ကောင်တာဈေးကွက် (Over The Counter) တရားဝင် ပေါ်ပေါက်လာပါက ထုတ်ဝေပြီးသော ရှယ်ယာ အားလုံးကို တရားဝင် ဈေးကွက်တွင်သာ ရောင်းဝယ်ရမည်ဟု ဆို

ကောင်တာဈေးကွက် (Over The Counter) တရားဝင် ပေါ်ပေါက်လာပါက ထုတ်ဝေပြီးသော ရှယ်ယာ အားလုံးကို တရားဝင် ဈေးကွက်တွင်သာ ရောင်းဝယ်ရမည်ဟု ဆို
Published 23 September 2015
သန်းထိုက်အောင်

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေအရ Over The Counter (ကောင်တာဈေးကွက်)တရားဝင် ပေါ်ပေါ်လာပါက ယခုလက်ရှိ ထုတ်ဝေပြီးသော ရှယ်ယာများ လဲလှယ်ရောင်းချနေခြင်းကို တားမြစ်သွားမည်ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ သိရသည်။“ထုတ်ပြီးသား ရှယ်ယာတွေကို လက်လွှဲရောင်းတာမျိုးတော့ လောလောဆယ်မှာ ရသေးတယ်။ Secondary Market (OTC) ကတော့ ရသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ Secondary Market (Over The Counter) ကို မဖွဲ့ရသေးလို့။ ဖွဲ့ပြီးရင်တော့ မရတော့ဘူး။ ဖွဲ့ထားတဲ့ ဈေးကွက်မှာပဲ ရောင်းရတော့မယ်။ လောလောဆယ် မရောင်းရတော့ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့တော့ ညီရမှာပေါ့။ ဒါမှ ဝယ်တဲ့ ပြည်သူတွေအတွက် နစ်နာမှု မရှိစေဘဲ စိတ်ချရတာပေါ့” ဟု ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။၂၀၁၃ ခုနှစ် ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေအရ Over The Counter (ကောင်တာဈေးကွက်)ကို လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ သုံးခုထက် မနည်းက ကော်မရှင်သို့ စုပေါင်းလျှောက်ထားပြီး ခွင့်ပြုချက် ရရှိပါက တည်ထောင်နိုင်ကြောင်း သိရသည်။ယခုအခါ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းလိုင်စင် လေးမျိုးအတွက် လျှောက်လွှာများ ခေါ်ယူခဲ့ရာ လျှောက်ထားလွှာ ၅၇ စောင်ရှိကြောင်း သိရပြီး ငွေချေးသက်သေခံလက်မှတ်များ တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိခြင်း လိုင်စင်ကို ယခုလကုန်တွင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။“လောလောဆယ် အများပိုင် ကုမ္ပဏီထဲက အစုရှယ်ယာရှင်တွေ အချင်းချင်း၊ ကုမ္ပဏီ အချင်းချင်း ရှယ်ယာရောင်းချနေတာမျိုးတော့ ရပါသေးတယ်။ ဒါပေမဲ့ လက်ရှိ ရှိပြီးသား ရှယ်ယာတွေကို ဖြစ်စေ၊ ထပ်မံထုတ်ဝေတဲ့ အစုရှယ်ယာတွေကို ဖြစ်စေ အများပြည်သူကို ကမ်းလှမ်းရောင်းချတော့မယ် ဆိုရင် တော့ကုမ္ပဏီရဲ့ လုပ်ငန်းအလားအလာ ညွှန်းတမ်း (Prospectus) ကို SECM ဆီ တင်ပြရပါမယ်။ ကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှ အများပြည်သူတွေဆီ ရောင်းချခွင့် ရမှာပါ” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက် ပြောကြားသည်။လက်ရှိ အချိန်တွင် မြန်မာနိုင်ငံတွင် ကောင်တာဈေးကွက် ဖွင့်လှစ်ရောင်းချခွင့်ကို မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီသာ ရရှိထားပြီး သစ်တောဖက်စပ် ကော်ပိုရေးရှင်း ရှယ်ယာများနှင့် မြန်မာနိုင်ငံသားများ ဘဏ်ရှယ်ယာများကို လဲလှယ်ရောင်းချပေးနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အများပိုင်ကုမ္ပဏီ ၂၀၀ ကျော် ရှိနေပြီး လုပ်ငန်းအောင်မြင်နေသည့် ကုမ္ပဏီများလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent