကို အဆင့်မီ မတိုးချဲ့ထားတဲ့အတွက် ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ အဆိုးဆုံး အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။ နိုင်ငံလူဦးရေ ရဲ့ ၁၀ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို အများဆုံး ခါးစည်း ခံကြရသူတွေကတော့ ခရီးသည်တင် ယာဉ်တွေကို အသုံးပြုနေ ကြရတဲ့ အခြေခံ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ယာဉ်ကျော ပိတ်ဆို့မှုများကြောင့် လူအများစုဟာ တန်ဖိုး ရှိလှတဲ့အချိန်တွေကို နေ့စဉ် ကားပေါ်မှာပဲ နာရီနဲ့ချီအောင် ကုန်ဆုံး နေကြရပါတယ်။ အချို့ဆိုရင် အလုပ်သွား အလုပ်ပြန် သုံးနာရီကျော်ခန့်ကို ခရီးသည်တင် ယာဉ်တွေပေါ်မှာ အချိန်တွေ ကုန်ဆုံးနေကြရပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အရင်မဖန်တီးဘဲ ကားတွေကို တင်သွင်းခွင့် ပြုခဲ့လို့ အခက်အခဲ ကြုံရတာ ပြည်သူအများစုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားတင်သွင်းခွင့်ဟာ ပြည်သူအများစုအတွက်တော့ အပြောင်းအလဲဆိုတာထက် အခက်အခဲတွေ ပိုဖြစ်စေခဲ့တာပါ။
ကျေးလက်စီးပွားရေး
တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် နိုင်ငံရဲ့အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ စီးပွားရေး ကဏ္ဍဟာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုးတက်မှု ထင်သလောက် မရှိခဲ့ပါဘူး။ ကျေးလက်နေ ပြည်သူလူထုရဲ့ အဓိက စီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်း ထင်သလောက် မဖွံ့ဖြိုး လာခြင်းက နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်လည်း သက်ရောက်မှု ရှိစေပါတယ်။ ဒီနေ့အချိန်မှာ ပြန်ကြည့်ရင် လယ်ယာလုပ်ငန်းမှာ စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့ ရောင်းချခြင်းများတွင် လိုအပ်ချက် များစွာ ရှိနေပြီး ရင်းနှီးငွေ နည်းပါးခြင်း၊ လုပ်သား ရှားပါးလာခြင်း၊ နည်းပညာ ချို့တဲ့ခြင်း များကြောင့် ထုတ်လုပ်မှု စရိတ်တွေ မြင့်တက် နေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း လယ်ယာ ကဏ္ဍအတွက် သုတေသန လုပ်ငန်းများ လုပ်ဆောင်မှု အားနည်းခဲ့သလို စိုက်ပျိုးရေးအတွက် ရင်းနှီးငွေ လိုအပ်ချက်ကိုလည်း အစိုးရက အလုံးစုံ မဖြည့်ဆည်း ပေးနိုင်ခဲ့ပါဘူး။ လုပ်သား ရှားပါးမှုကို ကာမိနိုင်မယ့် လယ်ယာသုံး စက်ကိရိယာတွေဟာလည်း ဈေးနှုန်း ကြီးမြင့်တာကြောင့် လယ်သမား အများစုမှာ ဝယ်မသုံးနိုင်ကြပါဘူး။ စက်ကိရိယာ အနည်းအကျဉ်းကို ချေးငွေစနစ်နဲ့ ရောင်းချပေးမှု အချို့ရှိပေမယ့်လည်း လုပ်ငန်းခွင်တွင် အသုံးမတည့်ခြင်း၊ ဈေးနှုန်း ကြီးမြင့်ခြင်းတွေကြောင့် ရင်းနှီးထားနိုင်တဲ့ အခြေအနေ မရှိခြင်းတွေဟာလည်း ကျေးလက်ရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုများ ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုအခြေအနေမှာ ခေတ်အဆက်ဆက် လယ်ယာမြေများကို  သိမ်းဆည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးရာမှာ နှောင့်နှေးမှုများ ရှိခဲ့တာကြောင့် ဒီနေ့အချိန်အထိ လယ်ယာမြေ အတွက် ဆန္ဒထုတ်ဖော်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
လိုက်မမီကြ
အခုလို နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနေထိုင်တဲ့ ကျေးလက်နေ ပြည်သူလူထုရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အခက်အခဲတွေ ရှိခဲ့တာကြောင့် အခြေခံလူထုရဲ့ စီးပွား ရေး အခြေအနေတွေဟာ ထင်သလောက် မတိုးတက်သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ရရှိ ရေးမှာလည်း လိုအပ်ချက်တွေ ရှိနေပြီး သန်းနဲ့ချီတဲ့ နိုင်ငံသားတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေရဆဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ပေးခဲ့ပေမယ့် ယခင်ရရှိထားတဲ့ ခံစားခွင့်တွေ မရတော့လို့ လုပ်သား ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေသလို ပြည်တွင်းမှာ အလုပ်လက်မဲ့နှုန်း မြင့်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
လုပ်ခလစာတွေ တိုးမြှင့်တဲ့ နှုန်းထားတွေဟာ အမြဲမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကဲ့သို့ စားဝတ်နေရေး ကုန်ကျစရိတ်တွေကို လိုက်မမီတာကြောင့် ကျေးလက်၊ မြို့ပြနေ အခြေခံလူထုအတွက် အကျိုး ထိရောက်တဲ့ စီးပွားရေးဆိုင်ရာ မှုဝါဒတွေ အကောင်အထည်ဖော် အသက်ဝင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။အများအတွက် အလုပ်အကိုင် ရရှိစေဖို့ ဖန်တီးပေးနိုင်စွမ်း အားနည်းနေခြင်းနဲ့ ပညာရေးကဲ့သို့ လူသား အရင်းအမြစ် မြှင့်တင်ရေး လုပ်ငန်းတွေမှာ အားနည်းမှုတွေ ရှိနေတာကြောင့်လည်း အများအတွက် အလုပ်အကိုင်ရရှိမှုတွေ လျော့နည်းနေတာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် စီးပွားရေးကဏ္ဍမှာ အလုပ်အကိုင်နဲ့ ဝင်ငွေ ရရှိဖို့အတွက် ထုတ်ကုန် တိုးမြှင့်နိုင်မယ့် လုပ်ငန်းတွေကို ဦးစားပေးနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးနိုင်မှု အားနည်းခဲ့တာကြောင့် ပြည်ပသွင်းကုန်တွေကို နှစ်စဉ်ဒေါ်လာ ဘီလျံနဲ့ချီပြီး တင်သွင်းနေရဆဲ ဖြစ်ပါတယ်။ ပြည်တွင်း ထုတ်ကုန်နည်းပြီး ပြည်ပက တင်သွင်းမှုများတဲ့ နောက်မှာတော့ နှစ်စဉ် ကုန်သွယ်မှု လိုငွေ ပြနေတာဖြစ်ပါတယ်။ ကုန်သွယ်လိုငွေပြမှု တွေကြောင့်လည်း ပြည်တွင်းမှာ နိုင်ငံခြားငွေလဲနှုန်းတွေ မတည်မငြိမ်ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တိုဘာ ၅ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ Myanmar Economic Monitor အစီရင်ခံစာအရ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင် နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၁ ဒသမ ၃ ရာ ခိုင်နှုန်းအထိ မြင့်တက် သွားတယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်း လာနိုင်ကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
တကယ်တော့ နိုင်ငံရဲ့စီးပွားရေးအရ တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ ပြုပြင် ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုအပ်နေတယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အခြေခံ လူထုဆီကို ရောက်မယ့် တကယ်လိုအပ်တဲ့ အပြောင်းအလဲတွေ၊ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ လူတစ်စုသာ ချမ်းသာနေတဲ့ လက်ဝါးကြီးအုပ် စီးပွားရေးထက် အများအပေါ် ရှေးရှုရမယ့် စီးပွားရေးမူဝါဒတွေ လိုအပ် နေပါတယ်။ ဒါ့ကြောင့် နိုင်ငံသားတွေအတွက် တကယ့် အပြောင်းအလဲ အသီးအပွင့်တွေ ခံစား ရရှိကြစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ထွက်လာအောင် လာမယ့် ရွေးကောက်ပွဲကနေ မှန်ကန်တဲ့ ရွေးချယ်မှုများ ပြုလုပ်ပေးကြဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

Most Read

Most Recent