၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ရှစ်နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ဓမ္မပိယ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။အခမ်းအနားမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရဟန်းရှင် လုပ်သားပြည်သူလူထုနှင့်အတူ ငြိမ်းချမ်းစွာဆောင်ရွက်ပေးရန် အပါအဝင် အချက်ခြောက်ချက်အား သဘောထားထုတ်ပြန် တိုက်တွန်းခဲ့သည်။အဆိုပါ အခမ်းအနားကို နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာတော်များကွန်ရက်က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေး၊ အခြေခံ ဒီမိုကရေစီ လူ့အခွင့်အရေးများ အပြည့်အ၀ ရရှိရေး၊ စစ်မှန်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။အခမ်းအနားသို့ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များ၊ ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး အင်အားစုများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ရွှေဝါရောင် နှစ်ပတ်လည် ဖြစ်မြောက်ရေး ကော်မတီမှ ဆရာတော်များ၊ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့က အမှတ်တရစကားများ ပြောကြားသည်။ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာ ဦးစန္ဒာသီရိက “ ဒီ ၂၀၁၅ မှာ အစိုးရတစ်ဖက်နဲ့ ဒီမိုကရေစီ အင်အားစုတစ်ဖက် ဘက်နှစ်ဘက်ရဲ့ ဒီပြိုင်ပွဲမှာ အပြောင်းအလဲတစ်ခု ဖြစ်စေချင်သော အလို့ငှာ ဆရာတော် သံဃာတော်များရော ပြည်သူလူထုကပါ ဒီအပေါ်မှာ အားထားတယ်။ မျှော်လင့်တယ်။ မျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မယ်လို့ မျှော်လင့်တဲ့အပေါ် ဦးဇင်းတို့ ရွှေဝါရောင် သံဃာတော်များ အနေနဲ့ကလည်း ဒီကနေ့ တိုင်းပြည်မှာ စစ်မှန်တဲ့ တရားမျှတသော ရွေးကောက်ပွဲ ပေါ်ထွန်းရေးအတွက် ဒီအချက်ကို တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ရည်ရွယ်ချက်အဖြစ် ထည့်ကျင်းပခဲ့တာ ဖြစ်တယ်။ နောက်ဒီရွေးကောက်ပွဲဟာ တကယ်ပဲသန့်ရှင်းမှု ရှိ၊ မရှိ ဆိုတာလည်း ဦးဇင်းတို့ ဆရာတော် သံဃာတော်များနဲ့အတူ စောင့်ကြည့်သွားရမှာ ဖြစ်တယ် ” ဟု မိန့်ကြားခဲ့သည်။အခမ်းအနားမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမျိုးသား ပညာရေးဥပဒေ သပိတ်မှောက်မှုကြောင့် ဖမ်းဆီးခံ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများ၊ ဖမ်းဆီးခံ ဒီမိုကရေစီ အင်အားစု နိုင်ငံရေး အကျဉ်းသားများ၊ လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စ အစရှိသော ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဖမ်းဆီးချုပ်နှောင် ထောင်ကျနေသူများအား အမြန်ဆုံး လွှတ်ပေးရန်၊ မဲစာရင်းတွင် အမည်ပါဝင်သော မဲဆန္ဒရှင်များသည် လူနည်းစုသာ ချမ်းသာလျက် လူအများစုမှာ ဆင်းရဲသည်ထက် ဆင်းရဲလျက်ရှိရာ တန်းတူညီမျှသော ဆင်းရဲချမ်းသာ ဖြစ်နိုင်ခြေရှိသော အရပ်သားပါတီ အစိုးရကို အလိုရှိပါက အရပ်သားပါတီကို မဲထည့်ရန် တိုက်တွန်းကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ထို့ပြင် လက်ရှိ ပြည်ထောင်စု အစိုးရ အနေဖြင့် ဘာသာရေး ပဋိပက္ခများကို ဖြစ်ပွားအောင် ဖန်တီးသူများနှင့် အသက်အိုးအိမ်၊ အဆောက်အအုံများကို သတ်ဖြတ် မီးရှို့ဖျက်ဆီးမှု စသည့် ပြစ်မှုကျူးလွန်သူများကို ဥပဒေ အရ စုံစမ်းစစ်ဆေး ဖော်ထုတ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။ရွှေဝါရောင် သံဃာတော်များသည် ၂၀၀၇ ခုနှစ်ကာလက စစ်အုပ်ချုပ်ရေး အာဏာလွှမ်းမိုးနေသော မြန်မာနိုင်ငံ အပေါ်သို့ မေတ္တာသုတ်ရွတ် လွှမ်းခြုံပျံ့နှံ့စေခဲ့သော သံဃာ အဖွဲ့အစည်းတစ်ရပ် ဖြစ်သည့်အတွက် ငြိမ်းချမ်းခြင်းကို ရည်ရွယ် ဆောင်ရွက်လျက် ရှိသည်ကို သတိချပ်စေချင်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက “ ရှေ့ဆက်ပြီးတော့လည်း အရှင်ဘုရား တို့အနေနဲ့ တရားမျှတမှုဘက်ကပဲ ဆက်ပြီး ရပ်တည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တပည့်တော်တို့လည်း ရှေ့ဆက်မယ့် ခရီးအတွက် ဆရာ၊ ဒကာ ဆက်ဆံရေးကို တရားမျှတတဲ့ ဘက်က ရပ်တည်တဲ့ ဆက်ဆံရေးကို ဆက်ပြီးတော့ ထိန်းသိမ်းသွားပါ့မယ်။ တပည့်တော်တို့ နိုင်ငံရဲ့ အက်ကြောင်းတွေကို ပြန်ဆက်ဖို့အတွက် ဦးတည်ချက်ထားပြီးတော့ ဆက်လက် ကြိုးပမ်းကြဖို့ တပည့်တော်တို့လည်း တိုက်တွန်းချင်ပါတယ်။ နောက် တစ်ခုကတော့ ရွှေဝါရောင် တော်လှန်ရေးရဲ့ တောင်းဆိုချက် များဟာလည်း တစ်ထပ်တည်းကျတဲ့အတွက် တောင်းဆိုချက်များ အပေါ်မှာလည်း တစ်သတ်မတ်တည်း ပူးပေါင်း ဆောင်ရွက်သွားပါ့မယ် ” ဟု အမှတ်တရ စကားပြောကြားခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းတွင် ဓာတ်ဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ လျှော့ချပေးရန် ပြည်သူလူထုများ ဆန္ဒထုတ်ဖော်ရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် သံဃာတော်များ ပါဝင်သော တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးရန် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ရှစ်နှစ်ပြည့် အခမ်းအနား သဘောထား ထုတ်ပြန်