တပ်မတော်မှ အငြိမ်းစားယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရ၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံတော် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ကိုယ်စားပြုအဖြစ် ပါဝင်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။UPWC ကို အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး UPWC တွင် တပ်မတော်ကိုယ်စားပြုအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ အပါအဝင် တပ်မတော် အဆင့်မြင့် အရာရှိကြီးများ တာဝန်ယူခဲ့ကြခြင်းဖြစ်ပြီး အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သြဂုတ်လက တပ်မတော်မှ အငြိမ်းစားယူခဲ့ကြောင်း သိရသည်။ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးမြင့်စိုးသည် စက်တင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ Myanmar Peace Center ၌ ပြုလုပ်သည့် UPWC နှင့် နာဂလက်နက်ကိုင်အဖွဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် UPWC ကိုယ်စားပြုအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် ကိုယ်စားလှယ်အဖြစ် ယခင်ကတည်းက တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းသည်လည်း UPWC နှင့် နာဂအဖွဲ့တို့၏ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပြီး ဗိုလ်မှူးကြီး ကျော်စိုးဝင်းနှင့် နာဂကိုယ်စားလှယ်များ သီးခြားဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “ကျွန်တော် နားလည်သလောက်ကတော့ သူတို့ အကုန်လုံးကို ပြန်ပြီးတော့ တပ်မတော်က တာဝန်ပေးထားသေးတယ်ဗျ။ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ဆက်ပြီးတော့ ပါဝင်ဖို့ပေါ့။ သူတို့က ရုတ်တရက် ထွက်သွားလို့ရှိရင် နောက်လူဆိုရင် ရှင်းပြဖို့ခက်နေမှာပေါ့။ ဒါကြောင့်မို့ သူတို့က ဆက်ပြီး ပါနေတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူတို့လောက် တပ်မတော်မှာ အတွေ့အကြုံရှိတဲ့သူ မရှိဘူးလေ” ဟု ပြောကြားသည်။ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးခင်ဇော်ဦးသည်လည်း စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့သည် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြောင်း သိရသည်။တပ်မတော် အရာရှိများ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန်နှင့် ပတ်သက်ပြီး သြဂုတ်လအတွင်းက တပ်မတော်အရာရှိ ၄၅ ဦးကို တာဝန်ထမ်းဆောင်မှု အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်းနှင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူများသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်မှ အငြိမ်းစားယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် UPWC ကိုယ်စားပြု ပါဝင်နေဆဲဖြစ်















