အာဏာသိမ်းရန် မရှိသည့်အပြင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို အသက်နှင့်ရင်းပြီး ကာကွယ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား

အာဏာသိမ်းရန် မရှိသည့်အပြင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို အသက်နှင့်ရင်းပြီး ကာကွယ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား
Published 6 October 2015
အောင်သူထွန်း

အာဏာသိမ်းရန် မရှိသည့်အပြင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို  အသက်နှင့်ရင်းပြီး ကာကွယ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၅ ရက် နေ့လည်ပိုင်း၌ ကလေးမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။“ခင်ဗျားတို့ ထင်သလို အာဏာသိမ်းဖို့ မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အင်တာဗျူး တစ်ခုမှာ အာဏာသိမ်းဖို့ မရှိပါဘူးလို့ ပြောထားပါတယ်။ တိုင်းပြည်က အေးအေးဆေးဆေးဖြစ်ရင် အာဏာသိမ်းဖို့ မရှိပါဘူး။ ရွေးကောက်ပွဲရဲ့ ရလဒ်ကို တပ်မတော်က လက်မခံဘူး။ ပါတီတစ်ခုက လက်မခံဘူးလို့ မဖြစ်စေရပါဘူး။ ကျွန်တော် လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ ဒီ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ကို လက်ခံရမယ်။ ဒီရလဒ်ကို အသက်နဲ့ရင်းပြီး ကာကွယ်သွားပါ့မယ်။ လက်မခံဘူးဆိုရင် ကျွန်တော့်ကို သတ်ချင်သတ်။ ဒါမှမဟုတ် ကျွန်တော့်ကို အချုပ်ထဲထည့်။ ဒါပြီးမှ မင်းတို့ လုပ်ချင်ရာလုပ်။ ဒါပဲ ကျွန်တော်က ပြောခွင့်ရှိပါတယ်။ ဒီခေတ်ကြီးက အာဏာသိမ်းတဲ့ခေတ် မဟုတ်ပါဘူး။ အရင်က တစ်ပါတီရဲ့ လမ်းညွှန်မှုကို ခံရတယ်။ နောက်စစ်တပ်ရဲ့ လမ်းညွှန်မှုကို ခံရတယ်။ တစ်ချိန်က အစိုးရကို ဗဟိုပြုသော စနစ်ပါ။ အထက်က ခိုင်းတာကိုပဲ လုပ်ရတယ်။ အခုဟာက လူထုကို ဗဟိုပြုတဲ့ အခြေခံတဲ့ စနစ်။ လွှတ်တော်အမတ် သက်ဆိုင်ရာဒေသ အကျိုးမလုပ်လို့ ရှိရင် ရီကောလုပ်လို့ ရတယ်။ ကိုယ်စားလှယ်တွေက ကိုယ့်ဒေသ အကျိုးမပြုဘူးဆိုရင် ရီကောလုပ်လို့ ရတယ်။ မလုပ်ဘူး ဆိုရင်တောင် နောင်တစ်ချိန် မဲမပေးပဲ နေလို့ရတယ်။ အာဏာသိမ်းမယ်ဆိုပြီး ပြောတဲ့သူ ရှိရင်လည်း ရူးလို့ပြောတယ်လို့ မှတ်ယူလိုက်ပါ” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးမှ စက်တင်ဘာ ၂၆ ရက်က ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်းရဲ့ ပြောဆိုချက်ကို မေးမြန်းချင်ပါတယ်ဟုဆိုကာ ၎င်းက “ဒီမိုကရေစီဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်မို့ ဖြစ်လာတာ မဟုတ်ပါဘူး။ အဘ ဦးမောင်မြင့်တို့ ဦးသိန်းစိန်တို့ရဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတာ ရှိပါတယ်။ အာဏာကို အချိန်မရွေး ပြန်သိမ်းချင်တယ်ဆိုရင် ပြန်သိမ်းလို့ ရပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို မသွားချင်ဘူး ဆိုရင်လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ဆက်လက်ပြီး အုပ်ချုပ်လို့ ရပါတယ်။ မာရှယ်လောဆိုတာ ထုတ်လိုက်ရင် ပြီးတာပဲ။ ဒါပေမဲ့ ဒါတွေ မလုပ်ပါဘူးလို့ ပြောသွားပါတယ်။ အဲဒါဟာ ကျွန်တော့်အနေနဲ့ နည်းနည်းများ ခြိမ်းခြောက်တဲ့ အသံလေး ပါလားလို့ ဥက္ကဋ္ဌကြီးကို မေးမြန်းခြင်း ဖြစ်ပါတယ်” ဟု မေးမြန်းရာ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ကလေးမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ ပါတီများ၊ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ကာ ပါတီများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့သည်။“ခြိမ်းခြောက်တဲ့ စကားတွေက မပြောသင့်ပါဘူး။ ဒါတွေက မပြောသင့်တဲ့ စကားတွေပါ။ ဒီစကားမျိုးကို ကျွန်တော်လည်း စေတနာ ဒေါသနဲ့ ပြောတတ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းဖို့ လိုလားသော ဥက္ကဋ္ဌကြီးလို့ ကျွန်တော့်ကို ဝေဖန်ကြပါတယ်။ ကျွန်တော်က အာဏာသိမ်းမှာကို မလိုလားဆုံးပါ။ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၄ ယောက် တွေ့ဆုံကတည်းက ဒီစကားပဲ ပြောပါတယ်။ ပါတီတွေ အေးအေးဆေးဆေး နေကြပါ။ ဆူဆူပူပူ မဖြစ်ပါစေနဲ့။ ဆူဆူပူပူ ဖြစ်ရင် တပ်မတော်က ဒီအတိုင်း ငြိမ်နေလို့ မရတော့ဘူး။ တိုင်းပြည် ပြိုကွဲတော့မယ်ဆိုရင် မအေးချမ်းတော့ရင် အာဏာသိမ်းရတယ်။ အာဏာသိမ်းတဲ့ အခါကျတော့ ကမ္ဘာက မကြိုက်တော့ဘူး။ ကမ္ဘာက မကြိုက်တော့ ပိတ်ဆို့မှုတွေ လုပ်ရော၊ ပိတ်ဆို့မှုတွေ လုပ်တော့ ပြည်သူလူထုတွေပဲ နာတာပေါ့။ ခင်ဗျားတို့လည်း သိပါတယ်။ အစိုးရနဲ့ တပ်မတော်ဆိုရင် အမြင်စောင်းပါတယ်။ တပ်မတော် တစ်ပါတီက၊ အာဏာယူခဲ့တာ ၄၈ နှစ် ရှိပါပြီ။ အခု ပွင့်လင်းလာတော့ ဗြောင်ကြီး ပုတ်ခတ် တိုက်ခိုက်ပါတယ်။ ကျွန်တော်တို့ သွေးတွေ ချွေးတွေနဲ့ နိုင်ငံတော် တိုးတက်အောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်လည်း နိုင်ငံတော်ပျက်အောင် တစ်ကြိမ်မှ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ တိုးတက်သလားဆိုတော့ မတိုးတက်ပါဘူး။ အခုအချိန်အထိ အဆင်းရဲဆုံး နိုင်ငံမှာ ရှိနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent