မလေးရှား MH17 လေယာဉ်နှင့် ပတ်သက်သော နောက်ဆုံး အစီရင်ခံစာ

မလေးရှား MH17 လေယာဉ်နှင့် ပတ်သက်သော နောက်ဆုံး အစီရင်ခံစာ
Published 11 October 2015
နရီမင်း

နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများသည် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သော ယူကရိန်းနိုင်ငံ အထက်ကောင်းကင်၌ မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ် ပစ်ချခံရမှုနဲ့ ပတ်သက်သော ၎င်းတို့၏ နောက်ဆုံး အစီရင်ခံစာကို အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်တော့မည်ဖြစ်သည်။ သို့သော် လေယာဉ်ကို ပစ်ချခဲ့မှု၌ တာဝန်ရှိသူမှာ မည်သူနည်းဟူသည့် အရေးကြီးဆုံး မေးခွန်းနှင့် ပတ်သက်၍ အဖြေ မရှိသေးပေ။လွန်ခဲ့သည့်နှစ်က ဘိုးအင်း ၇၇၇ အမျိုးအစား လေယာဉ်ပျက်ကျခဲ့ရပြီးနောက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်သည့် ဒတ်ချ်လုံခြုံရေး ဘုတ်အဖွဲ့ (OVV) သည် နယ်သာလန်နိုင်ငံ တောင်ပိုင်းရှိ ဂယ်ဇီရီဂျန် လေတပ်အခြေစိုက် စခန်းတွင် ဂရင်းနစ်စံတော်ချိန် ၁၁၁၅ ၌ ၎င်းတို့၏ အဆုံးသတ် အစီရင်ခံစာကို ထုတ်ပြန်မည်ဖြစ်သည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အကြား ပုံမှန်အတိုင်း ပျံသန်းသည့် မလေးရှား လေကြောင်းလိုင်း လေယာဉ် ပျက်ကျခဲ့ရာတွင် လေယာဉ်ဝန်ထမ်း ၁၅ ဦး အပါအဝင် လူပေါင်း ၂၉၈ ဦးစလုံး သေဆုံးခဲ့ရပြီး အများစုမှာ နယ်သာလန် နိုင်ငံသားများ ဖြစ်သည်။ လေယာဉ်ပျက်ကျခဲ့သည့် ကာလ၌ ယူကရိန်းနိုင်ငံတွင် ယူကရိန်း စစ်တပ်နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သမားများအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး လေယာဉ်သည် ဒုံးကျည် ထိမှန်ခြင်းကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြသည်။၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် ၁၅ လအကြာ အောက်တိုဘာ ၁၃ ရက်၌ ထုတ်ပြန်မည့် အစီရင်ခံစာတွင် အကြောင်းအရာ လေးခုအပေါ် ဗဟိုပြုထားကြောင်း OVV က ကြေညာချက် တစ်ရပ်၌ ပြောကြားထားသည်။အဆိုပါ အကြောင်းအရာ လေးခုမှာ (၁) လေယာဉ်ပျက်ကျရသည့် အကြောင်းရင်း (၂) တိုက်ပွဲဖြစ်ပွားနေသည့် နေရာပေါ်မှ ဖြတ်ပျံခဲ့သည့်အကြောင်း (၃) ၎င်းတို့နှင့် ပတ်သက်သူများ လေယာဉ်ပေါ် ပါသွားသည်ဟု ဒတ်ချ်အာဏာပိုင်များထံမှ အတည်ပြုချက် ရရှိရန် သက်ဆိုင်ရာ ဆွေမျိုးများ အနေဖြင့် နှစ်ရက်မှ လေးရက်အထိ စောင့်ဆိုင်းခဲ့ရသည့် ကိစ္စ (၄) လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ လေယာဉ်ပေါ် လိုက်ပါခဲ့သူတို့ မည်သည့် အတိုင်းအတာခန့်အထိ သိရှိ သတိပြုမိခဲ့သနည်းဟူသည့် ကိစ္စတို့ဖြစ်သည်။သို့သော် OVV က အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပြီးသည့်အတိုင်း လေယာဉ်ပျက်ကျမှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း အတည်ပြုမည် မဟုတ်ဟု ဆိုသည်။“ဒီလို မေးခွန်းမျိုးတွေကို ဖြေဖို့က ပြစ်မှုကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်သာ ဖြစ်ပါတယ်” ဟု OVV က ပြောကြားခဲ့သည်။ 
■ အပြန်အလှန် စွပ်စွဲပြစ်တင်မှုများယူကရိန်း အစိုးရနှင့် အနောက်တိုင်းက လေယာဉ်ပျက်ကျမှုအတွက် ခွဲထွက်ရေး သူပုန်များကို လက်ညှိုးထိုးခဲ့သည်။ လေယာဉ်ကို ကောင်းကင်မှ ပစ်ချရန် ရုရှားတို့ ထောက်ပံ့ပေးထားသော BUK အမျိုးအစား မြေပြင် - ဝေဟင်ပစ်ဒုံးကျည်ကို အသုံးပြုခဲ့လိမ့်မည်ဟု စွပ်စွဲခဲ့သည်။ရုရှားနိုင်ငံမှ BUK ဒုံးကျည် ပြုလုပ်သည့် ကုမ္ပဏီကလည်း လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် အကြောင်းရင်း အဖြစ်မှန်ကို ရှင်းပြရန် အောက်တိုဘာ ၁၃ ရက်တွင် မော်စကိုမြို့၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဟု ဆိုသည်။ ယင်းကုမ္ပဏီသည် လေယာဉ်တစ်စင်း အနီး၌ ဒုံးကျည်တစ်ခုကို ဖောက်ခွဲခြင်းနှင့် ပတ်သက်သည့် စမ်းသပ်ချက် တစ်ရပ်ကို လုပ်ဆောင်ပြမည်ဟု ဆိုသည်။BUK ဒုံးကျည် ထုတ်လုပ်သည့် Almaz-Antey ကုမ္ပဏီက ၎င်းတို့သည် BUK အမျိုးအစား ဒုံးကျည်နှင့် ခရီးသည်တင် လေယာဉ်တစ်စင်းအကြား ထိတွေ့မှုကို ပုံစံတူ စစ်စစ်တစ်ရပ် ပြုလုပ်ပြသော စမ်းသပ်ချက် အပြည့်အစုံ၏ ရလဒ်များကို တင်ပြမည်ဟု ဆိုသည်။
“အဲဒီ စမ်းသပ်ချက်က လေယာဉ်ပျက်ကျမှုကို ဖြစ်စေတဲ့ တကယ့် အကြောင်းရင်းတွေကို နားလည်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်” ဟု ရုရှားကုမ္ပဏီက ပြောကြားခဲ့သည်။ယခုနှစ် အစောပိုင်းက လေယာဉ်ပျက် ကျရာနေရာတွင် ရုရှားနိုင်ငံလုပ် BUK ဒုံးကျည် အပိုင်းအစများကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ရုရှားက ယင်းကိစ္စ၌ ပါဝင်ပတ်သက်သည် ဆိုခြင်းကို ငြင်းဆိုထားပြီး လေယာဉ်ပျက်ကျမှုသည် ယူကရိန်း အစိုးရ တပ်များကြောင့်သာ ဖြစ်သည်ဟု ပြန်လှန်စွပ်စွဲထားသည်။MH17 လေယာဉ်ပျက်ကျမှုသည် ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခကြောင့် စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိနေသည့် ရုရှားနှင့် အနောက်တိုင်း ဆက်ဆံရေးကို ပို၍ တင်းမာသွားစေခဲ့သည်။ယူကရိန်းတွင် ၂၀၁၄ ဧပြီမှစ၍ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လူပေါင်း ၈,၀၀၀ သေဆုံးပြီး ၁၈,၀၀၀ ဒဏ်ရာ ရရှိခဲ့သည်ဟု ကုလသမဂ္ဂက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ရုရှားက IS များကို တိုက်ခိုက်ရန်အတွက်ဟု ဆိုကာ ဆီးရီးယား၌ လေကြောင်းစစ်ဆင်ရေး ပြုလုပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်မားနေချိန်၌ MH17 လေယာဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်လာတော့မည် ဖြစ်သည်။ 
■ အသစ်စက်စက် အဖြေများယခုနှစ် ဇူလိုင်လအတွင်း လေယာဉ်ပျက်ကျခဲ့သည့် ပထမဆုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ပြုလုပ်ခဲ့သော လေယာဉ်ပေါ် လိုက်ပါသွားခဲ့သူများ၏ ဆွေမျိုးများက ယခုနောက်ဆုံး အစီရင်ခံစာက အနည်းဆုံး အနေဖြင့် မေးခွန်းအချို့အား ဖြေဆိုပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ပထမဆုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ရာတွင် လူပေါင်း ၂,၀၀၀ ကျော် တက်ရောက်ခဲ့သည်။  သက်ဆိုင်ရာ ဆွေမျိုးများ အနေဖြင့် လေယာဉ် အပျက်အစီး အပိုင်းအစများကို တစ်ဝက်တစ်ပျက် ပြန်လည်တည်ဆောက်ပြထားသည့် မြင်ကွင်းကိုလည်း ပထမဆုံး တွေ့မြင်ရတော့မည် ဖြစ်သည်။ MH17 လေယာဉ် ပျက်ကျခဲ့သည့် နေရာမှ လေယာဉ် အပျက်အစီး အပိုင်းအစများကို ပြန်လည်ရယူကာ ပြန်လည်တည်ဆောက်ပြထားသည်။“အခုချိန်မှာ ကျွန်တော်တို့ သိထားတဲ့အတိုင်း ဒီအစီရင်ခံစာက လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အသိသစ်တွေကို ပေးပါလိမ့်မယ်” ဟု MH17 လေယာဉ် ပျက်ကျမှုဆိုင်ရာ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဒင်းနစ်ရှူးတန်က ပြောကြားခဲ့သည်။“သက်ဆိုင်ရာ ဆွေမျိုးတွေက ပြစ်မှုကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုက ဒုံးကျည်ပစ်ခတ်မှု နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အခုထိ အပြီးမသတ်နိုင်သေးတာကို နားလည်ပါတယ်” ဟုလည်း ဒင်းနစ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။“ဒါကို ဖြေဆိုဖို့က ပြစ်မှုကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကနေ လာရပါမယ်။ နည်းလမ်းတကျ သက်သေပြရပါမယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်မယ့် အစီရင်ခံစာကတော့ နည်းနည်း ပိုပြီး နီးစပ်သွားတယ် ဆိုရုံလောက်ပါပဲ။ လေယာဉ်ပျက်ကျမှုအတွက် အပြစ်ရှိသူဟာ တစ်ဖွဲ့ထက် ပိုသလား၊ လေကြောင်းလိုင်းနဲ့ သူတို့ရဲ့ ပျံသန်းရေး လမ်းကြောင်းတွေက ဘယ်လိုလဲ စသဖြင့် မေးခွန်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်” ဟုလည်း ဒင်းနစ်က ပြောကြားခဲ့သည်။ 
■ တရားစွဲဆိုမှုရုရှားစစ်တပ်နှင့် ယူကရိန်းစစ်တပ် နှစ်ခုစလုံးသည် ၎င်းတို့၏ လက်နက်စာရင်းထဲ၌ BUK ဒုံးကျည်များ ရှိနေသည်။ BUK ဒုံးကျည်စနစ်ကို ထုတ်လုပ်သည့် ရုရှားကုမ္ပဏီက လူသိရှင်ကြား ထုတ်ပြန်ခဲ့သော လေယာဉ်၏ အပျက်အစီး ဓာတ်ပုံများကို အခြေခံလျက် ၎င်းတို့ ထုတ်လုပ်သော ဒုံးကျည်တစ်စင်းဖြင့် လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဇွန်လအတွင်းက ပြောကြားခဲ့သည်။မလေးရှား လေကြောင်းလိုင်း MH17 လေယာဉ် ပစ်ချခံရမှု၏ နောက်ကွယ်တွင် ရှိသူများကို ဖော်ထုတ်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုင်ငံတကာ ခုံရုံးအဖွဲ့ ဖွဲ့စည်းရန် အဆိုကို ဇူလိုင်လ အတွင်း၌ ရုရှားက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။ယခုအချိန်ထိ လေယာဉ်ပစ်ချခဲ့မှုနှင့် ပတ်သက်သော မသင်္ကာဖွယ် လူများကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း လုံခြုံရေးကောင်စီသို့ အဆိုတင်ရာတွင် ပါဝင်သော နိုင်ငံများက ယခုအခါ တရားစွဲဆိုမှု တစ်ရပ်အား အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။

Most Read

Most Recent