သောင်းတိုက်က ကြားစေသား (၇) (Cebu Declaration စီဘူး ကြေညာစာတမ်း)

သောင်းတိုက်က ကြားစေသား (၇) (Cebu Declaration စီဘူး ကြေညာစာတမ်း)
Published 7 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

(၄-၉-၂၀၁၅) ရက်မှ အဆက် >>>
စီဘူး အလုပ်ရုံဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ မက္ကတန်စီဘူး (Mactan Cebu) ကျွန်း၊ လာပူလာပူမြို့တော် (Laput Lapul City)၊ မိုဗင်ပစ်ဟိုတယ် (Movenpick Hotel) တွင်၊ ၂၅-၇-၂၀၁၅ ရက်မှ ၂၇-၉-၂၀၁၅ ရက်ထိ ကျင်းပသည်။ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ ရှေ့နေများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံ (Certre Law Philippine) နှင့် အမေရိကန် ရှေ့နေအသင်း (တရားဥပဒေ စိုးမိုးရေး ဦးဆောင်ကော်မတီ) (American Bar Association (Rule of Law Initiative), ABA-ROLI တို့က ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။
ပြာလဲ့သော ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေရှိ သမိုင်းဝင်အေပက် (Apex) အစည်းအဝေး ကျင်းပရာ စီဘူးကျွန်း၏ လှပခမ်းနားသော မိုဗင်ပစ်ဟိုတယ်၌ အာဆီယံ ရှေ့နေများ၏ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေး ခေါင်းစဉ်မှာ “Building Workshop on Litigation, Depfense Strategies and Advocacy” လူမှုကွန်ရက် လွတ်လပ်မှုဆိုင်ရာ ဘုံလုပ်ငန်း တည်ထောင်မှု တရားစွဲဆိုခြင်း၊ ခုခံရေး သေနင်္ဂဗျူဟာနှင့်  လှုံ့ဆော်ဦးဆောင်ခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ” ဟူ၍ဖြစ်ပါသည်။
အဓိက ရည်ရွယ်ချက်နှစ်ရပ် ဖြစ်သည်။ ပထမအချက်မှာ အပြန်အလှန် အတွေ့အကြုံ ဖလှယ်၍ ဘုံလုပ်ငန်းစဉ် ချမှတ်ရန်၊ ဒုတိယ အချက်မှာ ယင်းလုပ်ငန်းစဉ်များမှ ညွန့်ပေါင်းအဖွဲ့တစ်ရပ် ထူထောင်ပြီး စီဘူးကြေညာစာတမ်း ထုတ်ပြန်ရန်ဖြစ်သည်။ ဦးစီးဦးဆောင် ပြုသူများမှာ ABA ROLI မှ Regional Program Director Mark Wallen၊ Rachel Chochoa-Howard၊ ဖိလစ်ပိုင် Centre Law မှ ဥက္ကဋ္ဌဖြစ်သူ Prof. Harry Roque ဖြစ်သည်။
မြန်မာနိုင်ငံမှ ရှေ့နေငါးဦး တက်ရောက်ရာ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် (Myanmar Lawyer Network – MLN) မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ မြန်မာမီဒီယာ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုး၊ တရားလွှတ်တော်ရှေ့နေ ဦးအယ်လ်ခွန်းရိန်းပန်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူသွယ်ယု၊ အထက်တန်းရှေ့နေ ဒေါ်ဇင်မာဦးတို့ ဖြစ်ကြပါသည်။
ပထမနေ့တွင် နိုင်ငံအလိုက် တင်ပြကြသည်။ ဖိလစ်ပိုင်နိုင်ငံအတွက် Centre Law မှ Romel Gagares က Cyber Crime နှင့် ပတ်သက်၍ တင်ပြသည်။ မြန်မာနိုင်ငံအတွက် ဦးသိန်းသန်းဦးက တင်ပြသည်။ ပထမပိုင်းတွင် “ဖဲကြိုးဝါလှုပ်ရှားမှု” နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ အာဆီယံရှေ့နေ အားလုံးက တစ်ခဲနက် ထောက်ခံကြသည်။ အမေရိကန်ရှေ့နေ Mr.Mark Wallen နှင့် ဗြိတိန်ရှေ့နေ Ms. Rache Chochowa Howard တို့ကလည်း ထောက်ခံကြသည်။ ဒုတိယပိုင်းအဖြစ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) နှင့်ပတ်သက်၍ စာရေးဆရာ ထင်လင်းဦးအမှု၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားစွဲဆိုထားသော Eleven Media Group အမှု၊ ရေပူဆရာတော် အမှုများကို တင်ပြသည်။ ထိုင်းနိုင်ငံမှ Yaw Walak Amupar (ALHR) အင်ဒိုနီးရှားမှ Asep Komarudin (LBHPers) တို့က တင်ပြခဲ့ကြသည်။
၂၆-၉-၂၀၁၅ ဒုတိယနေ့တွင် Centre Law မှ Prof Harry Roque က “Civil Society and Legal Community Partnership” (အရပ်ဘက် အဖွဲ့အစည်းနှင့် ဥပဒေ အသိုက်အမြုံ၏ လုပ်ငန်းတူ ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်တင်ပြသည်။ BAB Roli မှ Mark Wallen က “Advocay for Reform The Attorney As Advocate ပြုပြင်ပြောင်းလဲရေး အတွက် လှုံ့ဆော်ခြင်း၊ ဦး ဆောင်သူအဖြစ် ရှေ့နေများ၊ ခေါင်းစဉ်ဖြင့် သူ့အတွေ့အကြုံများကို ရှင်းလင်းသည်။
ဒုတိယပိုင်း အစီအစဉ်အရ မလေးရှားမှ Foong Cheng Leon နှင့် ဖိလစ်ပိုင်မှ Angle S-Averia Jr တို့က ဒစ်ဂျစ်တယ် သက်သေခံချက် Digital Evidence ကို တင်ပြရာ နိုင်ငံစုံ ရှေ့နေများ ပါဝင်ဆွေးနွေးကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အတွေ့အကြုံ မတူကြ။ ဒစ်ဂျစ်တယ် သက်သေခံချက်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း သက်သေခံဥပဒေနှင့် ဒစ်ဂျစ်တယ် နည်းပညာ ဘယ်လိုဆက်စပ်မလဲ။ ကွန်ပျူတာ မှတ်တမ်း အချက်အလက်များ ထိန်းသိမ်းခြင်း၊ သက်သေခံသွင်းရာ၌ စိန်ခေါ်မှုများ သက်သေခံခြင်းများ၊ ဆိုက်ဘာရာဇဝတ်မှု၊ လုံခြုံရေး အချက်အလက်၊ နိုင်ငံတော် လျှို့ဝှက်ချက် စသည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ မြန်မာနိုင်ငံဘက်မှ ဆိုက်ဘာ အမှုအခင်းများ အကျယ်အပြန့် မရှိသေး။ အီလက်ထရွန်နစ် ဆက်သွယ်မှု ဥပဒေသာ ရှိသေးသည်။ နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်ဖြင့် အင်တာနက် ကန့်သတ်ချုပ်ချယ်မှုများလည်း ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် အာဆီယံနိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများ (အမှန်တကယ်အားဖြင့်  အာရှတိုက်တစ်ခုလုံး ရင်ဆိုင်ကြုံတွေ့ နေရသည့်) စိန်ခေါ်ချက်များ၊ ဒီမိုကရေစီကို နာမဝိသေသန အမျိုးမျိုးတပ်၍ ပုံဖျက်အရောင်ဆိုးမှုများ၊ ဖိနှိပ်ချုပ်ချယ်မှု သဏ္ဌာန်အမျိုးမျိုး၊ ရှေ့နေများအပေါ် ဖိနှိပ်ချုပ်ချယ် မှုများကို ဆွေးနွေးကြသည်။
ဒုတိယနေ့ အစီအစဉ်အပြီးတွင် ‘စီဘူး ကြေညာစာတမ်း’ အတွက် နိုင်ငံငါးနိုင်ငံမှ တာဝန်ခံရှေ့နေများ အစည်းအဝေးလုပ်သည်။ စာပိုဒ်တစ်ပိုဒ်ချင်း ဆွေးနွေးအတည်ပြုသည်။ အရေးကြီးသည့် အချက်မှာ လူ့အခွင့်အရေး ရှေ့နေများ၏ စီဘူးညွန့်ပေါင်းအဖွဲ့ “Cebu Coalition”  ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆီယံ တစ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို အခြားနိုင်ငံများက မိမိတို့နှင့်လည်း သက်ဆိုင်သည်ဟု ပါဝင်အရေးယူ ဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်။ ဤဆုံးဖြတ်ချက် နှစ်ရပ်မှာ သမိုင်းတင်သည့် (Historic Adoption) ဆုံးဖြတ်ချက်ဖြစ်သည်။
ဆွေးနွေးပွဲတွင် အလှုပ်ရှား အတက်ကြွဆုံး၊ စိတ်ဝင်စားမှု အများဆုံးမှာ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်ပြချက်များ ဖြစ်သည်။ မြန်မာနိုင်ငံ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း စစ်အစိုးရက ဦးဆောင်ပါဝင်သူ ရှေ့နေပေါင်း မြောက်မြားစွာကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ကလေးသပိတ်ကို ဦးဆောင်ခဲ့သော တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့်နှင့် ရွှေဘိုသပိတ်ကော်မတီ အတွင်းရေးမှူး ဦးမြင့်သန်းတို့ သေဒဏ်ချမှတ် ခံခဲ့ရသည်ကို တင်ပြသည့်အခါ အခမ်းအနား တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဤရဲဘော် နှစ်ဦးသည် ယနေ့တိုင် ရှေ့နေလိုင်စင် ပြန်မရသေး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားစီရင်ရေးကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးက စွက်ဖက်ချုပ်ကိုင်ထားကြောင်း၊ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်က တရားသူကြီး တစ်ဦးဦးကို စွပ်စွဲပြစ်တင်နိုင်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အရွေးချယ်ခံ မဟုတ်သည့် စစ်တပ်ကိုယ်စားလှယ် ပါဝင်ခွင့်ရှိသဖြင့် စစ်တပ်က သဘောမတူပါက မည်သည့် တရားသူကြီးမှ မရပ်တည် နိုင်ကြောင်း၊ တရားစီရင်ရေးတွင် စစ်ဘက်က ဝင်ရောက် နေရာယူလျက်ရှိကြောင်း တင်ပြသည်။ အစည်းအဝေး တစ်ခုလုံး မခံမရပ်နိုင် ဖြစ်ကြပြီး နေ့ခင်းပိုင်း အစီအစဉ်တွင် နိုင်ငံစုံ ကိုယ်စားလှယ်များက ဖဲကြိုးဝါများ တပ်ဆင်လာကြပြီး မြန်မာနိုင်ငံ ရှေ့နေများနှင့် တစ်သားတည်းရှိကြောင်း ထုတ်ဖော်ပြသ ခဲ့ကြသည်။
EMG Eleven Media Group အမှုများ တင်ပြသည့်အခါ သမ္မတဦးသိန်းစိန် အစိုးရ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် အပေါ်ထားသည့် ပေါ်လစီကို မေးခွန်းအကြီးအကျယ် ထုတ်ခဲ့ကြသည်။ တရားလွှတ်တော် ရှေ့နေများကို အရေးယူ ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ တရားလွှတ်တော်ချုပ်ရှေ့တွင် ကြားနာခုခံ ချေပခွင့်မပေးဘဲ စာရွက်တစ်ရွက်ဖြင့် လိုင်စင် ရုပ်သိမ်းကြောင်း သိရသည့်အခါ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု အဆင့်အတန်းကို စိုးရိမ်ပူပန်ကြသည်။
တတိယနေ့တွင် စီဘူးကြေညာစာတမ်းကို အတည်ပြုသည်။ နိုင်ငံအလိုက် သီးခြားအမှုများကို တင်ပြကြသည်။ မြန်မာနိုင်ငံမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေများ အကြောင်း တင်ပြသည်။ ၂၀၁၁ ခုနှစ် ငြိမ်းစုစီ ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၉၈ နှင့် ဆန့်ကျင်သဖြင့် မူလကတည်းက ပျက်ပြယ်သော ဥပဒေဖြစ်ကြောင်း တင်ပြသည်။
စီဘူးကြေညာ စာတမ်းအရ မူလတည်ထောင် ပါဝင်သူ အရပ်ဘက် အဖွဲ့အစည်း ၁၀ ခုဖြင့် Advocates for Freedom of Expression – South East Asia (AFC – SEA) “လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ဦးဆောင်သူများ (အာဆီယံ)” ဖြင့် တည်ထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် (MLN – Myanmar Lawyers Network)၊ မြန်မာနိုင်ငံမီဒီယာ ရှေ့နေများကွန်ရက်တို့ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။
ဤအဖွဲ့အစည်းသည် အာဆီယံသမိုင်းတွင် ပထမဦးဆုံးအကြိမ် ပေါ်ပေါက်သည့် ရှေ့နေများနှင့် ဒီမိုကရက်များ၏ ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။ အာဆီယံအဖွဲ့ကြီး ပေါ်ပေါက်ခဲ့ခြင်းမှာ စစ်အေးတိုက်ပွဲ ကာလအတွင်း အမေရိကန် ပြည်ထောင်စုက ၎င်း၏ ကြယ်ရံနိုင်ငံများအဖြစ် ကွန်မြူနစ် ဆန့်ကျင်ရေးအတွက် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ အရှေ့တောင် အာရှတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံတစ်လွှားရှိ လက်နက်စွဲကိုင် ပုန်ကန်လျက်ရှိသော ကွန်မြူနစ်ပါတီများကို ချေမှုန်းရန် စစ်အစိုးရနှင့် အာဏာရှင်များကို အမေရိကန် ပြည်ထောင်စုက နန်းတင်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းမှတစ်ဆင့် အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ (SEATO) အဖွဲ့ကို အသက်သွင်းခဲ့သည်။ ထိုစဉ်က အမေရိကန် ပြည်ထောင်စုမှ ကမ္ဘာ့ပုလိပ်ကြီးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားပြီး အာဆီယံ အဖွဲ့မှာလည်း အမေရိကန် လက်ကိုင်တုတ်အဖြစ် နာမည်ပျက်စာရင်းဝင် အဖွဲ့အစည်းဖြစ်သည်။
စစ်အေးတိုက်ပွဲ အပြီးတွင် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း အပြောင်းအလဲတွင် အာဆီယံနိုင်ငံများသည်  အမေရိကန်သြဇာကို အန်တုခုခံ ခဲ့ကြသည်။ မိမိတို့ အဖွဲ့အစည်းကို ဥရောပသမဂ္ဂ (EU) နှင့် အဆင့်အတန်းတူ ဖြစ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဘုံလူမှုအသိုက် အမြုံနှင့် ဘုံငွေကြေး ထူထောင်ရန် ကြိုးပမ်းခဲ့ ကြသည်။ ၁၉၉၀ ပြည့်နှစ်များတွင် တစ်ကမ္ဘာလုံးက ဝိုင်းကြဉ်ထားသော မြန်မာစစ်အစိုးရကို မိမိတို့ အသိုင်းအဝိုင်းအတွင်း ဆွဲသွင်းခဲ့သည်။ အာရှတိုက် တစ်လွှားတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆန့်ကျင်သည့် အာဏာရှင်များ၏ လက်သုံးစကားဖြစ်သည့် “အာရှ တန်ဖိုး”၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” စသည့် မင်းဆိုးမင်းညစ် အတွေးအခေါ်ဖြင့် အာဆီယံ အသိုင်းအဝိုင်းမှ အာဏာရှင်အစိုးရ အချင်းချင်း လက်တွဲခဲ့ကြသည်။ ယခု ရှေ့နေများ၏ ညွန့်ပေါင်းအဖွဲ့မှာ ဒေသတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်ရန် ပထမဆုံးအကြိမ် သမိုင်းတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Most Read

Most Recent