အာဖဂန်မှ စစ်ဘေးဒုက္ခသည်များ

အာဖဂန်မှ စစ်ဘေးဒုက္ခသည်များ
Published 22 September 2015
မောင်ကြွယ်စိုး

ကျွန်တော် အထီးကျန်သလို ခံစား နေရပါတယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကန်ဒုဇ်မြို့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ရာဟင်က ပြောကြားလိုက်ပါတယ်။ ရာဟင်ရဲ့သူငယ်ချင်း ဟာမစ်ယူလိုမီဟာ ကန်ဒုဇ်မြို့မှာ ဓာတ်ပုံဆိုင ်တစ်ဆိုင် ဖွင့်ထားခဲ့ပါတယ်။ သူ့အနေနဲ့ ဓာတ်ပုံလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့ဘဲ အီရန်နိုင်ငံ ဘက်ခြမ်းရှိ သဲကန္တာရကို ဖြတ်ကျော်ပြီး ဥရောပတိုက်ကို ထွက်သွားခဲ့ပါတယ်။ ယူလိုမီဟာ မိသားစုဝင် ငါးဦးကို စွန့်ပစ်ပြီး ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်ဖြစ်သူ ခါလစ်ကဟနာဝီက ယူလိုမီရဲ့ဆရာဖြစ်ပါတယ်။ ခါလစ်ကလည်း ယူလိုမီ နည်းလမ်းကို လိုက်ဖို့ဆုံး ဖြတ်ခဲ့ပါတယ်။ သူကတော့ သူနဲ့ တစ်ပါတည်း မိသားစုဝင်ရှစ်ဦးကို ခေါ်သွားဖို့ ဆုံးဖြတ် ထားပြီးဖြစ်တာကြောင့် ဓာတ်ပုံဆိုင်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရာဟင်ရဲ့သူငယ်ချင်း အတီကွာလာကတော့ ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ ဖြစ်ပြီး သူနဲ့အတူ ဇနီးသည်ကို တစ်ပါတည်း ခေါ်ဆောင်ပြီး အီရန်နိုင်ငံဘက်ကို ထွက်ခွာသွားခဲ့ပါတယ်။ သူ့ အိမ်နီးချင်း တစ်ဦးဖြစ်သူ ခါလော့အာမက်ကလည်း တက္ကသိုလ်ကို ဆက်မတက်ဘဲ တူရကီနိုင်ငံကို ထွက်ခွာသွား ခဲ့ပါတယ်။ တူရကီ ရောက်နေတဲ့ အာမက်ဟာ ယခုလ အတွင်းမှာပဲ ဥရောပတိုက်ကို ရောက်ရှိသွားပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နိုင်ငံကနေ စွန့်ခွာ ထွက်ပြေးခဲ့သူတွေ ပိုမို များပြားနေပါတယ်။ အထူးသဖြင့် ကန်ဒုဇ်မြို့က အာဖဂန် နိုင်ငံသားတွေဟာ ဥရောပတိုက်ကို ထွက်ခွာဖို့ ကြိုးပမ်းမှုတွေ မြင့်တက်လာပါတယ်။
“ကျွန်တော့် သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ တခြားလူတွေကို နှုတ်ဆက်စကား ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ကန်ဒုဇ်မြို့ကနေ ထွက်ခွာသွားပြီးသူဟာ ကိန်းဂဏန်းအရ ၁၀၀ ကျော် သွားခဲ့ပါပြီ” လို့ ရာဟင်က ပြောကြားလိုက်ပါတယ်။ ရာဟင်ဟာ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ဂျာနယ်လစ်တစ်ဦး ဖြစ်ပါတယ်။ သူနဲ့သူ့ညီတို့ဟာ ကန်ဒုဇ်မြို့မှာ အပတ်စဉ်ထုတ် သတင်းစာ တစ်စောင်ကို ထုတ်ဝေနေကြပါ တယ်။ သူက နယူးယောက်တိုင်းမ် သတင်းစာ အပါအဝင် အခြားသတင်းစာတွေမှာပဲ သတင်း ဆောင်းပါးတွေ ရေးသားနေသူ ဖြစ်ပါတယ်။
ကန်ဒုဇ်မြို့ဟာ လပေါင်း အတော်ကြာခဲ့တဲ့ တိုက်ပွဲကြောင့် ပျက်စီးမှုတွေ များပြားနေပါတယ်။ အစိုးရတပ်တွေနဲ့ တာလီဘန်တွေရဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အတန်ငယ် လျော့ပါးသွားတာကြောင့် မြို့သူမြို့သား တွေအနေနဲ့ မြို့ကနေ စွန့်ခွာသွားဖို့ အခွင့်အလမ်း ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲ ဘယ်အချိန်မှာ ပြန်စမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ ဒါကြောင့်မို့ ရတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တဲ့ အနေနဲ့ ကန်ဒုဇ်ကနေ ထွက်ခွာသွားဖို့ ကြိုးပမ်းနေကြတာ ရှိတယ်။
သူ့ရဲ့ သူငယ်ချင်းတွေ တော်တော်များများက ငါတို့တော့ ထွက်ပြေးကြတော့မယ်၊ မင်းရော ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းကို ရာဟင်တစ်ယောက် မကြာခဏ ဆိုသလို အမေးခံနေရပါတယ်။ စွန့်ခွာသွားကြတဲ့ သူငယ်ချင်းနဲ့ သူ့မိသားစုတွေဟာ ဖေ့စ်ဘွတ်ကနေပြီး သူတို့ရဲ့ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေကို ပေးပို့နေကြပါတယ်။ တချို့ကတော့ အီရန်နိုင်ငံကို ရောက်ပြီး အာဏာပိုင်တွေရဲ့ နှိပ်စက်မှုတွေ ခံနေရပုံကို ဖေ့စ်ဘွတ်ကနေ ပေးပို့ခဲ့ကြပါတယ်။ တချို့ကတော့ အန္တရာယ် ကြီးမားလှတဲ့ တူရကီ နိုင်ငံထဲကို သက်စွန့်ဆံဖျား ဖြတ်သန်းပြီး ဥရောပတိုက်ကို ခြေချဖို့ ကြိုးပမ်း နေကြပုံတွေကို ရေးသားထားကြပါတယ်။
တချို့တွေကတော့ ဂရိနိုင်ငံကို ရောက်သွားကြပါတယ်။ ဂျာမနီနိုင်ငံကို ရောက်ရှိဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ ဒုက္ခသည်တွေ ဝင်ရောက်မှုကို ဟန့်တားဖို့ စီစဉ်နေတဲ့ ဂျာမနီနိုင်ငံကို အမြန်ဆုံး ရောက်ရှိဖို့ ကြိုးပမ်းနေကြပါတယ်။ ရာဟင်ရဲ့ အိမ်နီးချင်း တစ်ဦးဖြစ်သူ တစ်ပတ်ရစ် မော်တော်ကား ရောင်းဝယ်သူ ဖာကီရီကတော့ ဥရောပတိုက်ကို ရောက်ရှိပြီး ဂျာမနီနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ထံက ဘာသတင်းမှ မကြားရတော့ပါဘူး။
ကန်ဒုဇ်ကနေ ထွက်ပြေးတဲ့လူတွေရဲ့ ပထမ ရပ်နားရာစခန်းက ကဘူးလ်မြို့ဖြစ်ပြီး နိုင်ငံကူး လက်မှတ်ရဖို့အတွက် ပွဲစားတွေကတစ်ဆင့် လုပ်ဆောင်နေကြပါတယ်။ တကယ်တော့ ပွဲစားတွေဟာ နိုင်ငံကူး လက်မှတ်အတုတွေကို လုပ်နေကျသူတွေ ဖြစ်ပါတယ်။  နိုင်ငံခြား သံရုံးတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတဲ့ ပွဲစားတွေဟာ နိုင်ငံကနေ ထွက်ခွာသွားချင်တဲ့သူတွေ များနေတာကြောင့် စီးပွားရေးအရ တွက်ခြေကိုက်နေပါတယ်။ ပြည်ပကို သွားရောက်မယ့် သူတွေဟာလည်း တူရကီနိုင်ငံကို အဓိကထားပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံကူး လက်မှတ်တစ်စောင် ပေါက်ဈေးဟာ ဒေါ်လာ ၃၀၀၀ ပဲ ရှိရာမှ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ နိုင်ငံကူး လက်မှတ်တစ်စောင်ကို ဒေါ်လာ ၅၅၀၀ ကနေ ၆၀၀၀ အထိ မြင့်တက်သွားပါတယ်။
ရာဟင်နဲ့ သူ့သူငယ်ချင်း လေးယောက်ဟာ ကဘူးလ်မြို့မှာ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာရရှိရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ကဘူးလ်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးမှာ တစ်နေ့လျှင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ၅၀၀၀ ခန့် ရှိနေပါတယ်။ ယခင်ကဆိုလျှင် တစ်နေ့ကို လူ ၁၀၀၀ လောက်ပဲ ရှိနေပါတယ်။ အာဖဂန် အစိုးရကတော့ တိုင်းပြည်ကနေ ထွက်ခွာ သွားနေတဲ့သူတွေ များပြားနေတာကို ဥပေက္ခာ ပြုထားကြပါတယ်။ သမ္မတဟောင်း ကာဇိုင်းကတော့ လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ခွာ မသွားကြဖို့နဲ့ ပြည်တွင်းမှ နေထိုင်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။
ရာဟင်ရဲ့ ညီတစ်ယောက်ဟာ အမေရိကန် ပြည်ထောင်စုကို ပညာသင်ခွင့် လျှောက်ထားပြီး တက်ရောက်ခွင့် ရရှိပေမယ့် အာဖဂန်ကို ပြန်လာခဲ့တာကြောင့် လူတချို့က တအံ့တသြ ဖြစ်နေခဲ့ပါတယ်။ ရာဟင်အနေနဲ့ အမေ ရိကန် ပြည်ထောင်စုကို သွားရောက်ဖို့ဟာ မခက်ခဲပါဘူး။ သူ့အနေနဲ့ ကဘူးလ်မြို့မှာရှိတဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး အသံလွှင့်လုပ်ငန်းကို လုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ ဂျာနယ်လစ် ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့် သူငယ်ချင်းတွေကလည်း နိုင်ငံခြားကို ထွက်သွားဖို့ တိုက်တွန်းကြပါတယ်။ သူ့သူငယ်ချင်း အာမက်ယူလိုမီကတော့ အီရန်နိုင်ငံမှာ နှိပ်စက် ညှဉ်းပန်းခံရပြီးတဲ့နောက် အာဖဂန်ကို ပြန်လည်ပို့ပေးခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ မနေချင်တဲ့ ယူလိုမီက အခြားလူငယ် ၄၅ ဦးတို့နဲ့အတူ တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ သွားရောက်ဖို့ ကြိုးပမ်းနေကြပါတယ်။ ယခုတစ်ကြိမ် သူတို့ သွားရောက်ဖို့ စီစဉ်ထားတဲ့ နိုင်ငံကတော့ အီရန်နိုင်ငံဖြစ်ပြီး အဲဒီကနေတစ်ဆင့် ပါကစ္စတန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဟာ ဂျာမနီနိုင်ငံ ရောက်ရှိရေးပဲ ဖြစ်ပါတယ်။
“အာဖဂန်နိုင်ငံမှာ ပြည်တွင်းစစ်ဟာ အဆုံးမသတ် နိုင်လောက်အောင် ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်ဘေးဒဏ်ကြောင့် အလုပ်အကိုင်တွေကလည်း ရှားပါးလာပါတယ်။ တည်ငြိမ်မှု မရှိတဲ့ နိုင်ငံမှာ နေထိုင်ရတာ စိတ်ချမ်းမြေ့စရာ တစ်ခုမှ မရှိပါဘူး” လို့ ယူလိုမီက ပြောကြားပါတယ်။ အာဖဂန် နိုင်ငံကို စွန့်ခွာသွားချင်တဲ့ စိတ်ဓာတ်ဟာ ဘာမှတော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ သူတို့တစ်တွေ ပြည်ပနိုင်ငံကို ရောက်ရှိဖို့ဆိုတာက အသက်နဲ့ ရင်းပြီးတော့မှ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တချို့ဆိုလျှင် ဂရိနိုင်ငံကို ရောက်ဖို့အတွက် ပင် လယ်ပြင်ထဲမှာ အသက်ဆုံးရှုံး ခဲ့ကြရပါတယ်။ ကန်ဒုဇ်မှာရှိတဲ့ လူတွေက ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေချိန်မှာ ဒုက္ခသည်အချို့ဟာ ကန်ဒုဇ်ကို တဖွဲဖွဲ ရောက်လာနေကြပါတယ်။

Most Read

Most Recent