သာကေတ (၈) ရပ်ကွက် အိမ်နောက်ဖေး ဂရန်ဆက်စပ်မြေများကို အိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့်ပြုလိုက်သည့်အပေါ် ကန့်ကွက်ကြောင်း ရပ်ကွက်နေသူအချို့ သမ္မတထံ စာတင်မည်

သာကေတ (၈) ရပ်ကွက် အိမ်နောက်ဖေး ဂရန်ဆက်စပ်မြေများကို အိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့်ပြုလိုက်သည့်အပေါ် ကန့်ကွက်ကြောင်း ရပ်ကွက်နေသူအချို့ သမ္မတထံ စာတင်မည်
Published 3 October 2015
ကျော်ထင်

ရန်ကုန်မြို့ သာကေတမြို့နယ် (၈) ရပ်ကွက် ရွှေအုတ်ဂူ ၂ လမ်းနှင့် ၃ လမ်းကြားရှိ အိမ်နောက်ဖေးဂရန် ဆက်စပ်မြေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအား ရွှေကမာအိမ်ရာစီမံကိန်းအဖြစ် လုပ်ကိုင်ခွင့်ပြုလိုက်သည့်အပေါ် ကန့်ကွက်ကြောင်းနှင့် ရပ်ဆိုင်းပေးရန် သမ္မတထံ စာတင်သွားမည်ဖြစ်ကြောင်း ရွှေအုတ်ဂူ ၃ လမ်းတွင် နေထိုင်သူအချို့ထံမှ သတင်းရရှိသည်။
 
ယင်းအိမ်ရာစီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အေးရိပ်ငြိမ်ဆောက်လုပ်ရေးကုမ္ပဏီအား တာဝန်ယူဆောက်လုပ်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါအိမ်နောက်ဖေး ဂရန်ဆက်စပ်မြေများမှာ ရွှေအုတ်ဂူ ၂ လမ်းနှင့် ၃ လမ်းတွင်နေထိုင်သော ဂရန်မြေပိုင်ရှင် ၃၈ ဦးက ဂရန်ဆက်စပ်မြေများအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ကြောင်း၊ ထိုသို့ လျှောက်ထားဆဲကာလတွင် အိမ်ရာစီမံကိန်းအတွက် ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ ခွင့်ပြုချက်မရခင်ကတည်းက ခြံစည်းရိုး ဝင်ရောက်ခတ်မှုများရှိခဲ့ပြီး ယင်းကိစ္စကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း (မြေအသုံးချစီမံခန့်ခွဲမှုကော်မတီ) သို့လိပ်မူ၍ တိုင်ကြားခဲ့ကာ ဒုတိယအကြိမ် ဂရန်ဆက်စပ်မြေအဖြစ် ထပ်မံလျှောက်ထားခဲ့သည်ဟု ရွှေအုတ်ဂူ ၃ လမ်းနေ ပြည်သူအချို့က ပြောကြားသည်။
 
အဆိုပါ အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ခွင့်ပြုချက်ကျခဲ့ပြီး အဆိုပါနေရာများအား သဲဖို့ခြင်းလုပ်ဆောင်ခဲ့သောကြောင့် သာကေတ (၈) ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများသို့ မိုးအနည်းငယ်ရွာပါက ရေကြီးခြင်းများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
“အခုဆောက်မယ့်နေရာမှာ ကျွန်တော်တို့တွေ မွေးမြူရေးလုပ်ငန်းတို့၊ သီးပင်စားပင်တွေ စိုက်ကြတာရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အခုကန့်ကွက်တဲ့သူ ၂၂ ဦး လောက်ရဲ့ လက်မှတ်ထိုးထားတာ ရထားတယ်။ ဒီတစ်ရက် နှစ်ရက်လောက်အတွင်း နိုင်ငံတော်သမ္မတထံကို စာတင်သွားမယ်။ ဒီလို တရားမျှတမှု ကင်းမဲ့တဲ့ကိစ္စကို အလေးထားပြီးတော့ ဒီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ အသနားခံ တင်ပြသွားမှာပါ”ဟု ရွှေအုတ်ဂူ ၃ လမ်းတွင် နေထိုင်သူ ဦးကျော်စွာထွန်းက ပြောပြသည်။
 
အဆိုပါ အိမ်ရာစီမံကိန်း ဖော်ဆောင်မည့် မြေနေရာသည် အကျယ်အဝန်း ၁ ဒသမ ၁၂ ဧကရှိပြီး ၁၉၉၃ ခုနှစ်ကတည်းက စီမံချက်ဖြင့် ၃၇ ဦးကို ဂရန်များ ချထားပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုနေရာတွင် ကျူးကျော်သူ ၁၄ ဦး ရှိနေသဖြင့် ဂရန်ရှိသူ ၃၇ ဦးလည်း အဆောက်အအုံဆောက်၍ မရသဖြင့် ဝိုင်းဝန်းညှိနှိုင်းခဲ့ရာ ယင်းနေရာတွင် အိမ်ရာဆောက်လုပ်ကာ ဂရန်ရှိသူ ၃၇ ဦးအပြင် ကျူးကျော်သူ ၁၄ ဦးကိုလည်း နေရာပြန်လည်ချထားပေးရန် သဘောတူခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မူအားဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
 
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုထိ ကျွန်တော်တို့ဆီကို ကန့်ကွက်မှု တစ်စုံတစ်ရာလာတာ မရှိသေးဘူး။ သူတို့ဘက်က ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုရင် တင်ပြလို့ရပါတယ်”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။               

Most Read

Most Recent