ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား မျိုးဆက်သစ်တစ်ရပ် ပေါ်ထွန်းနေပြီး ယခင်အစိုးရလက်ထက် နည်းလမ်းများကို ပြန်လည်အသုံးပြုနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြ

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား မျိုးဆက်သစ်တစ်ရပ် ပေါ်ထွန်းနေပြီး ယခင်အစိုးရလက်ထက် နည်းလမ်းများကို ပြန်လည်အသုံးပြုနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြ
Published 8 October 2015
ဇေယျာနန္ဒ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ မျိုးဆက်သစ်တစ်ရပ် ပေါ်ထွန်းနေကြောင်းနှင့် ယခင်တပ်မတော် အစိုးရလက်ထက်က အသုံးပြုခဲ့သည့် နည်းလမ်းများအတိုင်း ငြိမ်းချမ်းသော လှုပ်ရှားမှုများကို ဖိနှိပ်ရန် ကြိုးပမ်းလာကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အောက်တိုဘာ ၈ ရက်က ထုတ်ပြန်သည့် “လမ်းဟောင်းကို ပြန်သွားခြင်း” အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
၂၀၁၅ ရွေးကောက်ပွဲ ကျင်းပချိန်သည် လက်ရှိအစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး တိုးတက်ဖြစ်ထွန်းမှုများ ရရှိနေကြောင်း နိုင်ငံတကာကို ပြသနိုင်ခဲ့သည်ဟု မျှော်လင့်ချက်များ ရှိနေချိန် ဖြစ်သော်လည်း အားကောင်းစ ပြုလာသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အကြားတွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းမှ စတင်၍ ယခင်တပ်မတော်အစိုးရ အသုံးပြုခဲ့သည့် နည်းလမ်းများအတိုင်း ငြိမ်းချမ်းစွာ လှုပ်ရှားမှုများနှင့် အတိုက်အခံများကို ဖိနှိပ်ချုပ်ချယ်ရန် ကြိုးပမ်းမှုများ ရှိလာသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာတွင် ရေးသားထားသည်။
“ရွေးကောက်ပွဲတွေ နီးလာတာနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူ အများအပြားလည်း အဖမ်းခံလာရတယ်။ ကျွန်တော်ကတော့ တော်တော် စိတ်ပူပါတယ်။ တက်ကြွလှုပ်ရှားသူတွေ စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ ဒီအခြေအနေကို အစိုးရက ဖန်တီးထားတာပါ။ ကြိုက်တဲ့အချိန် ကြိုက်တဲ့သူကို သူတို့ ခေါ်သွားလို့ ရနေတယ်” ဟု မန္တလေးမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး၏ ပြောကြားချက်ကို ထိုအစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။
ထို့ပြင် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ လှုပ်ရှားတက်ကြွသူများ အနေဖြင့်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖွဲ့စည်းလှုပ်ရှားခွင့်နှင့် စုဝေးခွင့်များကို ပိုမိုတင်းကျပ်စွာ ဖိနှိပ်ကန့်သတ်မှုများ ရင်ဆိုင်လာကြရကြောင်း၊ ထို့ကြောင့် မိမိတို့၏ အခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးသူ အများအပြား ဖမ်းဆီးထိန်းသိမ်း ခံလာရပြီး မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသော မျိုးဆက်အသစ်တစ်ခု ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မှတ်ချက်ပေးထားသည်။
“အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေအထဲက ခေါင်းဆောင်တွေကို ဦးတည်ပစ်မှတ် ထားလာတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာတာတွေ လုပ်နိုင်မယ့်သူ၊ တချို့နိုင်ငံရေး ပါတီတွေအတွက် တက်တက်ကြွကြွ မဲဆွယ်လှုပ်ရှားပေးနိုင်မယ့် လူမျိုးတွေကိုပေါ့” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ဦးအောင်မျိုးကျော်က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သို့ ပြောကြားခဲ့သည်။
နိုင်ငံတကာမှ ဖိအားပေးမှုများကြောင့် ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် သမ္မတဦးသိန်းစိန်မှ အကျဉ်းသားပေါင်း များစွာကို ပြန်လွှတ်ပေးခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ရာဂဏန်း ပါဝင်ခဲ့သည်။ သို့ သော် နိုင်ငံတကာမှ ဖိအားများ လျှော့ချပေးခဲ့သည့် အချိန်မှစတင်ကာ အရပ်ဘက် လူ့အဖွဲ့အစည်းများအပေါ် ယခင်နည်းလမ်း ဟောင်းများအတိုင်း ပြန်လည်ကျင့်သုံးလာခဲ့ကြောင်း၊ ရွေကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဖိနှိပ်မှုများ ပိုမိုပြင်းထန်ကာ အာဏာပိုင်များမှ နည်းပေါင်းစုံသုံး၍ တက်ကြွလှုပ်ရှားသူများနှင့် စည်းရုံးလှုပ်ရှား သူများကို ဖိနှိပ်လာခဲ့ကြောင်း၊ အဆိုပါ နည်းလမ်းများတွင် တိကျမှုမရှိသည့် ဥပဒေများ အသုံးပြုခြင်း၊ အာမခံ မပေးနိုင်သည့် အမှုများဖြင့် တရားစွဲဆို ချုပ်နှောင်ထားခြင်းအပြင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းများလည်း ပါဝင်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထောက်ပြထားသည်။
“သူတို့မှာ ဥပဒေမျိုးစုံရှိပါတယ်။ ဘယ်သူ့ကိုမဆို သူတို့ကြိုက်ရာ ပုဒ်မနဲ့ စွဲဆိုလို့ရတယ်။ တစ်ချိန်တည်းမှာပဲ လူထုမှာ အခွင့်အရေးတွေ ရှိပါတယ် ဆိုတာကိုလည်း ဟန်ဆောင်ပြသ ချင်ကြတယ်။ ဒါပေမဲ့ သူတို့အတွက် ဒါမှမဟုတ် သူတို့အကျိုးစီးပွား အတွက် ပြဿနာ ရှိလာပြီလို့ ယူဆရင်တော့ ချက်ချင်းဖမ်းမှာပါပဲ” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
လက်ရှိတွင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးချုပ်နှောင် ခံနေရသူ အများအပြား အကျဉ်းထောင်များထဲတွင် ရှိနေပြီး တက်ကြွလှုပ်ရှားသူ ရာဂဏန်းမှာ အခြေခံအခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးခြင်းကြောင့် ပုဒ်မအသီးသီးဖြင့် တရားစွဲဆို ခံထားရပြီး အကျဉ်းချခံရမည့် အခြေအနေ ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဆန္ဒပြကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ မီဒီယာသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ မြေယာသိမ်းဆည်းခံရမှုများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများကို ဖမ်းဆီးအကျဉ်းချမှုများ ရှိလာခြင်းသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ထားသည်။
မြန်မာနိုင်ငံတွင်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူပေါင်း အနည်းဆုံး ၉၄ ဦး ရှိသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ယုံကြည်ကြောင်းနှင့် အရေအတွက် အစစ်အမှန်သည် ပိုမိုများပြားနိုင်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ ထို့ကြောင့် လက်ရှိ ဖမ်းဆီးအကျဉ်းချ ခံထားရသည့် တက်ကြွ လှုပ်ရှားသူများနှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး တရားရင်ဆိုင် နေရသော လှုပ်ရှားသူများကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုထားသည်။
ထို့ပြင် မြန်မာအာဏာပိုင်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖွဲ့စည်းလှုပ်ရှားခွင့်နှင့် စုဝေးခွင့်များကို ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများကို အသုံးပြုခဲ့သည့် အစဉ်အလာ ရှိခဲ့သည့်အတွက် ထိုကဲ့သို့သော ဥပဒေများ ဆက်ရှိနေသမျှ ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားသူ များသည်လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရနိုင် သကဲ့သို့  မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်လည်း မတရား ဖမ်ဆီးထောင်ချခံရသူများ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သုံးသပ်ထားသည်။
ထို့ကြောင့် လူအခွင့်အရေး ကာကွယ်သူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် အခြားအရပ်ဘက် အဖွဲ့ဝင်များကို ဆက်လက်ဖမ်းဆီး ထောင်ချမှုများကို ရပ်ဆိုင်းရမည့် အပြင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၂၉၅ (က)၊ ၅၀၅ (ခ) နှင့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကဲ့သို့သော ဥပဒေများ၊ ပြဋ္ဌာန်းချက်များကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများဖြင့် ကိုက်ညီစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အကြံပြုထားသည်။
အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် EU အဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် အခြေခံအခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးခြင်းကြောင့် တရားစွဲဆိုခံရမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုသင့်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တိုက်တွန်းထားသည်။               

Most Read

Most Recent