ပြည်ပသို့ ဆန်ပြန်လည်တင်ပို့မှု ခွင့်ပြုပြီးနောက်ပိုင်း နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့ရန် လျှောက်ထားသည့် ဆန်တန်ချိန်ပေါင်း ၂၀၀၀၀ ကျော်ရှိ

ပြည်ပသို့ ဆန်ပြန်လည်တင်ပို့မှု ခွင့်ပြုပြီးနောက်ပိုင်း နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့ရန် လျှောက်ထားသည့် ဆန်တန်ချိန်ပေါင်း ၂၀၀၀၀ ကျော်ရှိ
Published 1 October 2015
ချမ်းမြေ့သူ

ပြည်ပသို့ ဆန်ပြန်လည် တင်ပို့မှု ခွင့်ပြုပြီးနောက်ပိုင်း နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့ရန် လာရောက် လျှောက်ထားသည့် ဆန်တန်ချိန်ပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများကြောင့် ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မရှိစေရန်နှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း သြဂုတ် ၁၀ ရက်မှစ၍ နယ်စပ်တင်ပို့မှု အများဆုံး ဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ဆန်ကားဝင်ရောက်မှု မရှိတော့ဘဲ လိုင်စင်ထုတ်ပေးခြင်းကိုလည်း ခေတ္တရပ်ဆိုင်းလိုက်ကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှုကို ခေတ္တရပ်ဆိုင်း ခဲ့သော်လည်း ကုန်သွယ်မှု လမ်းကြောင်းထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုမူ အရောင်းအဝယ် စာချုပ်ပြုလုပ်ပြီး ဖြစ်ပါက သင်္ဘောရောက်ရှိ လာပါက တင်ပို့နိုင်ရန် အတွက် စိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုလုံးမှ ပြန်လည်တင်ပို့ခွင့် ပြုထားပြီး လက်ရှိတွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုထက် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့မှုပိုများကြောင်း သိရသည်။
ပြည်ပသို့ ပြန်လည်တင်ပို့ရန် စတင်ခွင့်ပြုရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေးမည့် နေရာ၊ ပို့ကုန်လိုင်စင် တစ်စောင်လျှင် ခွင့်ပြုမည့် အရေအတွက်၊ လိုင်စင်သက်တမ်း သတ်မှတ်ချက်နှင့် အရန်ဆန်ထားရှိရန် စသည့်အချက်များဖြင့် တင်ပို့သူများ လိုက်နာရန် ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ နိုင်ငံခြားသို့တင်ပို့မှု ကန့်သတ်ချက်အား အရေအတွက်မှလွဲ၍ ကျန်ကန့်သတ်ချက်များအား ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ဂျပန်သို့ တင်ပို့မှုရှိပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုကာ တင်ပို့မှုများကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှု လမ်းကြောင်း နှစ်ခုအနက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြု၍ တင်ပို့မှုမှာ ပိုများပြီး တရုတ်နှင့် ဟောင်ကောင်တို့ကို အများဆုံး တင်ပို့မှု ပြုလုပ်နေခြင်းဖြစ်ပြီး ရာခိုင်နှုန်း ၇၀ နီးပါးမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုတင်ပို့ နေခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent