လေယာဉ်ဆီ ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းအတွက် စင်ကာပူနိုင်ငံ အခြေစိုက် PUMAENGRY က အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံ

လေယာဉ်ဆီ ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းအတွက် စင်ကာပူနိုင်ငံ အခြေစိုက် PUMAENGRY က အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံ
Published 26 September 2015
ဆန်းထူးအောင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းအတွက် စင်ကာပူနိုင်ငံ အခြေစိုက် Puma Engry Pte.Ltd သည် အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းဝယ်ရေးအတွက် နှစ်ဖက်သဘောတူ စာချုပ်အား စက်တင်ဘာ ၂၄ ရက်က စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းလုပ်ငန်းနှင့် Puma Engry Pte.Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။နှစ်ဖက် သဘောတူစာချုပ်တွင် Signature Bonus အမေရိကန်ဒေါ်လာ ၂၀ သန်း ရရှိမည်ဖြစ်ပြီး လုပ်ငန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် မ,တည် ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅၁ သန်းဖြစ်ရာ မြန်မာ့ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၆ သန်း တန်ဖိုးရှိ လက်ရှိ အသုံးပြုနေသော ပစ္စည်းများအား ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Puma Energy Group Pte. Ltd. မှ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံကာ အကျိုးတူ ဖက်စပ်ကုမ္ပဏီကို National Energy Puma Aviation Services Co., Ltd. အမည်ဖြင့် ဖွဲ့စည်း၍ လုပ်ငန်း စတင်လုပ်ကိုင် ဆောင်ရွက်မည် ဖြစ်သည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ဖက်စပ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းသည် ၂၀၁၄ ခုနှစ် မေလတွင် Letter of Expression of Interest တင်သွင်းရန် စတင်ဖိတ်ခေါ်ခဲ့ပြီး ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူ အောင်မြင်ခဲ့သည့် လုပ်ငန်းအတွက် လက်မှတ်ရေးထိုးခြင်းဖြစ်ကာ စာချုပ်သက်တမ်းမှာ နှစ်ပေါင်း ၃၀ ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများအနက် ဖက်စပ်လုပ်ငန်း ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူခဲ့ခြင်းအတွက် ပထမဦးဆုံး လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်းလည်း သိရသည်။Puma Energy Group Pte. Ltd. သည် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၁၀,၄၂၃ ဆိုင်၊ အကြီးစား သိုလှောင်ဖြန့်ဖြူးရေး စခန်းကြီး ၈၀ ခု၊ ရေနံချက်စက်ရုံ နှစ်ရုံကို ပိုင်ဆိုင်ထားပြီး ရေနံသန့်စင် ချက်လုပ်ခြင်း လုပ်ငန်းနှင့် ရေနံထွက် ပစ္စည်းများကို သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။            

Most Read

Most Recent