မြန်မာနိုင်ငံတွင် မိုက်ခရိုဆော့ဖ်၏ အကြီးဆုံးဝန်ဆောင်မှုပေးခြင်းအဖြစ် ကမ္ဘောဇ (KBZ) ကုမ္ပဏီများအုပ်စုနှင့် သဘောတူညီမှု စတင်လိုက်ပြီး မိုဘိုင်းနှင့် Cloud နည်းပညာကဏ္ဍတွင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မိုက်ခရိုဆော့ဖ် နှင့် KBZ ကုမ္ပဏီအုပ်စုတို့ ပူးပေါင်းဆောင်ရွက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က Sedona ဟိုတယ်တွင် ကျင်းပခဲ့သည်။
ပထမဦးဆုံး အစီအစဉ်အဖြစ် ကမ္ဘောဇကုမ္ပဏီများအုပ်စု၏ အဓိက ကုမ္ပဏီတစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်တွင် စတင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားလုပ်ငန်းခွဲများဖြစ်သော သတ္တုတူးဖော်ရေးလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတို့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်ရှည်လုပ်ဆောင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ကမ္ဘောဇဘဏ်အတွက် အိုင်တီအခြေခံ အဆောက်အအုံကို Microsoft SQL Server 2012, Windows Server 2012 နှင် System Center 2012 တို့ဖြင့် အသွင်ကူးပြောင်းသွားမည်ဖြစ်ပြီး ကွန်ပျူတာအလုံးရေ ၇၀၀၀ ကျော်ကို ပြောင်းလဲမှုများ စတင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကွန်ပျူတာအားလုံးတွင် Windows 10 OS ကို လိုင်စင်ဗားရှင်းဖြင့် အသုံးပြုသွားမည် ဖြစ်သည်။
“နိုင်ငံတစ်ခု တိုးတက်ဖွံ့ဖြိုးဖို့အတွက် နည်းပညာတိုးတက်ဖို့ကလည်း အရေးပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ မိုဘိုင်းအသုံးပြုမှုတွေ အရမ်းအားကောင်းလာတော့ လာမယ့်နှစ်တွေမှာ မိုဘိုင်း၊ Cloud ကဏ္ဍတွေ ပိုအားကောင်းလာမယ်လို့ ခန့်မှန်းထားတယ်။ မြန်မာနိုင်ငံမှာလုပ်သမျှ မိုက်ခရိုဆော့ဖ်ရဲ့လုပ်ငန်းတွေထဲမှာ ဒါက အကြီးမားဆုံးသဘောတူညီမှုပဲ ဖြစ်ပါတယ်။ KBZ နဲ့ သဘောတူညီချက်က အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကိုလည်း အသိအမှတ်ပြုရာ ရောက်ပါတယ်။ မြန်မာနိုင်ငံမှာ အခုထက်ပိုပြီး လုပ်ငန်းတွေ ချဲ့ထွင်သွားဖို့ ရည်ရွယ်ထားပါတယ်”ဟု မိုက်ခရိုဆော့ဖ် (အာရှပစိဖိတ်ဒေသ) ၏ အထွေထွေမန်နေဂျာ Michelle Simmons က စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။
မိုက်ခရိုဆော့ဖ်သည် မြန်မာနိုင်ငံဈေးကွက်သို့ ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်လာပြီး ပြည်တွင်း မိတ်ဖက်ကုမ္ပဏီအဖြစ် Myanmar Information Technology (MIT) ကုမ္ပဏီနှင့် လက်တွဲ၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း ၃၀၀ ကျော်၊ ATM စက်ပေါင်း ၅၀၀ ကျော်၊ နိုင်ငံခြားငွေလဲလှယ်မှု ကောင်တာပေါင်း ၁၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ဆက်လက် တိုးချဲ့နေသော ဘဏ်လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် မိုက်ခရိုဆော့ဖ်၏ အကြီးဆုံးဝန်ဆောင်မှုပေးခြင်းအဖြစ် KBZ ကုမ္ပဏီအုပ်စုနှင့် သဘောတူညီမှု စတင်လိုက်ပြီး မိုဘိုင်းနှင့် Cloud ကဏ္ဍ မြှင့်တင်မည်















