တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး သံလျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့ သွားရောက်ခဲ့ရာ သံလျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်များအား တွေ့ဆုံစဉ် အရာရှိ၊ စစ်သည် များအနေဖြင့် စည်းကမ်းကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ အမိန့်နာခံခြင်းဆိုသည့် တပ်မတော်၏ အစဉ်အလာကောင်းများ နှင့်အညီ စောင့်ထိန်းလိုက်နာနေထိုင်ကြစေလိုကြောင်း၊ ကိုယ့် ကိုယ်ကိုယ်ကောင်းအောင်၊ ကိုယ့်တပ်ကောင်းအောင် ၊ ကိုယ့်တပ်မတော်ကောင်းအောင်၊ ကိုယ့်နိုင်ငံကောင်းအောင် အမြင်ကျယ်ကျယ်ဖြင့် စောင့်ထိန်းလိုက်နာ လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသည့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အစဉ်အလာအားဖြင့် လုပ်ဆောင်ခဲ့သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရချိန်တွင်လည်း အင်နှင့်အားနှင့် ကူညီပါဝင် လုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိမည့်လုပ်ရပ်များကို တပ်မတော်မှ ဖော်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ဆောင်ချက်များအပေါ် အပြုသဘောမဆောင်သည့် အချို့သော မီဒီယာများ၊ လူမှုကွန်ရက်များ၏ ရေးသားနေခြင်းကိုလည်း မှန်ကန်စွာ သိရှိနားလည်ပြီး လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်းတို့ လိုက်ပါခဲ့ကြောင်း၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ General Building ခန်းမ၌ ဌာနချုပ်မှူးက စစ်ရေယာဉ်များနှင့် သင်္ဘောများပြုပြင် တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တပ်မတာ်ကာကွယ်ရေးဦးစီးချုပ်သည် ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ စစ်ရေယာဉ်များ လွန်းတင်ပြုပြင်နေမှုနှင့် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
အရာရှိ၊ စစ်သည်များအနေဖြင့် ကိုယ့်နိုင်ငံကောင်းအောင် အမြင်ကျယ်ကျယ်ဖြင့် စောင့်ထိန်းလိုက်နာ လုပ်ဆောင်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား















