သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သူ အကြီးတန်း ဘဏ်ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးရမိ

သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သူ အကြီးတန်း ဘဏ်ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးရမိ
Published 10 October 2015
သီဟအောင်

သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သည့် အကြီးတန်း ဘဏ်ဝန်ထမ်း စာရေးတစ်ဦးအား ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရှိ ရဲအရာရှိ တစ်ဦးထံမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ် ဇဝနတောင် ရပ်ကွက်  လေးထောင့်ကန် လမ်းရှိ ယူနိုက်တက် အမရဘဏ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းဘဏ်ရှိ အကြီးတန်း မန်နေဂျာမှ ဘဏ်တွင် အပ်ထားသည့် ဘဏ်အကောင့် စာရင်းများအား ပြန်လည် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဘဏ်အကောင့် စာရင်းများအား ပြန်လည် ကြည့်ရှု စစ်ဆေးခဲ့ရာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှ ဘဏ်တွင် အပ်ထားသည့် ငွေကျပ် သိန်း  ၉၇၀၀ မှ ငွေကျပ် သိန်း ၇၀၀ ကျော် လျော့နေ သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းသို့ ငွေကျပ် သိန်း ၇၀၀ ကျော် လျော့နေသည့် ဖြစ်စဉ်အား ဘဏ်မှ စီစီတီဗွီ မှတ်တမ်းများဖြင့် ပြန်လည် စစ်ဆေးရာ အောက်တိုဘာ ၅ ရက်တွင် ဖမ်းဆီးထားသည့် အကြီးတန်း ဘဏ် ဝန်ထမ်းစာရေး တာဝန် ထမ်းဆောင်နေသည့် အချိန်၌ မရမ်းကုန်း မြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး အပ်နှံထားသည့် ဘဏ်ငွေစု စာအုပ်နှင့် လက်မှတ်အတု ပြုလုပ်ပြီး လူတစ်စုမှ ထုတ်ယူ သွားခဲ့ကြောင်း သိရသည်။
“ဘဏ်မှာ အပ်ထားတဲ့ လူရဲ့ ငွေစုစာအုပ်၊ လက်မှတ်တို့ကို အတုပြုလုပ်ပြီး ငွေကျပ် သိန်းခုနစ်ရာကျော်ကို လိမ်လည် ထုတ်ယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဘဏ်မှာ လုပ်တဲ့ ဘဏ်ဝန်ထမ်းကိုတော့ ဖမ်းဆီး ရမိထားပါတယ်။ ကျန်ပါဝင် ခဲ့သူတွေကိုတော့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ  တစ်ဦးက ပြောကြားသည်။          

Most Read

Most Recent