စာသင်ကျောင်းက ပြောပြနေသော နိုင်ငံရေးသမိုင်း

စာသင်ကျောင်းက ပြောပြနေသော နိုင်ငံရေးသမိုင်း
Published 11 October 2015
မောင်ကြွယ်စိုး

မွန်ဂိုလီးယားနိုင်ငံရှိ စားကျက် မြက်ခင်းမြေမှာ ဆောက်လုပ်ထားတဲ့ စာသင်ကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က ဆောက်လုပ်ခဲ့တဲ့ စာသင်ကျောင်း ဖြစ်ပါတယ်။လေတဟူးဟူး တိုက်နေတဲ့ စားကျက်မြေပေါ်က စာသင်ကျောင်းကို မြောက်ကိုရီးယား အစိုးရက ဆောက်လုပ် ပေးထားတာ ဖြစ်ပါတယ်။ ကွန်မြူနစ် ခေါင်းဆောင် ကင်အီဆွန်းရဲ့ ရုပ်ပုံကို စာသင်ခန်းမမှာ ချိတ်ဆွဲထားပါတယ်။ နှစ်ထပ် စာသင်ကျောင်းဟာ စစ်အေး တိုက်ပွဲကာလတုန်းက မြောက်ကိုရီးယားနှင့် မွန်ဂိုလီးယား နှစ်ပြည်ထောင်ဟာ ကွန်မြူနစ်နိုင်ငံချင်း သွေးစည်းရေး ဆိုတဲ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားက မွန်ဂိုလီးယားကို လက်ဆောင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ယနေ့အချိန်မှာတော့ မြောက်ကိုရီးယားနဲ့ မွန်ဂိုလီးယားတို့ဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားကြပါပြီ။ တစ်ချိန်တုန်းက ဆိုဗီယက် ပြည်ထောင်စုရဲ့ လက်အောက်ခံ ဖြစ်တဲ့ မွန်ဂိုလီးယားဟာ ၁၉၈၉ ခုနှစ်က အရှေ့ ဥရောပတိုက်မှာ လူထု ဆန္ဒပြပွဲတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ မွန်ဂိုလီးယား နိုင်ငံဟာလည်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မြောက်ကိုရီးယား နိုင်ငံကတော့ အာဏာရှင်စနစ်ကို ဆက်လက် ကျင့်သုံးနေတဲ့ နိုင်ငံ၊ အထီးကျန် ဖြစ်နေတဲ့ နိုင်ငံ ဖြစ်နေပါတယ်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးကိုလည်း ကြိုးပမ်းနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
မွန်ဂိုလီးယားဟာ ရွေးချယ် တင်မြှောက်ခံရတဲ့ အစိုးရ တစ်ရပ် အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်လာခဲ့ပေမယ့် တစ်ချိန်တုန်းက ကွန်မြူနစ် နိုင်ငံ ဖြစ်ခဲ့တာကြောင့် အဲဒီကာလတုန်းက မဟာမိတ်ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံမှုတွေ ရှိနေဆဲ ဖြစ်တာကို တွေ့မြင်ခဲ့ရပါတယ်။ အထောက်အထား အနေနဲ့ကတော့ မြောက်ကိုရီးယားနိုင်ငံက စားကျက်မြက်ခင်းမြေမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းကို စိတ်ဝင်စားမှု ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကြား တိုးတိုးတိတ်တိတ် သံတမန် ဆက်ဆံရေးတွေ ရှိနေပါတယ်။ နှစ်ပေါင်း ၅၀က ဆောက်လုပ်ခဲ့တဲ့ စာသင်ကျောင်းမှာ အသက်ခြောက်နှစ်ကနေ ၁၈ နှစ်အထိ ရှိတဲ့ ကျောင်းသူကျောင်းသား ၃၀၀ခန့် ပညာ သင်ကြားနေကြပါတယ်။ တချို့ကလေးတွေဟာ စာသင်ကျောင်းနဲ့ ဝေးကွာတဲ့ စားကျက်မြေတွေမှာ နေထိုင် ကြရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ မိဘတွေဟာ သိုးတွေကို ထိန်းကျောင်းနေရတဲ့သူတွေ ဖြစ်ပါတယ်။
ကျောင်းအုပ်ဖြစ်သူ ဒီရှင်ဂလင်ချူလွန်ဘတ်က အဲဒီစာသင်ကျောင်းကို ၁၉၆၁ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပြပါတယ်။ မွန်ဂိုလီးယားက မြောက်ကိုရီးယားကို အစားအစာနဲ့ မြင်းတွေ ထောက်ပံ့ကူညီခဲ့ရပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံရှိ မိဘမဲ့ကလေးတွေကိုလည်း စောင့် ရှောက်ခဲ့ရပါတယ်။ အဲဒီအတွက် မြောက်ကိုရီးယားက ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ ဒီစာသင်ကျောင်းကို ဆောက်လုပ် ပေးခဲ့တာ ဖြစ်ပါတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ယခုအချိန်ထိ မွန်ဂိုလီးယား ဘက်ခြမ်းမှာရှိတဲ့ တော့ပ်ခရိုင်ကို နှစ်စဉ်နှစ်တိုင်း ဆိုသလို မြောက်ကိုရီးယား နိုင်ငံသားတွေ လာရောက် လည်ပတ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားအစိုးရက မွန်ဂိုလီးယားနိုင်ငံရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုတွေကို မနှစ်သက်ပေမယ့် မွန်ဂိုလီးယားနိုင်ငံကို လည်ပတ်မှုတွေကိုတော့ မသိမသာ ခွင့်ပြုထားပါတယ်။
မြောက်ကိုရီးယားက အဲဒီစာသင်ကျောင်းက ရူပဗေဒ စာသင်ခန်းကို ၂၀၁၂ ခုနှစ်မှာ ပြင်ဆင် မွမ်းမံ ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ဟာ ကင်အီဆွန်း နှစ် ၁၀၀ ပြည့် ဖြစ်ပါတယ်။ အဲဒီအထိမ်းအမှတ်နဲ့ ရူပဗေဒ စာသင်ခန်း ကျောက်သင်ပုန်း အပေါ်မှာ ကင်အီဆွန်းရဲ့ ပုံကို ချိတ်ဆွဲထားပြီး စာသင်ခန်း တံခါးဝမှာ ကင်အီဆွန်းရဲ့အမည်နာမကို ကိုရီးယား-မွန်ဂိုလီးယား နှစ်ဘာသာနဲ့ ရေးထိုးထားပါတယ်။
မွန်ဂိုလီးယားမှာရှိတဲ့ ဒေသခံတွေကတော့ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးကို လုံး၀ သတိ မပြုမိကြပါဘူး။ သိလည်း မသိ၊ စိတ်လည်း မဝင်စားကြပါဘူး။ သူတို့ သိထားတာကတော့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းမှု ကြောင့် စာသင်ကျောင်း တစ်ခု ရရှိထားတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ကြောင်း ချူလွန်ဘတ်က ပြောကြားခဲ့ပါတယ်။
မွန်ဂိုလီးယားက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေမှုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အူလန်ဘာတော တွေ့ဆုံပွဲ ဖြစ်ပါတယ်။ သဘောကတော့ မြောက်ကိုရီးယားက ဂျပန်တွေကို ဖမ်းဆီးပြီး သူလျှိုအဖြစ် လေ့ကျင့် ပေးနေမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်စေရေး အတွက် မွန်ဂိုလီးယားက ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။ မွန်ဂိုလီးယားဟာ အာရှ အရှေ့မြောက် ဒေသမှာ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ဂျပန်တို့နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း ဘရွတ်ကင်း အင်စတီကျုမှ ပညာရှင်တွေရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။
ရုရှား-တရုတ်တို့နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မွန်ဂိုလီးယားဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက အိမ်နီးချင်း နယ်နိမိတ် ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။ မွန်ဂိုလီးယားဟာ ဟယ်လင်စကီ၊ ဂျနီဗာ မြို့သစ်ဖြစ်လိုတဲ့ နိုင်ငံဖြစ် ပါတယ်လို့ မွန်ဂိုလီးယား သိပ္ပံအကယ်ဒမီမှ နိုင်ငံတကာရေးရာ ပညာရှင် ဒေါက်တာ ရှုခူးက သုံးသပ်ခဲ့ပါတယ်။ သဘောကတော့ ဖင်လန်နိုင်ငံရဲ့မြို့တော် ဟယ်လင်စကီးဟာ သမိုင်းဝင် ဟယ်လင်စကီး သဘောတူညီချက် တွေနဲ့ စစ်အေးတိုက်ပွဲတွေကို လျော့ကျသွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဂျနီဗာဟာ စစ်အေး တိုက်ပွဲ လျော့ကျသွားအောင် အဓိက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီထုံး နှလုံးမူပြီး အူလန်ဘာတော ကလည်း ဟယ်လင်စကီးလို၊ ဂျနီဗာလို ငြိမ်းချမ်းရေး ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ ဒေသတစ်ခု ဖြစ်စေချင်နေတာပဲ ဖြစ်ပါတယ်။
ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို အဓိက အခန်းကဏ္ဍမှနေပြီး ပါဝင်ခဲ့တဲ့ မွန်ဂိုလီးယားသမ္မတ အယ်လ်ဘတ်ဒေါ့က ၂၀၁၃ ခုနှစ်မှာ  မြောက်ကိုရီးယားကို အလည်အပတ် သွားရောက်ပြီး ပြုံးယမ်းမြို့ရှိ ကင်အီဆွန်းတက္ကသိုလ်မှာ လွတ်လပ်မှုရဲ့ အကျိုးကျေးဇူးတွေကို ဟောပြောခဲ့ပါတယ်။ “ဘယ် အာဏာရှင်မှ မတည်မြဲဘူး”လို့လည်း အယ်လ်ဘတ်ဒေါ့က ပြောကြားခဲ့ပါတယ်။
ဆိုးလ်မြို့ရှိ ရုံဆိုင်းတက္ကသိုလ်မှ တရုတ်နဲ့ အာရှ အရှေ့မြောက်ရေးရာ ကျွမ်းကျင်သူ ပညာရှင် ဂျွန်ဒီလူယူက အူရန်ဘောတောရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယား တင်းမာနေတဲ့အချိန်မှာ မွန်ဂိုလီးယားရဲ့ ကြားဝင်မှုဟာ အင်မတန်မှ အကျိုးကျေးဇူးရှိ ပါတယ်။ မွန်ဂိုလီးယားဟာ ပြုံးယမ်းနဲ့ ဝါရှင်တန် တွေ့ဆုံ ဆွေးနွေးရေးအတွက် ကြားခံမြေ တစ်ခုအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်လို့ ဒီလူယူက သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ မွန်ဂိုလီးယားသမ္မတ အယ်လ်ဘတ်ဒေါ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံလိမ့်မယ် မဟုတ်ဘူးလို့လည်း ၎င်းက မှတ်ချက်ချခဲ့ပါတယ်။
စာသင်ကျောင်း ရှိတဲ့အရပ်ဟာ အူလ်ရန်ဘာတောနဲ့ ကီလိုမီတာ ၅၀ အကွာမှာ တည်ရှိပါတယ်။ မြို့တော်နဲ့ အလှမ်းဝေးတဲ့ ဒေသက စာသင်ကျောင်းကို အမေရိကန်နိုင်ငံသား အင်ထရူးကွာရီနိုက စေတနာ့ဝန်ထမ်း အင်္ဂလိပ်ဆရာ အဖြစ် နှစ်နှစ်ခန့် လုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်ထဲမှာပဲ ကင်အီဆွန်း တံဆိပ်တွေ ရင်ဘတ်မှာ ထိုးထားပြီး ဝတ်စုံအနက် ဝတ်ဆင်ထားသူတွေ အမြောက်အမြား စီးနင်းလိုက်ပါခဲ့တဲ့ မော်တော်ကားတွေကို ကွာရီနိုကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။
သူတို့တစ်တွေဟာ တညီတညွတ်တည်း အရှုံးမပေးဘူးဆိုတဲ့ ကြွေးကြော်သံကို စစ်သွေးစစ်မာန်နဲ့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ တကယ့်ကို အမှန်လွန် ပန်းချီကား တစ်ချပ်လို ဖြစ်နေတယ်လို့  ကွာရီနိုက မှတ်ချက်ချခဲ့ပါတယ်။

Most Read

Most Recent