. . . ပြောပြချင်ပါတယ် (၁၆)

. . . ပြောပြချင်ပါတယ် (၁၆)
Published 22 September 2015
သန်းထွဋ်အောင်

လွန်ခဲ့သည့် ၂နှစ် (၁၈.၉.၂၀၁၃ နေ့ထုတ် The Daily Eleven သတင်းစာ) တွင် ရေးသားခဲ့သော “...ပြောပြချင်ပါတယ် ၁၆” ဆောင်းပါးအား လက်ရှိကာလ အခြေအနေများနှင့် ချိန်ထိုးသုံးသပ် ဖတ်ရှူနိုင်ပါရန် ပြန်လည်ဖော်ပြပါသည်။ 
 
- စာရေးသူ 
 
( ၁ )
 
အရင်တစ်ပတ်ကျော်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) နောက် ပြန်လည်ကျခြင်းရဲ့လက္ခဏာရပ်တွေပဲလို့ ရေးခဲ့ပါတယ်။ 
 
တကယ်ကျတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ၁၉၆၂ အာဏာသိမ်းစဉ်ကတည်းက ယိုယွင်းပျက်စီးခဲ့ရတဲ့ တိုင်းရင်းသားပြည်သူလူထုနဲ့ တပ်မတော်ရဲ့အကြား ပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်ရရှိဖို့ဆိုရင် တပ်မတော်ဟာ  မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေနဲ့ ကင်းရှင်းစွာ နေထိုင်ပြီး နိုင်ငံတော်အာဏာ အရပ်ရပ်ကို မူလပိုင်ရှင်ဖြစ်တဲ့ လူထုထံ အစစ်အမှန် ပြန်လည်လွှဲပြောင်းပြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။ 
 
( ၂ )
 
အခုအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ဖို့လိုပါတယ်။ ပြီးရင် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကျင်းပပေးဖို့ပဲ ဖြစ်ပါတယ်။ တကယ်ကျတော့ အစိုးရသစ်ရဲ့ပြုပြင်ပြောင်းလဲရေးခရီးမှာ Dialogue လို့ခေါ်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ အပေးအယူ လက်တွေ့ကျကျ စတင်လုပ်တဲ့ အချိန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ပြင်ဆင်တဲ့အချိန်ပဲ ဖြစ်ပါတယ်။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရင် ဒီမိုကရေစီနည်း မကျတာတွေ၊ ရှေ့နောက်မညီတာတွေ၊ လက်တွေ့မကျတာတွေ အများကြီးပါပဲ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့နေရာမှာ အဓိကကျတဲ့ နေရာကပါခဲ့တဲ့ သမ္မတကြီး အပါအဝင် လူတိုင်းသိပါတယ်။ လူတွေထောင်ချီရေးဆွဲပေမယ့် နောက်ဆုံး အဆုံးအဖြတ်က လူတစ်ဦးတည်းပဲ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံကို ပြင်တာထက် အသစ်ပြန်ဆွဲတာက ပိုလွယ်မယ်ဆိုတာ လူတိုင်းသိနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အသစ်ပြန်ဆွဲတာ လက်တွေ့မှာ ဖြစ်မလာနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသစ်ပြန်လည်ရေးဆွဲခြင်းဟာ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းဘက်ကို ရောက်သွားနိုင်လို့ပါပဲ။ ထိပ်တိုက် ရင်ဆိုင်ခြင်းအတွက် အသင့်ဖြစ်ပြီလားဆိုတာလည်း စဉ်းစားစရာရှိပါတယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြင်၊ အသစ်ပြန်ရေးရေး နှစ်ဦးနှစ်ဖက်(သို့) သုံးဦးသုံးဖက် အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူဘောင် (National Reconciliation Framework)တွေတော့ ရှိရပါမယ်။ ဒါပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ပန်းတိုင်ကိုတော့ မရောက်ရောက်အောင် သွားရပါမယ်။ ညှိနှိုင်းရမယ့် အပေးအယူလုပ်ရမှာက အချိန်ပဲဖြစ်ပြီး  Basic Principle ကိုတော့ တိုင်းပြည်အတွက် အားလုံးသဘောတူကြဖို့ လိုပါတယ်။ 
 
( ၃ )
 
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုရင် ၂၀၁၅ အတွင်းမှာ အကုန်ပြင်ဆင်ဖို့ဆိုတာ  မလွယ်ပါဘူး။ ဒါဟာ တပ်မတော်တစ်ခုတည်းနဲ့သာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၁၅ မတိုင်မီနဲ့ ၂၀၂၀ မတိုင်မီအထိ အဆင့်ဆင့် ပြင်ဆင်ကြရပါလိမ့်မယ်။ ၂၀၁၅ မတိုင်မီမှာ ပြင်ဆင်ဖို့ကတော့ 
 
(၁)   ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်နိုင်တဲ့ အခင်းအကျင်းတွေဖြစ်အောင်၊
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံတွေဖြစ်တဲ့ အာဏာခွဲဝေမှုများ ပြန်လည်ပြင်ဆင်ရန်၊
(၃) ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အပိုင်းသုံးပိုင်းခွဲပြီး ပြင်ဆင်ရပါမယ်။ 
 
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ (က)အရ  ပုဒ်မတွေသာမက ပုဒ်မ ၄၃၆ (ခ) အရလည်း ပြင်ဆင်ဖို့ ခဲယဉ်းပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ဆိုရင် ပြင်ဆင်ရေးအတွက် ဆွေးနွေးတဲ့အခါမှာ ပတ်သက်သူအားလုံးက ၂၀၁၅ မတိုင်မီ၊ ၂၀၁၅ ပြီး နောက်ပိုင်းပြင်ဆင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူဘောင်ကို နားလည်ကြဖို့ လိုမယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ဖွဲ့စည်းပုံပြင်မယ်ဆိုရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစရှိတဲ့ ယခင်အစိုးရကို ဆက်ခံခဲ့တဲ့ အင်အားစုတွေ သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံအင်အားစုအပြင် တိုင်းရင်းသားခေါင်းဆောင်တွေပါ သဘောတူမှရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုဒ်မ ၄၃၆ (က) အရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်လို့ ဆိုထားတဲ့အတွက် ဖြစ်ပါတယ်။ 
 
ဒါကြောင့် ပထမတစ်ကြိမ် ပြင်ဆင်ရေးမှာ ပုဒ်မ ၄၃၆(က)(ခ) ပြင်ဆင်ရေးဟာ အဓိကအကျဆုံးဖြစ်ပြီး ဒီလိုပြင်ဆင်နိုင်ဖို့ အတွက် တိုင်းပြည်မျက်နှာကို ထောက်ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘုံသဘောတူညီချက်တစ်ခုကို ပထမ အဆင့်မှာ အစိုးရ၊ အာဏာရပါတီ၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားတွေ သဘောတူညီဖို့ လိုပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ကြိမ်တည်းနဲ့ပြင်ဖို့ မဖြစ်နိုင်ဘူး။ ၂၀၁၅ မတိုင်မီနဲ့ ၂၀၂၀ မတိုင်မီ အနည်းဆုံး နှစ်ကြိမ်ခွဲပြင်မှသာ ဘုံသဘောတူညီချက်ကို ရရှိမှာဖြစ်ပါတယ်။ 
 
( ၄ )
 
(၁) ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား လက်နက်ကိုင်တပ်ဖွဲ့ဆိုင်ရာပြဿနာကို ဖြေရှင်းဖို့ဆိုတာ နည်းနည်းတော့ အချိန်ယူရနိုင်ပါတယ်။ ပြည်ထောင်စုတပ်မတော်ဆိုတာ အပြောလွယ်ပေမယ့် အနည်းငယ်ရှုပ်ထွေးပါတယ်။ 
 
ဒါကြောင့် ပထမဆုံးအကြိမ်မှာ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြင်ဆင်စရာတွေ များပါတယ်။ အဓိက မူဘောင်ကတော့ ပြည်နယ်တွေမှာ မိမိဘာသာ ရွေးကောက်တဲ့အစိုးရ (သမ္မတက တိုက်ရိုက်ခန့် မဟုတ်) ဖြစ်ပေါ်လာရေးနဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်မှာ လူနည်းစု တိုင်းရင်းသားတွေအတွက် နေရာတွေ ပိုမိုရရှိဖို့နဲ့ တိုင်းရင်းသားပြည်နယ်မဟုတ်တဲ့ တိုင်းပြည်နယ်တွေ (ဥပမာ- ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) စတဲ့ ဒေသလွှတ်တော်တွေမှာ တိုင်းရင်းသားကိုယ်စားလှယ်အချိုး ပိုရလာဖို့  ဒါတွေကိုညှိနှိုင်းရပါမယ်။ ရှစ်ပြည်နယ်မူကတော့ လူဦးရေ ရာခိုင်နှုန်း ၇၀ ရှိတဲ့ ဗမာနဲ့  ဗမာအနွယ်တွေရဲ့ ဒီမိုကရေစီအခွင့်အရေးကို ထိပါးတာဖြစ်တဲ့အတွက် ပြဿနာတွေသာ ရှည်ကြာသွားပါလိမ့်မယ်။ ဒါမရလို့ ဗမာလူမျိုးကြီးဝါဒလို့တော့ ပြောလို့ မရနိုင်ပါဘူး။ ပဋိပက္ခတွေကို လက်တွေ့ ကျကျဖြေရှင်းဖို့ လိုမယ်ထင်ပါတယ်။
 
(၂) အာဏာခွဲဝေမှုနဲ့ ပြင်ဆင်ဖို့ကတော့ အဓိက ကတော့ လက်ရှိတပ်မတော် ခေါင်းဆောင်တွေနဲ့ပဲ ညှိနှိုင်းရပါလိမ့်မယ်။ တပ်မတော်အနေနဲ့  တစ်နေ့နေ့မှာ နိုင်ငံရေး၊  အုပ်ချုပ်ရေးနဲ့ ကင်းရှင်းစွာနေပြီး ပရော်ဖက်ရှင်နယ်ဖြစ်မှသာ နိုင်ငံအနေနဲ့ ရှေ့ခရီးဆက်ရလိမ့်မယ်ဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကြိုးစားဖို့လိုပါမယ်။ ဒီအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ အချိန်ရောက်လာနေပါပြီ။ 
 
(၃) ၂၀၁၅ ရွေးကောက်ပွဲတရားမျှတဖို့အတွက် နိုင်ငံတကာကရော  ပြည်သူတွေပါ တောင်းဆိုတာ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ပဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အတွက် ဥပဒေကို မပြင်ပေးနိုင်ဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်ပဲ ရည်ရွယ်ရေးခဲ့တာဖြစ်တဲ့အတွက် သူ့အတွက် တောင်းဆိုမှုတွေ ရှိလာရင်တော့ ပြင်ပေးရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံဥပဒေနှစ်ခုလုံးမှာ သားသမီးတွေရဲ့ နိုင်ငံသားကန့်သတ်မှုမပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံကျမှ ပါဝင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီပုဒ်မ ပြင်ခြင်း၊ မပြင်ခြင်းဟာ ဥပဒေအရ ငြင်းခုံရမယ့်ပြဿနာမဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ရန်ဆန္ဒရှိ၊ မရှိ ငြင်းခုံရမယ့်ပြဿနာပဲ ဖြစ်ပါတယ်။ 
 
( ၅ )
 
တကယ်ကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရှေ့ခရီးရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ဟာ တပ်မတော်အင်အားစုတွေရဲ့ သဘောထားကြီး၊ မကြီးနဲ့ နိုင်ငံအတွက် စေတနာရှိ၊ မရှိအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဝေဖန်သူတချို့က တပ်မတော်ကို အာဏာရှင်တွေက ခြယ်လှယ်ခဲ့တယ်။ အာဏာရှင်စနစ်ဖြစ်ပေါ်ခဲ့ရတယ်လို့ ဝေဖန်ကြပါတယ်။ ကျွန်တော်ကတော့ ဒီလို မမြင်ပါဘူး။ တပ်မတော်ကပဲ အာဏာရှင်ကို ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်း (ကရင်သူပုန်အရေးကြောင့် အနားပေးခံရ)ကိုဖယ်ထုတ်ရင် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေဟာ အာဏာရှင် (သို့) အာဏာရှင်ကို အကာအကွယ်ပေးသူတွေ ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်အားလုံးဟာ ငွေကြေးချမ်းသာသူ၊ အာဏာရှိအသိုင်းအဝိုင်းက ပေါက်ဖွားခဲ့တာမဟုတ်ဘဲ တောနယ်က ပေါက်ဖွားခဲ့သူတွေ ဖြစ်ကြပါတယ်။ အာဏာရှင်ဖြစ်လာမယ်လို့ အိပ်မက်မမက်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ သမိုင်းအစဉ်အလာကြီးပြီး ပြိုင်ဘက်မရှိ အင်အားအကြီးဆုံး အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်လာတာရယ်၊ ပြည်တွင်းစစ်ကြောင့် အရှိန်အဝါကြီးလာတာရယ်ကြောင့် အာဏာရှင်စနစ်ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။ 
 
တကယ်တော့ တပ်မတော်ဟာ ခုချိန်အထိ အမိန့်အဆင့်ဆင့်နာခံတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ပြောင်းဆိုတဲ့အချိန်မှာ အားလုံးပြောင်းရတာ ဖြစ်ပါတယ်။ ဘာကြောင့် တပ်မတော်အနေနဲ့ အာဏာရှင်စနစ်နဲ့ဝေးဝေးနေဖို့ ပရော်ဖက်ရှင်နယ်စစ်စစ် ဖြစ်လာဖို့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာပဲ မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံမှာ တိုင်းပြည်ရှေ့ဆက်သွားနိုင်ဖို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေ တည်ဆောက်ခဲ့ကြရပါမယ်။ အတိတ်ဆိုတာ သင်ခန်းစာယူရုံထက် ပိုမစဉ်းစားဘဲ ကျွန်တော်တို့ လက်တွေ့ကျကျ ညှိနှိုင်းကြရပါမယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားပြန်လည်သင့်မြတ်ရေး မူဘောင်ထဲကနေ မဖြစ်မနေ ပြင်ဆင်ပြီး ရှေ့ခရီးဆက်ကြရပါမယ်။
 
( ၁ )
 
မနှစ်တုန်းက ဒီအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ သမ္မတနဲ့ပဲဖြစ် ဖြစ်၊ အစိုးရနဲ့ပဲဖြစ်ဖြစ် ကျွန်တော်အပါအဝင် လူအတော်များများက အကောင်းမြင်ကြပါတယ်။ နိုင်ငံရေးတွင်သာမကဘဲ စီးပွားရေး၊ လူမှုရေးတွေမှာလည်း ပြုပြင်ပြောင်းလဲမှုရဲ့ ရောင်ခြည်သန်းလာပြီလို့ ထင်ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားနေတာတောင် မကြာခင် ပြီးသွားပါလိမ့်မယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ရောက်လာတဲ့အချိန်မှာတော့ ကျွန်တော်တို့ရဲ့ရင်ထဲမှာ စိုးရိမ်သောကတွေ အများကြီးနဲ့ ဖြစ်နေကြပါပြီ။ မယုံကြည်မှုတွေ၊ သံသယတွေ၊ အာဃာတတွေ၊ ခံစားရတာတွေ အရင်ကလိုပဲ ပြန်ဖြစ်လာကြပြန်ပါပြီ။ အနာဂတ်ဆိုတာလည်း ပျောက်ဆုံးစ ပြုလာပြီ။ တိုင်းပြည်မှာ အပြောင်းအလဲဆိုတာ မယုံကြည်ဘူး။ လိမ်နေတာပါ။ မကြာခဏ အလိမ်ခံရတဲ့ ပြည်သူတွေ ထပ်မယုံရဲတော့ပါဘူး။ ၁၉၉၀ မှာလည်း အာဏာလွှဲမပေးခဲ့ဘူး။ ၂၀၁၀ မှာလည်း သိတဲ့အတိုင်းပဲ။ ၂၀၁၅ မှာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ၁၉၉၀ တုန်းကလည်း ဦးနေဝင်းရှိသရွေ့ အရပ်သားအစိုးရဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ဒီလိုပဲ တွေးထင်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ ဦးနေဝင်း မရှိတော့လည်း ဘာလို့မပြောင်းခဲ့တာလဲ။ အာဏာရှင်စနစ်ဆိုတာ ကူးစက်ရောဂါတစ်ခုလို့ဆိုရင် အရင်းအမြစ် (Source of Infection) ကို ရှာမတွေ့နိုင်တော့ ဆေးမရှိ၊ ဆေးမတိုးဘူး ဖြစ်ခဲ့ကြရပါတယ်။
 
( ၂ )
 
နိုင်ငံရေးတွင်ပဲလား၊ စီးပွားရေးမှာရော၊ စီးပွားရေးအခွင့်အလမ်းတော့ ဘယ်လိုရှိတယ်ပဲပြောပြော လူအများစုကြီးက ဒီနှစ်နှစ်အတွင်း ဆင်းရဲတွင်း ပိုနက်လာကြတယ်။ နယ်တွေမှာ လယ်သမားတွေ ရပ်တည်ဖို့ ခက်လာကြတယ်။ သီးနှံတွေရှုံး၊ ကုန်ဈေးနှုန်းတွေ တက်၊ အလုပ်အကိုင်မရှိ မြို့တက်တော့လည်း နေစရာ ကျောတစ်ခင်းရဖို့ ခက်ခဲ့တယ်။ နိုင်ငံခြားထွက်တော့လည်း တောနေလူတွေရဲ့ နိဗ္ဗာန် မလေးရှား၊ ထိုင်းတို့မှာ ခက်ခဲလာပြန်ပြီ။ စားစရာ ဆန်မရှိ၊ ပြေးစရာမြေမရှိ။
 
ရန်ကုန်၊ မန္တလေးမှာနေတဲ့ သူတွေကော အိမ်ငှားခတွေ နှစ်ဆ သုံးဆ တက်လာပြီ။ ခရိုနီတွေနဲ့ တာဝန်ရှိသူတွေရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွေရဲ့ မြေကွက်ခွဲဝေမှုတွေ (မြို့စွန်ကနေရာမှာ တန်ဖိုးနည်းအိမ်ရာကို သိန်း ၂၀၀ အောက် စံထားတော့ မြို့လယ်မှာ တိုက်ခန်းအသေးတောင် ဒီဈေးထက် ပိုကုန်တာပေါ့)။ အကျိုးဆက်နဲ့ ရင်းနှီးမြှုပ်နှံသူတွေ အခက်တွေ့ရုံမက သာမန်လူတန်းစားတွေ အချီကြီးအထိနာပါတယ်။ ဒီအကျိုးဆက်ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ အလုပ်သမား ထိန်းသိမ်းဖို့ အခက်ကြုံရပြီး လူလတ်တန်းစားတွေ ထပ်မံအထိနာခဲ့ပါတယ်။ ချမ်းသာတဲ့သူတွေ ပိုချမ်းသာ၊ ဆင်းရဲတဲ့သူတွေ ပိုဆင်းရဲ၊ ကျပ်တည်းလာတဲ့ လူထုကြီးက သမ္မတရဲ့ မိန့်ခွန်းချိုချိုလေးတွေ နားမဝင်တော့တာလည်း မဆန်းပါဘူး။ ဒီနှစ်နှစ်အတွင်းမှာ ချမ်းသာသွားတဲ့လူတွေ ဘယ်လောက်တောင် ချမ်းသာသွားသလဲဆိုတာ ဝေးဝေးကြည့်စရာ မလိုပါဘူး။ စီးပွားရေးမညီမျှမှုတွေ၊ လူမှုရေး မညီမျှမှုတွေ၊ မတရားမှုတွေ ထူပြောလာခဲ့ပါတယ်။
 
စီမံခန့်ခွဲရေးပိုင်း အားနည်းမှုတွေသာမက လာဘ်ပေးလာဘ်ယူကို ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်တွေအထိ ကိုင်တွယ်ဖို့ အားမထုတ်ခဲ့တာကြောင့် လူတွေကြားထဲမှာ မထူးပါဘူးဆိုတဲ့ အသိဝင်စေခဲ့ပါတယ်။
 
လူမှုရေးပိုင်းမှာလည်း ဘာသာရေး အဓိကရုဏ်းတွေ၊ ဆက်တိုက်ဖြစ်ပွားနေတာတွေ ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေကို အကြမ်းဖက်သမားတွေသဖွယ် နိုင်ငံတကာမှာ ပုံရိပ်ဖြန့်နေတာတွေကြောင့်လည်း အေးအေးချမ်းချမ်းနေလေ့ရှိတဲ့ ဗုဒ္ဓဘာသာ မိရိုးဖလာ ပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်ရပါတယ်။ မွတ်စလင် မုန်းတီးရေးကို အမျိုးသားရေးသဖွယ် ရှေ့တန်းတင်ပြီး နောက်ကွယ်မှာ အာဏာရှင်စနစ် အရိပ်ကြီးရှိတာကိုလည်း ပြည်သူတွေက စိတ်ပျက်လက်ပျက် ထိုင်ကြည့်ရုံပဲ တတ်နိုင်နေခဲ့ပါတယ်။ ထစ်ခနဲဆို မီးရှို့တာကလည်း မြန်မာတွေရဲ့ဓလေ့စရိုက်တော့ မဟုတ်ပါဘူး။
 
ဒီလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်မှာ အနုတ်လက္ခဏာပြလာတာက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ဆိုလို့ရပေမယ့် အဓိကရောဂါရဲ့ ပင်ရင်း (Source of Infection)  ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) နောက်ပြန်လည်ကျခြင်းရဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။
 
( ၃ )
 
အမျိုးသားပြန်လည်သင့်မြတ်ရေးလို့  ဆိုလိုက်ရင် လူအတော်များများက  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံတွေနဲ့ အစိုးရကြားက ပြန်လည်စေ့စပ်ရေးလို့ ထင်ကြပါတယ်။ တစ်စိတ်တစ်ပိုင်းပဲ မှန်ပါတယ်။ တကယ်ကျတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ၁၉၅၈ (၁၉၆၂) ကတည်းက ယိုယွင်းပျက်စီးခဲ့ရတဲ့ တိုင်းရင်းသားပြည်သူလူထုတွေနဲ့ တပ်မတော်အကြားက ဆက်ဆံရေးနဲ့ ပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ဆိုတာ ၁၉၈၈ အရေးတော်ပုံကြီးအတွင်းက ပေါက်ဖွားခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုကိုယ်စားဦးဆောင်ဖို့ အခွင့်အာဏာ လွှဲအပ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ထပ်မံအတည်ပြုခဲ့ပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်စားပြုမှုမှာ အနည်းငယ်ကွဲပြားမှုတွေ ရှိပါတယ်။
 
အမျိုးသားပြန်လည်သင့်မြတ်ရေး အလုံးစုံဘယ်နေ့ရမလဲလို့ ဆိုရင်တော့ တပ်မတော်ဟာ လွတ်လပ်ရေးရစဉ်က၊ တပ်မတော် စတင်ထူထောင်ခါစက တပ်မတော်ရဲ့ မူရင်း အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်တော့တဲ့နေ့။ 
တစ်နည်းအားဖြင့်ဆိုရင် တိုင်းပြည်ရဲ့နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေနဲ့ ကင်းရှင်းစွာ နေထိုင်တဲ့နေ့။ တစ်နည်းပြောရရင် နိုင်ငံတော်အာဏာအရပ်ရပ်ကို မူရင်းပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုထံ အစစ်အမှန်ပြန်လည်လွှဲအပ်တဲ့နေ့ပဲ ဖြစ်ပါတယ်။
 
( ၄ )
 
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ တပ်မတော်ဟာ ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ပြည်သူ့ထံ အာဏာလွှဲအပ်မယ်ဆိုပြီး တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ယူနီဖောင်းချွတ်ပြီး သမ္မတဦးနေဝင်း လုပ်ခဲ့တာကလွဲလို့ စစ်တပ်ခေါင်းဆောင်တွေက ပဲအုပ်ချုပ်ခဲ့တာ။ ၁၉၈၈ အရေးတော်ပုံကြီးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဦးနေဝင်းရဲ့သဘောတူညီမှုနဲ့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးပါမယ်ဆိုပြီး ကတိပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနိုင်ရတာကို အာဏာမလွှဲဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ရွေးကောက်ပွဲ လုပ်ခဲ့တာပါလို့ ဗြောင်ညာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြန်တော့လည်း ရွေးကောက်ခံကိုယ်စားလှယ် အနည်းငယ်သာပါဝင်ခဲ့ပြီး သူတို့ စိတ်တိုင်းကျရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။
 
တကယ်တမ်းကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ ၂၀၁၀ ရွေးကောက်ပွဲရော နှစ်ခုစလုံးဟာ တပ်မတော်အနေနဲ့ အာဏာရှင်စနစ်ကနေ အသွင်ကူးပြောင်းဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်ပြီး ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ လူထုလက်ထဲ အာဏာအပ်နှင်းခဲ့ခြင်း မဟုတ်ပါဘူး။ ချုပ်ကိုင်ထားတဲ့အာဏာကို လွှတ်တော်၊ အစိုးရ၊ တပ်မတော်သုံးစုခွဲပြီး ကိုင်တွယ်ကာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံတွေတည် ဆောက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ 
 
အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားတွေကို နိုင်ငံတော်ရဲ့အဓိက ဥပဒေပြု ရေးနဲ့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုတွေမှာ အနည်းငယ် ပါဝင်ခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကလည်း နိုင်ငံရေးအငြင်းပွားမှုဖြစ်နေဆဲဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထပ်မတောင်းဆိုဘဲ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ လူထုအနေနဲ့ NLD လွှတ်တော်ထဲဝင်ခိုင်းခဲ့တာဟာ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်အမတ်တစ်နေရာ၊ ခေါင်းဆောင်တစ်နေရာအတွက် မဟုတ်ဘဲ လွှတ်တော်အတွင်းမှာ တပ်မတော်ခေါင်းဆောင်ဟောင်းတွေ၊ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အစိုးရရဲ့အတိုက်အခံအဖွဲ့အစည်းအဖြစ် အစိုးရမှန်ရင် မှန်သလိုထောက်ခံဖို့၊ မှားရင်မှားသလို ဝေဖန်ထောက်ပြဖို့လည်း တာဝန်တွေ ပေးထားပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်အင်အားစုက အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လက်ရှိတပ်မတော်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။
 
(၅)
 
တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီစနစ်ကို တကယ်ကူးပြောင်းဖို့ဆန္ဒရှိရင်၊ တိုင်းပြည်ကို တကယ်ချစ်ရင် တပ်မတော်အစိုးရကို အသွင်ပြောင်းထားတဲ့ အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ သမ္မတဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော် နာယကဦးရွှေမန်းရဲ့ လွှတ်တော်အင်အားစု၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်အင်အားစုတွေအနေနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ အခင်းအကျင်းတွေ ဖန်တီးရပါမယ်။ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ညှိနှိုင်းပြင်ဆင်ရမယ်။ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင် ကျင်းပပေးရပါမယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေရဲ့နောက်ကွယ်မှာ ဒီလိုလုပ်ပေးဖို့အတွက် ပြင်းပြတဲ့ရည်မှန်းချက်နဲ့ ဝိညာဉ်ပျောက်ဆုံးနေတယ်လို့ လူထုခံစားသိရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်မှာ အနုတ်လက္ခဏာပြလာတာ ဖြစ်သလို ဒီလိုအနုတ်လက္ခဏာတွေ ပြလာလို့လည်း တိုင်းပြည်ရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာနေခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့် လူထုအနေနဲ့ အပြောင်းအလဲတွေအပေါ် ယုံကြည်မှုရှိလာဖို့အတွက်ဆိုရင် ဒါတွေကိုပြုပြင်ရပါလိမ့်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းရပါမယ်။

Most Read

Most Recent