မဲစာရင်း အမှားများက ရွေးကောက်ပွဲ ကော်မရှင်အပေါ် သံသယ ပိုများလာစေခဲ့

မဲစာရင်း အမှားများက ရွေးကောက်ပွဲ ကော်မရှင်အပေါ် သံသယ ပိုများလာစေခဲ့
Published 17 September 2015

စက်တင်ဘာ ၁၄ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင်  လမ်းနှင့် အက္ခရာစဉ်၍ ကြေညာမှုကြောင့် အမည်စာရင်း စစ်ရာတွင် ရှာဖွေရခက်ခြင်း၊ အချက်အလက် ပြင်ဆင်လျှောက်ထားသူ အချို့၏ အချက်အလက်များ ဆက်လက် မှားယွင်းနေခြင်း၊ မှားယွင်းမှုအသစ်များ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် သံသယပိုများ လာစေခဲ့ကြောင်း မဲစာရင်း သွားကြည့်သူ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။
ယခုကြေညာထားသည့် မဲစာရင်းသည် ရွေးကောက်ပွဲမတိုင်မီ မိမိအမည်စာရင်းအား မဲစာရင်းတွင် ပါဝင်ရေး ဆောင်ရွက်ရန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
“ပြီးခဲ့တဲ့ မဲစာရင်း ထုတ်တုန်းက ကျွန်တော့် နာမည်မပါဘူး။ ဖောင်ပြန်ဖြည့်ပြီးတော့ ဥက္ကဋ္ဌလက်ထဲကို ကျွန်တော်ကိုယ်တိုင် သွားပေးတယ်။ ဥက္ကဋ္ဌက လက်ခံယူထားတယ်။ အခုကျွန်တော့်နာမည် ထပ်မပါဘူး။ ကျွန်တော့်မှာ အိမ်ထောင်စု စာရင်းလည်း ရှိတယ်။ မှတ်ပုံတင်လည်း ရှိတယ်။ ရပ်ကွက်မှာနေနေတာ ၁၀ နှစ်နီးပါးရှိပြီ။ ကျွန်တော့်အမြင်က ရွေးကောက်ပွဲ ကော်မရှင်က တော်တော် ပေါ့တီးပေါ့လျော့ လုပ်တဲ့အဖွဲ့လို့ ကျွန်တော် ထင်တယ်။ ပြည်သူတွေက တစ်နိုင်ငံလုံးက အလေးထားနေတဲ့ ကိစ္စတစ်ခုကို အခုလို လုပ်ဆောင်တာဟာ ကောင်းတဲ့ အလေ့အထ မဟုတ်ဘူးလို့ ထင်တယ်။ နိုင်ငံနဲ့ချီတဲ့ အဖွဲ့အစည်းကြီး တစ်ခုအနေနဲ့ ဒီထက်ပိုပြီး စနစ်တကျ လုပ်ဆောင်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဗိုလ်တထောင်မြို့နယ်မှာ မဲစာရင်းတွေ စဉ်လိုက်တဲ့ အခါမှာ လမ်းအလိုက်ပါတာ မဟုတ်ဘဲနဲ့ အိမ်နံပါတ် အလိုက် စဉ်တာဖြစ်တဲ့အတွက် ရှုပ်ရှက်ခတ်ပြီးတော့ ရပ်ကွက်ရုံးမှာ ရှာရဖွေရ အခက်အခဲ ဖြစ်နေတယ်လို့ မြို့နယ်ကော်မရှင်ခွဲက ပြောပါတယ်” ဟု ဒါရိုက်တာရီဇော်က ပြောကြားသည်။
အလားတူ ဒါရိုက်တာဝိုင်းကလည်း “အခု မဲစာရင်းမှာ ကျွန်တော် လျှောက်ထားတာ မပါဘူး။ အခုနေတဲ့ နေရာမှာ ခြောက်လကျော်ပြီ။ နောက်မဲစာရင်းမှ ထည့်ပေးမယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒီလိုပဲ အမှားအယွင်းတွေက ရှိနေတယ်။ ပထမအကြိမ် လုပ်ထားတဲ့အရာကို အခုလို ပြောင်းပြန်လုပ်လိုက်တယ် ဆိုတာကို စဉ်းစားလို့ မရတာ။ ပုံစံက အသေဖြစ်ရမယ်လေ။ အခုက လူတွေအကုန်လုံးကလည်း လည်ကုန်တယ်။ မှားပြီးသားကလည်း ထပ်မှားတယ်။ ပြင်တယ်သာ ပြောတယ်။ မှန်ပြီးသားတွေ ပြန်မှားသွားတာကို ကြားရတယ်။ မဲစာရင်းကိုတောင် မှန်အောင် မလုပ်နိုင်ဘူးဆိုရင် တိုင်းပြည် တစ်ပြည်ကို ဘယ်လိုတည်ထောင် နေကြလဲ ဆိုတာကို မေးခွန်းတစ်ခု မေးစရာဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းလည်း ကောက်တယ်။ လူဝင်မှုကြီးကြပ်ရေး ဆိုတာကလည်း ဖွဲ့ထားတာ ကြာလှပြီ။ လူဦးရေရှိတဲ့ စာရင်းဇယားက မမှန်ကန်ဘူးဆိုရင် ကျွန်တော်တို့က ဘယ်စာရင်းဇယားက မှန်ကန်တယ်လို့ ယုံကြည်ရမှာလဲ။ အခွန်အခတွေကျ ပေးနေရတယ်။ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ သူတာဝန် ယူထားတာ ငါးနှစ်ပါ။ ကြီးမားတဲ့ သော့ချက်ကို တာဝန်ယူထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ဒီအချိန်မှာတော့ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်း မှန်တယ်ဆိုတဲ့ စကားကို ပြောရဲတဲ့ သတ္တိရှိရမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါမှ တာဝန်သိ၊ တာဝန်ရှိ၊ တာဝန်ယူတတ်တဲ့သူ တစ်ယောက်ဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ဘူး သူပြောတဲ့ ၃၀ ရာခိုင်နှုန်းပဲ မှန်တယ်ဆိုတော့ သူ့တာဝန် သူမကျေဘူး။ သူ့တာဝန် သူမယူဘူးဆိုတာ ပြနေတယ်။ တာဝန်ယူတတ်တဲ့သူ၊ တာဝန်ခံတတ်တဲ့သူ ဆိုရင် သူ့အသိစိတ်ဓာတ်နဲ့ နုတ်ထွက်ပေးသင့်တယ်” ဟု ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်တင်ဘာ ၁၄ ရက်တွင် စတင်မကြေညာမီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ယခုကပ်မည့် မဲစာရင်းတွင် အာမခံနိုင်သည်မှာ လာကြည့်သည့် ရာခိုင်နှုန်း ၃၀ ပဲဖြစ်ကြောင်း၊ လာကြည့်သည့် ရာခိုင်နှုန်း ၃၀ မှန်နိုင်ကြောင်း၊ လာမကြည့်သည့် ရာခိုင်နှုန်း ၇၀ မသေချာကြောင်း ပြောကြားထားမှုများ ရှိသည်။
“အခုရွေးကောက်ပွဲ မဲစာရင်းနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဒီလိုပြောတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကော်မရှင်မှာပါတဲ့ ပုဂ္ဂိုလ်များသည် မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းနဲ့မှ ဘယ်လိုပုံစံနဲ့မှ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုတယ်။ ပြီးတော့ တိုင်းပြည်မှာ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဦးဘဌေးတို့ ဦးစောကြာဒိုးတို့လို ပုဂ္ဂိုလ်တွေက မည်သည့်ပါတီ မည်သည့် အဖွဲ့အ စည်းမှ မပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီတော့ တိုင်းပြည်မှာလည်းပဲ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ အခုလည်းပဲ ဘာပဲဖြစ်ဖြစ် ဒီလိုပုဂ္ဂိုလ်တွေ ပါဝင်ဖို့လိုပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင် ဦးအေးသာအောင်က ပြောကြားသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က “အန်ကယ်ကတော့ ပြည်သူလူထုနဲ့၊ CSO တွေ၊ NGO တွေ စသည်ဖြင့်ပေါ့နော်။ ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီတွေအားလုံးက ကောင်းပြီ ကော်မရှင် ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်းကို ပြည်သူကနေ မဲစာရင်း ပြင်ဆင်ဖြည့်စွက်ခွင့်ရတဲ့ ကာလအတွင်းမှာ ၇၀ ရာခိုင်နှုန်းကို တာဝန်ယူပြီးတော့ တက်တက်ကြွကြွ လုပ်ဖို့တော့ လိုတယ်။ အဲဒါမှ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီ အကူးအပြောင်းအတွက် အထောက်အပံ့ဖြစ်မယ်” ဟု ပြောကြားသည်။
“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုကို တကယ်ပဲလုပ်ပြီ ဆိုရင်တော့ မဲစာရင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စ တစ်ခုကိုလည်း တိတိကျကျ မှန်မှန်ကန်ကန်လေးနဲ့ လုပ်ပေးစေချင်တယ်လေ။ မဲစာရင်းက အဓိက ကော်မရှင်မှာ တာဝန်အရှိဆုံးပဲ” ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
လှိုင်မြို့နယ် ၁၃ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့သော မဲဆန္ဒရှင်စာရင်းမှ အလွန်အကျွံ လွဲချော်မှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံသို့ ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို  စက်တင်ဘာ ၁၄ ရက်က ပေးပို့ခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီး အရေးပါသော ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့အတွက် မဲဆန္ဒရှင် စာရင်းသည် မှန်ကန်တိကျသော၊ အင်မတန်မှ မရှိမဖြစ် လိုအပ်သော စာရင်းဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့ပါသောကြောင့် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ မှန်မှန်ကန်ကန် စနစ်တကျ ပြုစုဖို့က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အသီးသီး၏ တာဝန်ဖြစ်ပြီး ပကတိမြေပြင် အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပြုစုရမှာ ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသော မဲဆန္ဒရှင် (ပ)အကြိမ် ကြေညာသော မဲစာရင်းမှာ မှားယွင်းတာ၊ မပါတာ၊ လူမရှိဘဲ စာရင်းပါတာ လောက်ပဲရှိပြီး (ဒု) အကြိမ် မဲစာရင်းကတော့ မဲစာရင်းလို့ ပြောမရလောက်အောင် တော်တော် လွန်လွန်ကျူးကျူး လွဲချော်နေတာကို တွေ့ရပါကြောင်း ရေးသားထားသည်။

မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်တွင် မဲစာရင်း ကြည့်ရှုနေသူများအား စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏ)
ဆက်လက်ပြီး အဆိုပါ အိတ်ဖွင့်ပေးစာတွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်တယ်လို့ ပြောခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တာဝန်မဲ့ရာ ကျလွန်းပြီး လာမကြည့်လို့ မှားတာပါလို့ ပြောလို့မရကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင် စာရင်းများကို မှန်ကန်တိကျအောင် တာဝန်ယူ ပြုစုရမည်ဟု မိမိအနေဖြင့် ခံယူထားကြောင်း၊ အောက်ခြေ ရပ်/ကျေး အဆင့်မှ ပြုစုပေးလိုက်သည့် မဲစာရင်းများကို အထက်မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စေတနာပါပါနှင့် ပြန်လည်သုံးသပ်၊ အစီအစဉ်တကျ ဖြစ်အောင် စီမံခန့်ခွဲပေးရမယ်လို့ ထင်ပါ ကြောင်း၊ အခုဖြစ်နေသည်မှာ အောက်ခြေရပ်/ကျေးမှ ပြုစုလိုက်သည့် မဲရုံအလိုက်၊ လမ်းအလိုက်၊ ရာအိမ်မှူးအလိုက် စနစ်တကျပြုစု ပေးထားတဲ့ မဲစာရင်းကို ဘယ်လိုစီမံခန့်ခွဲမှု ပုံစံနှင့် လုပ်လိုက်လဲ မသိကြောင်း၊ (ဒု) အကြိမ် မဲစာရင်းဟာ အသုံးချလို့မရတဲ့ မဲစာရင်း၊ မဲလာကြည့်သူ ကြည့်ဖို့ရာ အလွန်မလွယ်ကူတဲ့ မဲစာရင်း၊ မဲပေးရာမှာ ခက်ခဲမှုများ ဖြစ်နိုင်တဲ့ မဲစာရင်း ဖြစ်သွားကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအသီးသီးမှာ လုံးဝတာဝန်ရှိသည်ဟု ယူဆ၍ ဥက္ကဋ္ဌကြီး အနေဖြင့် အလွဲတွေ မဖြစ်အောင်၊ အချိန်မီပြန်လည် ပြုပြင်နိုင်အောင် အမြန်ဆုံး ညွှန်ကြားပြသ ပေးပါရန် အကြံပြု တင်ပြအပ်ပါကြောင်း ရေးသားထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်း၌ အမည်စာရင်း ပါဝင်မှသာ မဲပေးခွင့်ရရှိမည်ဖြစ်၍ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၂၇ ရက်ထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြေညာမည့် မဲစာရင်းအား ပြည်သူများအနေဖြင့် ကြည့်ရှုစစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
ပြည်သူများ အနေဖြင့် မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များ မှားနေလျှင် ပုံစံ (၄) (ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်သည်။
သို့ရာတွင် အခြားမြို့နယ်တစ်ခု၌ ခေတ္တလာရောက် နေထိုင်သူများ၏ မဲစာရင်းများသည် မိမိတို့ အမြဲတမ်း နေထိုင်သည့် အိမ်ထောင်စုစာရင်း လဝကပုံစံ(၆၆/၆) (အရပ်အခေါ် သန်းခေါင်စာရင်း) ရှိသော ရပ်ကွက်၊ ကျေးရွာမဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပြည်သူများ အနေဖြင့် မိမိမူလ အိမ်ထောင်စုစာရင်း ရှိနေသည့် နေရာဒေသတွင် မဲစာရင်း ကပ်ထားပါက မိမိအမည်စာရင်း ပါ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။
ထိုသို့ မိမိမူလ အိမ်ထောင်စု စာရင်းရှိသည့် နေရာဒေသတွင် မဲစာရင်းပါဝင် မှန်ကန်ကြောင်း အတည်ပြုစစ်ဆေး ပြီးသော်လည်း အဆိုပါ နေရာမှ အခြားမဲဆန္ဒနယ် ဒေသတစ်ခုသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိ နေထိုင်နေပြီး ရွေးကောက်ပွဲ၌ မိမိမဲဆန္ဒနယ်သို့ ပြန်လည် မဲပေးခြင်းမပြုလိုဘဲ ရောက်ရှိနေသည့်နေရာ ဒေသရှိ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးလိုပါက အဆိုပါ ရောက်ရှိနေထိုင်သည့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ ပုံစံ(၃-က)ဖြင့် လျှောက်ထားရမည့် နောက်ဆုံးရက်မှာ အောက်တိုဘာ ၁၀ ရက် ဖြစ်သည်။
ယင်းကဲ့သို့ ပုံစံ(၃-က)ဖြင့် မလျှောက်ထားပါက ရွေးကောက်ပွဲနေ့တွင် မိမိမဲစာရင်း ရှိသည့်ဒေသသို့ ပြန်လည်သွားရောက် မဲပေးမှသာ မဲပေးခွင့် ရရှိမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုအား “မဲဆန္ဒရှင် စာရင်းမှာ နာမည်သတ်ပုံ မှားနေမယ်။ မွေးသက္ကရာဇ်ဂဏန်း မှားနေမယ်။ မှတ်ပုံတင်နာမည် မှားနေမယ်။ သူတို့က အချိန်မီ မပြင်လိုက်ရဘူး။ ဒါပေမဲ့  ရွေးကောက်ပွဲနေ့ကျ သူ့မှာသန်းခေါင်စာရင်းလည်း ပါလာမယ်။ မှတ်ပုံတင်လည်း ပါလာမယ်ဆိုရင် အဲဒီလူတွေကို မဲထည့်ခွင့်ပေးမလား” ဟု မေးမြန်းခဲ့ရာ “မှတ်ပုံတင် ယူလာရမယ်ဆိုတာ မဖြစ်မနေ မဟုတ်ပါဘူး။ သန်းခေါင်စာရင်း ပါစရာလည်း မလိုဘူး။ မဲစာရင်းမှာ နာမည်ပါပြီး အသေးအမွှား မှားနေတယ် ဆိုရင်လည်း မဲထည့်လို့ရတယ်။ ဥပဒေမှာ ဆိုထားတာက မဲစာရင်းမှာ ပါလို့ရှိရင် မဲပေးလို့ရတယ်။ (နာမည်သတ်ပုံ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် ကိန်းဂဏန်းအချို့ လွဲနေပါကလည်း မဲပေးခွင့်) ရှိပါတယ်။ နည်းဥပဒေထဲမှာ ဆိုထားတာ တချို့အသေးအမွှား အမှားအယွင်းတွေဆိုရင် တစ်ခါတည်း သက်ဆိုင်ရာ ကော်မရှင်က ပြင်လို့ရပါတယ်။ အဲဒီလောက်ထိ ခွင့်ပြုထားပါတယ်။ ဒါက ဒီရပ်ကွက်ထဲက လူတွေပဲ။ တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာပဲ။ နာမည်လေးက စာလုံးပေါင်းလေး နည်းနည်းမှားပေမယ့် မိဘနာမည် လောက်အထိ၊ နေရပ်လိပ်စာလောက် အထိကတော့ တူစရာအကြောင်း မရှိပါဘူး။ ဒီပြင် လူကလေ။ ရပါတယ်။ အဲဒီလောက်အထိတော့ အသေးစိတ် မလိုပါဘူး” ဟု ဖြေကြားထားသည်။
စက်တင်ဘာ ၁၄ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင်  အမှားများ ဖြစ်ပေါ်နေမှုအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နှစ် လေး၊ ငါးဆယ်၊ ခြောက်ဆယ် လူထုကို ဘာမှသင်ပေးထားတာ မဟုတ်ဘဲ။ ကော်မရှင်မှာ တာဝန်ရှိတယ်။ တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့ဗျာ။ အခုကိစ္စက အုပ်ချုပ်ရေးပိုင်းတွေလည်း ပါတယ်။ အမှန်တော့ ဒီထက်ပိုဖြစ်သင့်တာပေါ့။ ကျွန်တော့် အယူအဆကတော့  ကော်မရှင်က တာဝန်ယူသင့်တယ်။ လူထုကို တာဝန်ပြန်ပေးတာတွေက သိပ်မကောင်းဘူး။ မြို့ပေါ်မှာ ပြဿနာ မရှိဘူး။ ကျွန်တော်တို့တောမှာ ပြဿနာရှိတယ်။ တောချင်းအတူတူ ပြည်နယ်တွေမှာ ရှိတဲ့တောက ပိုပြီးတော့ ဒုက္ခရောက်တယ်။ မဲစာရင်းလာကြည့်ဖို့ သုံးမိုင်လောက် လမ်းလျှောက်လာပြီး လာကြည့်။ ဟိုလည်း ရောက်ရော စာက မဖတ်တတ်။ အဲဒီလိုဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ကော်မရှင်က တာဝန်ယူသင့်တယ်။ ကော်မရှင်မှာ ပိုက်ဆံတွေလည်း ရှိတယ်။ ဘယ်နေရာမှားလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မပြောတတ်တော့ဘူး။ တရားမျှတအောင် ဘယ်လောက် လုပ်ပေးနိုင်သလဲ၊ မလုပ်ပေးနိုင်သလဲ အဲဒါက သမိုင်းဖြစ်မှာပဲ။ အဲဒီအပေါ် မူတည်တယ်” ဟုဆိုသည်။
 
မဲစာရင်း အမှားများနှင့် ပတ်သက်၍ ပြောစကားအချို့
■ ဒေါက်တာ သန်းထွဋ်အောင် (CEO-Eleven Media Group)
“အသက် ၅၂ နှစ်ရှိပြီဗျာ။ မဆလခေတ်မှာလည်း မဲထည့်ဖူးတယ်။ ၁၉၉၀ မှာလည်း မဲထည့်တယ်။ ၂၀၁၀ မှာလည်း မဲထည့်တယ်။ မဲထည့်ရမယ့်နေ့ကျမှ သွားထည့်ခဲ့တာချည်းပဲ။ မဲစာရင်း စစ်ပါလို့ ဘယ်ရွေးကောက်ပွဲ ကော်မရှင်ကမှ မလှုံ့ဆော်ဘူး။ အိမ်ထောင်စု ဇယားရှိတယ်။ မှတ်ပုံတင်ရှိတယ်။ တစ်ခါမှ မမှားဖူးဘူး။ အခုအစိုးရလက်ထက် သမ္မတကြီး တိုက်ရိုက်ခန့်တဲ့ ဦးတင်အေး လက်ထက်ကျမှ အလုပ်ပိုလုပ်ပြီး မဲစာရင်း ကြည့်ရတယ်။ ပထမအကြိမ် ကြည့်တုန်းက အိမ်က မဲပေးရတဲ့သူ ငါးဦးမှာ တစ်ဦးမှားတယ်။ ပြင်လိုက်တယ်။ ဒုတိယအကြိမ်မှာ ဒီတစ်ခု မှန်သွားတယ်။ ကျန်တဲ့ လေးဦးမှားသွားတယ်။ ခဏ ခဏ မှားယွင်းတယ်ဆိုတာ ယုတ္တိမရှိပါဘူး။ လက်ရှိမဲစာရင်း အခြေအနေတွေအရ ဆိုရင်တော့ ဥက္ကဋ္ဌ ဦးတင်အေးအပေါ်မှာ ဂျာနယ်လစ် တစ်ယောက် အနေနဲ့ရော၊ မဲဆန္ဒရှင်တစ်ယောက် အနေနဲ့ရော သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို စနစ်တကျ ကျင်းပပြုလုပ် ပေးနိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး”
_______________________________________________________________________________
■ ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
“အခုရွေးကောက်ပွဲ မဲစာရင်းနဲ့ ပတ်သက်လို့ ပထမတစ်ကြိမ် မှားခဲ့ပြီးပြီ။ ၃၀ ရာခိုင်နှုန်းက နေ ၈၀ ရာခိုင်နှုန်းထိ မှားတယ်ဆိုတော့ ရိုးရိုးသားသား မှားတာလား။ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ရည်ရွယ်ချက် တစ်ခုခုနဲ့ မှားတာလား ပြောဖို့တော့ ခက်တယ်။ ဥပမာ ကျွန်တော်တို့ မိသားစု မဲစာရင်းထဲမှာ မပါဘူး။ ကျွန်တော်တို့ ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဆွေ မဲစာရင်းထဲမှာ မပါဘူး စသည်အားဖြင့်ပေါ့။ ဒီလိုကိစ္စတွေ တကယ်ပဲ ရိုးရိုးတန်းတန်း ဖြစ်တာလား။ ရည်ရွယ်ချက်တစ်ခုခုနဲ့ ဖြစ်တာလား။ ပြောစရာ စဉ်းစားစရာ ဖြစ်လာတယ်။ အခုတစ်ခါ ထပ်ပြီးတော့ မဲစာရင်းကို မှန်အောင် ပြုစုပေမဲ့လည်း အမှားတွေ ပါနေတယ်။ အမှားတွေ များနေတယ်ဆိုတော့ ဒါဟာ တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေမှာ တာဝန်မရှိဘူး”
_______________________________________________________________________________
■ ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
“ရွေးကောက်ပွဲတစ်ခု ကျင်းပတယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းမှန်ကန်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက သူ့ရဲ့ကော်မရှင်နှင့် လုပ်ပိုင်ခွင့်မှာ ပါတယ်လေ။ အဓိကတာဝန်ပဲ။ ဒီမဲစာရင်းကို ပြန်ကြည့်လို့ ရှိရင်လည်း ၂၀၁၀ တုန်းက ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ မဲစာရင်း ရှိတာပဲ။ ၂၀၁၂ လည်း ရှိတာပဲ။ နောက်ဆုံး မနေ့တစ်နေ့က ၂၀၁၄ က ကောက်ထားတဲ့ သန်းခေါင်စာရင်းတွေလည်း ရှိတာပဲ။ သန်ခေါင်စာရင်း၊ အိမ်ထောင်စုစာရင်း ရှိတာပဲ။ အဲဒီလို ရှိရဲ့သားနဲ့ မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ် ဆိုတာက ကော်မရှင်က ကိုယ့်တာဝန် ကိုယ်မကျေတာပေါ့။ ရွေးကောက်ပွဲ တစ်ခုဆိုတာက မဲစာရင်းပေါ် အခြေခံပြီး ရွေးကောက်ပွဲ လုပ်ရတာလေ။ အစကတည်းကမှ ရွေးကောက်ပွဲမှာ မဲစာရင်းက မမှန်ကန်ဘူး ၃၀ ရာခိုင်နှုန်းလောက်ပဲ တာဝန်ခံနိုင်မယ်။ မမှန်ဘူး။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းလောက်က တာဝန်မခံ နိုင်ဘူးဆိုရင် အဲဒီမဲစာရင်းပေါ် အခြေခံပြီးလုပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှန်နိုင်မှာလဲ”                       
_______________________________________________________________________________
■ ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)
“နှစ်ပေါင်း ၅၀ လုံး လူထုကို စာမသင်ခဲ့ဘူးလေ။ ဘာစာမှ မသင်ဘဲနဲ့ အခုမှ လာကြည့်ပါဆိုတော့ ကျွန်တော်တို့ ဘက်မှာဆိုရင် စာမှမတတ်ဘဲ။ မဲစာရင်းမှ မကြည့်တတ်ဘဲ။ မဲစာရင်း ဘယ်သူ့ကို သွားကြည့်ခိုင်းမလဲ။ မဲစာရင်းကြည့်ဖို့ အတွက် လူငှားထားရတယ်။ အမှန်က ဖြစ်သင့်တာက ဒီကိစ္စတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူသင့်တယ်။ အရင် ရွေးကောက်ပွဲ ကော်မရှင်တွေက ပြည်ပအထောက်အပံ့ မရှိဘူးဗျ။ အခုရွေးကောက်ပွဲ ကော်မရှင်က ပြည်ပအထောက်အပံ့ရှိတယ်။   နည်းနည်းနောနော မကဘူး။ အများကြီးရှိတယ်။ သူတို့အပြီး လုပ်နိုင်တယ်။ ကျွန်တော့်အယူအဆ အရတော့ သူတို့အစအဆုံး အပြီးလုပ်သင့်တယ်။ လူထုကို မပုံချသင့်ဘူး။ ခင်ဗျားတို့ သွားကြည့်ကြ။ ခင်ဗျားတို့ ပါဝင်ဖို့။ ကိုယ့်ကိစ္စ ကိုယ်လုပ်မှ ရမယ်ဆိုတာမျိုး မလုပ်သင့်ဘူး။ ခေတ်အဆက်ဆက်လည်း မလုပ်ခဲ့ဖူးဗျာ။ အခုကျမှ လာလုပ်တယ်ဆိုတော့ မကောင်းဘူးလေ”

Most Read

Most Recent