မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ ရောင်းချနိုင်ရေး FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်နေ

မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ ရောင်းချနိုင်ရေး FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်နေ
Published 30 September 2015
နီလာ၊ ထက်သျှိုင်း

မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ရောင်းချနိုင်ရေး၊ အီးယူဈေးကွက်သို့ တိုက်ရိုက်ထိုးဖောက် နိုင်ရေးအတွက် FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။အီးယူနိုင်ငံ အများစု အနေဖြင့် သစ်ဝယ်ယူမည် ဆိုပါက Legal Timber/Controlled Timber များသာ ဝယ်ယူရန် ပြဋ္ဌာန်းထားရှိကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် သစ်တင်ပို့ရောင်းချသော နိုင်ငံများဘက်မှလည်း သစ်ဝယ်ယူမည့် နိုင်ငံများ၏ လိုလားချက်များကို ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှသာ မြန်မာနိုင်ငံအတွက် ဈေးကွက်ဝေစုကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် အီးယူနှင့် သစ်တင်ပို့ရောင်းချသည့် နိုင်ငံများအကြား တရားမဝင် သစ်ကုန်သွယ်မှုကို တိုက်ဖျက်ရေးနှင့် Legal/Sustainable Timber များကိုသာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက် (Voluntary Partnership Agreement-VPA) လက်မှတ်ရေးထိုးနိုင်ရေး အစီအစဉ်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လာကြောင်း သိရသည်။“ကျွန်တော်တို့ မြန်မာနိုင်ငံတော် အစိုးရ အနေနဲ့လည်း အီးယူနိုင်ငံတွေကို တရားဝင်သစ်များ တင်ပို့ရောင်းချနိုင်ရေးနဲ့ အီးယူဈေးကွက်ကို တိုက်ရိုက်ထိုးဖောက် နိုင်ရေးအတွက် FLEGT-VPA အစီအစဉ် စတင်နိုင်ဖို့ G to G ပူးပေါင်းဆောင်ရွက်လျက်ရှိပြီ ဖြစ်ပါတယ်။ ဒီ FLEGT လုပ်ငန်းစဉ်မှာဆိုရင် သစ်များထုတ်လုပ်ပြီး ခွဲစိတ်တင်ပို့ ရောင်းချရာမှာ Stake Holder လို့ခေါ်တဲ့ ဆက်စပ်ပတ်သက်သူများဖြစ်တဲ့ Government Sector က ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေ၊ နည်းဥပဒေများကို စိုးမိုးမှုရှိအောင်၊ တရားဝင်သစ်များသာ ထုတ်လုပ်ရောင်းဝယ်နိုင်အောင် ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်သွားရမှာ ဖြစ်သလို ကျွန်တော်တို့ ပုဂ္ဂလိက ကဏ္ဍကလည်း မိမိရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တဲ့ နေရာမှာ ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေကို လေးစားလိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် အကျိုးသက်ရောက်မှုများ ရှိစေမယ် လူမှုအဖွဲ့အစည်းတွေကလည်း ကျေနပ်လက်ခံ သဘောတူရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဥရောပသမဂ္ဂ၏ Global Timber Forum တို့သည် သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (Forest Law Enforcement Governance and Trade) FLEGT- VPA လုပ်ငန်းစဉ် စီမံကိန်းကို မြန်မာနိုင်ငံတွင် ပူးပေါင်း အကောင်အထည်ဖော်ရန်အတွက် ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ နှစ်လတာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                   

Most Read

Most Recent