မော်ဒယ် အေးချမ်းမြတ်မိုးအား သတ်ခဲ့သည်ဟု ယူဆရသောကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးတရားစွဲ ခံထားရသော အံ့ဖြိုးပိုင်အား အောက်တိုဘာ ၁ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်ဘက်မှ တင်သွင်းထားသော တရားခံပြသက်သေ ၂၁ ဦးအနက် တရားခံပြသက်သေ သုံးဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။“သူတို့ဘက်က တင်ထားတဲ့ တရားခံပြသက်သေက ၂၁ ယောက် တင်ထားတယ်။ ဒီနေ့ သက်သေသုံးယောက် စစ်သွားပါတယ်။ နောက်ရုံးချိန်းတွေမှာ ကျန်တဲ့သက်သေတွေကို စစ်ဆေးသွားမှာပါ” ဟု တရားလို၏ အကျိုးဆောင် ရှေ့နေဖြစ်သူက အောက်တိုဘာ ၁ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။ယင်းသို့ စစ်ဆေးရာတွင် တရားခံပြ သက်သေများအနက် သက်သေတစ်ဦးအဖြစ် လာရောက် ထွက်ဆိုသော လသာမြို့နယ် တရားရုံး လက်နှိပ်စက်စာရေးမှ လွန်ခဲ့သော နှစ်နှစ်ခွဲခန့်က မော်ဒယ် အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့ နှစ်ဦးမှာ အခြားသူငယ်ချင်းများနှင့်အတူ ဒဂုံတရားရုံး၏ ညွှန်ကြားချက်ဖြင့် မိမိထံသို့ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားလွှာ လာရောက် လုပ်ခဲ့ဖူးကြောင်း၊ ယင်းကြောင့် ၎င်းတို့နှစ်ဦးအား မှတ်ပုံတင်တောင်းရာ အေးချမ်းမြတ်မိုး၏ အသက်မှာ ၁၈ နှစ်သာ ရှိသေးသဖြင့် နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားလွှာ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ပြောပြခဲ့ပြီး တရားရုံးတွင် သွားရောက် မေးမြန်းရန် ပြောပြခဲ့သဖြင့် ၎င်းတို့မှာ ပြန်သွားခဲ့ပြီး လက်ထပ်ထိမ်းမြားလွှာ ပြုလုပ်သွားခဲ့ခြင်း မရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ထို့နောက် တရားလို အကျိုးဆောင် ရှေ့နေက “အခင်းဖြစ်ပွားချိန်တွင် အေးချမ်းမြတ်မိုးသည် အသက် ၁၇ နှစ် ၁၈ နှစ်သာ ရှိသေးသဖြင့် ထွက်ဆိုချက်၌ လွန်ခဲ့သော နှစ်နှစ်ခွဲခန့်က လာရောက်ခဲ့သည်ဟု ထွက်ဆိုခဲ့သဖြင့် သင်္ချာ သဘောအရ တွက်ကြည့်လျှင် ယင်းကဲ့သို့ တရားရုံးသို့ လာရောက်ခဲ့စဉ်က အသက် ၁၄ နှစ် ၁၅ နှစ်ခန့်သာ ရှိသည်ဟု ဆိုလျှင်” ဟု မေးမြန်းရာတွင် တရားခံပြသက်သေ လသာတရားရုံး စာရေးက “အေးချမ်းမြတ်မိုး၏ မှတ်ပုံတင်ကို ကြည့်ခြင်းဖြင့် အသက် ၁၈ နှစ်သာ ရှိသေးသည်ကို သိရှိခဲ့ရကြောင်း” ပြန်လည် ထွက်ဆိုဖြေကြားခဲ့ပြီး တရားလို အကျိုးဆောင် ရှေ့နေ၏ အခြားသော မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခဲ့သည်။ထို့ပြင် တရားခံပြ သက်သေအဖြစ် စွပ်စွဲခံရသူ အံဖြိုးပိုင်၏ သူငယ်ချင်း တစ်ဦးကို စစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၂၀၁၃ ခုနှစ် ဇွန်လခန့်က အံ့ဖြိုးပိုင်နှင့် အေးချမ်းမြတ်မိုးတို့ နှစ်ဦးသဘောတူ လက်ထပ် ထိမ်းမြားရန် ဒဂုံ တရားရုံးသို့ သွားရောက်ရာတွင် မိမိနှင့် အခြားသူငယ်ချင်းများက သက်သေအဖြစ် လိုက်ပါ သွားခဲ့ကြောင်း၊ ဒဂုံတရားရုံးတွင် စာရေးတစ်ဦးက လသာ တရားရုံးတွင် လက်ထပ် စာချုပ်လွှာ သွားရောက် ပြုလုပ်ရန် ညွှန်ကြားခဲ့သဖြင့် သွားရောက်ရာတွင် လသာ တရားရုံး လက်နှိပ်စက် စာရေးတစ်ဦးက အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့၏ မှတ်ပုံတင်အား တောင်းသဖြင့် ၎င်းတို့မှ ပေးခဲ့ကြောင်း၊ ယင်းနောက် လသာ တရားရုံး လက်နှိပ်စက် စာရေးက အေးချမ်းမြတ်မိုးမှာ အသက် ၁၈ နှစ် သာ ရှိသေး၍ နှစ်ဦးသဘောတူ လက်ထပ် ထိမ်းမြားရန် မဖြစ်နိုင်ကြောင်း ပြောပြခဲ့သဖြင့် လက်မထပ်ဖြစ်ဘဲ မိမိတို့နှင့်အတူ ပြန်လာခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ယင်းနောက် တရားလို၏ အကျိုးဆောင် ရှေ့နေမှ အပြန်အလှန် မေးမြန်းမှုများလည်း ပြုလုပ်ခဲ့သည်။စွပ်စွဲခံရသူ အံ့ဖြိုးပိုင်အား ပြီးခဲ့သည့် မေ ၂၉ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင်ကြောင်း တရားသူကြီးက အမိန့်ချမှတ်ပြီး ၎င်းမှာ အပြစ်မရှိကြောင်း စွပ်စွဲခံရသူ အံ့ဖြိုးပိုင်က ငြင်းဆိုထားကာ နှစ်ဖက် တရားရင်ဆိုင် နေသည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်သည်။
မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှုမှ တရားခံပြသက်သေ သုံးဦးအား စစ်ဆေးရာတွင် လွန်ခဲ့သော နှစ်နှစ်ခန့်က သေဆုံးသူနှင့် စွပ်စွဲခံရသူတို့ နှစ်ဦးသဘောတူ လက်ထပ်ရန် ဒဂုံတရားရုံးသို့ သွားရောက်ခဲ့ဖူးကြောင်း သက်သေများ ထွက်ဆို















