မြန်မာနိုင်ငံတွင် ကြွေးမြီများလာခြင်း၊ နိုင်ငံရသုံးငွေစာရင်း တိုးမြင့်လာခြင်းနှင့် ကုန်သွယ်မှု လိုငွေများလာမှုများကို သတိပြုရန်လိုကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံတွင် ကြွေးမြီများလာခြင်း၊ နိုင်ငံရသုံးငွေစာရင်း တိုးမြင့်လာခြင်းနှင့် ကုန်သွယ်မှု လိုငွေများလာမှုများကို သတိပြုရန်လိုကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာတွင် ဖော်ပြ
Published 25 September 2015
ဆန်းထူးအောင်၊ ထက်သျှိုင်း

မြန်မာနိုင်ငံတွင် ကြွေးမြီများပြားလာခြင်း၊ နိုင်ငံရသုံးငွေစာရင်း တိုးမြင့်လာခြင်းနှင့် ကုန်သွယ်မှုလိုငွေ များပြားလာမှုများအား သတိပြုရန် လိုအပ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးမှု အလားအလာ ၂၀၁၅ ခုနှစ် မွမ်းမံ အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ အစီရင်ခံစာတွင် အရှေ့တောင်အာရှ နိုင်ငံများ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဖွဲ့ဝင် ဖွံ့ဖြိုးပြီး အာရှနိုင်ငံများ၊ အာရှ အလယ်ပိုင်း၊ အရှေ့အာရှ၊ တောင်အာရှ၊ ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ ၂၀၁၅ ခုနှစ် စက်တင်ဘာ နောက်ဆုံးရ အချက်အလက်များကို အခြေခံပြီး ခန့်မှန်းတွက်ချက်မှုများအား ဖော်ပြထားသည်။အရှေ့တောင် အာရှ၏ တိုးတက်မှု ကာမိစေရန် လုပ်ဆောင်ခြင်းများသည် လာမည့်နှစ်တွင် နှောင့်နှေးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်း သုံးသပ်ထားသည်။ ဒေသအလိုက် တိုးတက်မှု ခန့်မှန်းမှုတွင် ၂၀၁၄ ခုနှစ် ၄ ဒသမ ၉ ရာခိုင်နှုန်း ဟုလည်းကောင်း ၊ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း အာရှဖွံ့ဖြိုးမှု အလားအလာ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြခဲ့သည်။အာဆီယံ ဒေသအလိုက် ငွေကြေး ဖောင်းပွမှုတွင် သုံးရာခိုင်နှုန်းအထိ ရှိနိုင်ပြီး ၂၀၁၆ ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း ထုတ်ပြန်ထားသည်။ ဒေသတွင်းတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် ရေကြီးနစ်မြုပ်မှုများကြောင့် အထိနာခဲ့ကြောင်း ဖော်ပြထားသည်။နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှလည်း ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်း၊ စာရင်းရှင် ငွေစာရင်း၊ လိုငွေပိုငွေ များပြားလာခြင်းများ ရှိနေကြောင်း၊ယခု ဘဏ္ဍာနှစ်တွင် အစိုးရ အသုံးစရိတ်လိုငွေ ဂျီဒီပီ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ထို့အပြင် ပုဂ္ဂလိကကဏ္ဍ ချေးငွေထုတ်ချေးမှု အနေဖြင့် ရာခိုင်နှုန်း ၄၅ အထိ မြင့်တက်လာနိုင်ပြီး ယင်းကဲ့သို့ ချေးငွေ ထုတ်ချေးမှု များပြားလာခြင်းနှင့်အတူ ပြီးခဲ့သည့် မေလတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ရှစ်ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ရေကြီး နစ်မြုပ်မှုများကြောင့် စိုက်ပျိုးရေးကဏ္ဍ အပေါ်တွင် သက်ရောက်မှုများကို ထည့်တွက်ပါက ကုန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အလားတူ ပြီးခဲ့သည့်နှစ်က စာရင်းရှင် ငွေစာရင်းတွင် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းထက် ပိုမိုသည့် လိုငွေပြခဲ့ကြောင်း အဓိကမှာ ကုန်သွယ်မှု လိုငွေကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးဆက် အနေဖြင့် နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာ နည်းပါးလာခဲ့ပြီး သွင်းကုန်သုံးလစာ ပမာဏအောက် လျော့နည်းလာကြောင်း နိုင်ငံတကာ ငွေကြေးအဖွဲ့ အနေဖြင့် သွင်းကုန်၏ ငါးလစာမှ ခြောက်လစာအထိ စုဆောင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခု အစီရင်ခံစာ အနေဖြင့် တာဝန်ရှိသူများ အနေဖြင့် အစိုးရ ကောက်ခံ ရရှိငွေကို တိုးတက်စေပြီး သုံးစွဲရာတွင် ဦးစားပေး အစီအစဉ်များကို ပြန်လည် သုံးသပ်ခြင်းဖြင့် အစိုးရ အသုံးစရိတ် လိုငွေကို လျှော့ချသင့်ကြောင်း ဖော်ပြထားသည်။ 

Most Read

Most Recent