NLD အစိုးရ ဖြစ်လာချိန်တွင် ပြည်သူလူထုက ဆန္ဒနှင့် ကိုက်ညီမှုများ မရှိသဖြင့် အလိုမရှိကြောင်း တောင်းဆိုလာပါက ဒီမိုကရေစီနည်းကျကျ အစိုးရအဖြစ်မှ ထွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD အစိုးရ ဖြစ်လာချိန်တွင် ပြည်သူလူထုက ဆန္ဒနှင့် ကိုက်ညီမှုများ မရှိသဖြင့် အလိုမရှိကြောင်း တောင်းဆိုလာပါက ဒီမိုကရေစီနည်းကျကျ အစိုးရအဖြစ်မှ ထွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 4 October 2015

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖြစ်လာချိန်တွင် ပြည်သူလူထုက ဆန္ဒနှင့် ကိုက်ညီမှုများ မရှိသဖြင့် အလိုမရှိကြောင်း တောင်းဆိုလာပါက ဒီမိုကရေစီနည်းကျကျ အစိုးရအဖြစ်မှ ထွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ရွက်ရာတွင် မတရားသည့်နည်းများ အသုံးမပြုကြောင်း၊ ပြည်သူကို ခြိမ်းခြောက်မက်လုံးပေး၍ မစည်းရုံးကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အသုံးပြု၍ ပြည်သူများ စိတ်ဝမ်းကွဲအောင် ပြုလုပ်စည်းရုံးခဲ့ခြင်းလည်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ပြည်သူရဲ့ မဲတွေတောင်းခံတဲ့ နေရာမှာ ကျွန်မတို့အဖွဲ့ချုပ်ကို မဲထည့်စေချင်တာ ကျွန်မတို့ အစိုးရဖွဲ့ချင်လို့ပါလို့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အစိုးရဖွဲ့ချင်သည်မှာ အပြစ်မဟုတ်ကြောင်း၊ အစိုးရသည် မည်သို့လုပ်ဆောင်သည်သာ အရေးကြီးကြောင်း၊ မိမိတို့သည် အစိုးရဖွဲ့၍ ပြည်ထောင်စုအကျိုး ဆောင်ရွက်ပိုင်ခွင့်ကို တောင်းခံနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့က အာဏာ၊ သြဇာကို တောင်းခံနေတာ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်၊ တာဝန်ယူပိုင်ခွင့်ကို တောင်းဆိုနေတာပါလို့ ပြည်သူတွေ နားလည်စေချင်ပါတယ်။ ကျွန်မ မကြာခဏ ပြောပါတယ်။ ပြည်သူက မလိုလားလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်ဟာ အစိုးရ အာဏာရတဲ့ အခါမှာလည်း ကတ်ဖဲ့ပြီးတော့ မနေပါဘူး။ ပြည်သူမလိုလားဘဲ ကတ်ဖဲ့နေတာဟာ သိက္ခာမရှိတဲ့ နိုင်ငံရေးလို့ ဒီလိုစိတ်ထဲမှာ ထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်တဲ့ အခါကြရင် စိတ်ချလက်ချ ယုံယုံကြည်ကြည်နဲ့ မဲထည့်ပါ။ ကျွန်မတို့ အစိုးရဖြစ်လာလို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး၊ ပြည်သူလူထုက ငါတို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို မလိုလားတော့ဘူး မလိုချင်တော့ဘူးဆိုရင် ကျွန်မတို့ ဒီမိုကရေစီနည်းကျကျ အစိုးရအဖြစ်က ထွက်ပေးပါမယ်လို့ ပြောရဲပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ပါက မည်သူသမ္မတဖြစ်စေ အဆိုပါ အစိုးရအဖွဲ့အား ပဲ့ကိုင်ထိန်းမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့ရှိ အရှေ့ကျောင်းတိုက် ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲပြုလုပ်ကာ မွန်းလွဲပိုင်းတွင် နန့်မွန်းရွာ၌ ဟောပြောပွဲ ဆက်လက်ပြုလုပ်ခဲ့ပြီး မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာကာ မြစ်ကြီးနားမြို့တွင် ညအိပ်ရပ်နားမည် ဖြစ်သည်။

Most Read

Most Recent