အစိုးရအနေဖြင့် တိုက်ပွဲများ မဖြစ်ပွားရေး ထိန်းသိမ်းရန်နှင့် RCSS အနေဖြင့်လည်း တိုင်းပြည် အပြောင်းအလဲ အတွက် အရေးကြီးသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေး ပါတီများ ပြောကြား

အစိုးရအနေဖြင့် တိုက်ပွဲများ မဖြစ်ပွားရေး ထိန်းသိမ်းရန်နှင့် RCSS အနေဖြင့်လည်း တိုင်းပြည် အပြောင်းအလဲ အတွက် အရေးကြီးသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေး ပါတီများ ပြောကြား
Published 17 September 2015
စည်သာ(တောင်ကြီး)၊ အောင်ဇော်ထွန်း

အစိုးရတပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီများ ပါတီစည်းရုံးရေးနှင့် မဲဆွယ်ခြင်းများ ခေတ္တရပ်ဆိုင်းထားရန် RCSS က စက်တင်ဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ရာ တိုင်းပြည် အပြောင်းအလဲ အတွက် အရေးကြီးသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရအနေဖြင့် တိုက်ပွဲများ မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောကြားသည်။
RCSS အဖွဲ့အစည်းအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန်၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးခြင်းကို ထိန်းချုပ်ကန့်သတ် လိုက်ခြင်းသည် နိုင်ငံရေးပါတီများကို အခက်အခဲ အကျပ်အတည်း ဖြစ်စေကြောင်း၊ ထိုသို့ နိုင်ငံရေးပါတီများအား ကန့်သတ်မည့်အစား အစိုးရနှင့် တပ်မတော်တို့ကိုသာ ဖိအားပေးသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
ဦးစိုင်းလိတ်က “အဓိက,ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ဖို့ အစိုးရမှာ တာဝန်ရှိတယ်။ တပ်မတော်ဆိုတာ အစိုးရရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။ UEC မှာလည်း လုံးဝတာဝန်ရှိတယ်။ သူကလည်း ဒီအနေအထား အရဆိုရင် Third Party အနေနဲ့ ရပ်တည်ရမယ့်အစား သူကအစိုးရရဲ့ အလိုကျ ရပ်တည်တဲ့အဖွဲ့လို ဖြစ်နေတယ်လေ။ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် အစိုးရ တစ်ရပ်လုံးကို တိုက်တွန်းလိုတယ်။ တိုက်ပွဲဖြစ်အောင် ကြိုးပမ်းနေတဲ့၊ ဖန်တီးနေတဲ့ ကိစ္စတွေကို ကျွန်တော်တို့ မလိုလားဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ အစိုးရအပေါ်မှာ လုံးလုံးမူတည်နေတယ်။ ဒါကြောင့် တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းရမှာ ဖြစ်သလို မဲစာရင်း အမှန်ရရှိအောင် လုံးဝတာဝန်ယူရမှာ ဖြစ်တယ်။ ဒီလိုမှမဟုတ်ဘဲ တိုက်ပွဲတွေကြားထဲမှာ ရွေးကောက်ပွဲကို ကြံဖန်ပြီး ပြီးအောင် လုပ်ရမယ်ဆိုရင် ဒါလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ပါဘူး။ သမိုင်းတွင်ရစ်မှာပဲလို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ဦးစိုင်းလိတ်က “နိုင်ငံရေးပါတီတွေကို ကန့်သတ်မယ့်အစား NCA ပျက်ပြားအောင် ဖန်တီးနေတဲ့ တပ်မတော်ကို ပိုပြီးတော့မှ ဖိအားပေးသင့်တယ်။ NCA အမှန်တကယ် ဖြစ်စေချင်ရင်၊ ငြိမ်းချမ်းရေး အမှန်တကယ် ရလိုတယ်ဆိုရင် အခုဖြစ်နေတဲ့ ကိစ္စတွေကို လုံးဝရပ်တန့်ပြီးတော့မှ ဖြစ်ပျက်သွားပြီးတဲ့ကိစ္စ၊ ပြည်သူနစ်နာသွားတဲ့ ကိစ္စတွေကို တပ်မတော်က တာဝန်ယူပြီးတော့မှ ပြန်လည်ဖြေရှင်းသင့်တယ်။ နစ်နာသွားသူတွေကို တပ်မတော်က တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးသင့်တယ်။ နောက်နောင် မဖြစ်အောင်လည်း ထိန်းသိမ်းသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် NCA လက်မှတ်ထိုးတဲ့ ကိစ္စကို RCSS/SSAS နဲ့ ပြန်လည်စဉ်းစား သုံးသပ်ရပါလိမ့်မယ် ဆိုပြီးတော့မှ သက်ဆိုင်ရာ အစိုးရကို ဖိအားပေးသင့်ပါတယ်။ နိုင်ငံရေး ပါတီတွေကိုတော့  မကန့်သတ် သင့်ပါဘူး” ဟုလည်း ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းငွေက “လက်နက်ကိုင် အဖွဲ့ကိုလည်း တောင်းဆိုချင်တယ်။ ရွေးကောက်ပွဲ ဆိုတာက မဖြစ်မနေ ကျင်းပရမယ့် အခြေအနေ ရှိနေတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည် အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်။ အဲဒီတော့ RCSS လက်နက်ကိုင် အဖွဲ့တွေကော တခြားပြည်သူ ပြည်သားတွေကော အကျိုးရှိမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ ပါဝင်ပူးပေါင်း စေချင်တယ်။ အုပ်ချုပ်ရေးပိုင်းနဲ့လည်း ပူးပေါင်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ပူးပေါင်းပြီးတော့ လုပ်စေချင်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကို အေးအေးချမ်းချမ်းပြီးမှ။ နောက်တစ်ခါ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ မလွယ်ကူဘူးလေ။ ဒီတစ်ခါ ရွေးကောက်ပွဲမှာ အေးအေးချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အဲဒီစေတနာနဲ့ အကုန်လုံး ဝိုင်းဝန်းကူညီကြပါလို့ လက်နက်ကိုင် တပ်ဖွဲ့များအားလုံးကို တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။
နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကလည်း “ကျွန်တော်တို့ကတော့ အမြန်ဆုံး ငြိမ်းချမ်းရေး ရစေချင်တယ်။ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ဖို့နဲ့ တိုက်ပွဲတွေပြီးဆုံးဖို့ ငြိမ်းချမ်းရေးရဖို့ပဲ မျှော်လင့်ပါတယ်။ ဒီလို နိုင်ငံရေးပါတီတွေကို မဲဆွယ်ခွင့် ပိတ်ပင်လိုက်တယ် ဆိုတာက အများကြီး နစ်နာပါတယ်။ ပြောရမယ်ဆိုရင် အစိုးရပဲ ထုတ်ပြန်ခွင့်ရှိပါတယ်။ စစ်ရေးကိစ္စတွေကို သိပ်မပြော လိုပါဘူး။ မဲဆွယ်ကာလမှာ စည်းရုံးရေး ကာလမှာ ဒီလိုဖြစ်တယ်ဆိုတော့ ပြည်သူလူ ထုမှာ နစ်နာမှုတွေ အများကြီး ရှိနေတယ်ဆိုတာ သိစေချင်တယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ အသီးသီးမှ ပါတီစည်းရုံးရေးနှင့် မဲဆွယ်ရေး လုပ်ငန်းများကို ခေတ္တဆိုင်းငံ့ထားရန် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက “သြဂုတ်လကုန်ပိုင်းကနေ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားတာက အစိုးရရဲ့ ထိုးစစ်ဆင်မှုကြောင့်ပေါ့။ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေး ဆိုတဲ့ကိစ္စနဲ့ ကျွန်တော်တို့ကို ရန်သူသဖွယ် လိုက်လံတိုက်ခိုက် ချေမှုန်းတာဖြစ်သလို တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးတော့ကြီးမားလာတဲ့ တိုက်ပွဲတွေ တွေ့ရပါ တယ်။ စစ်ရဟတ်ယာဉ်တွေ စစ်တိုက်လေယာဉ်တွေ အသုံးပြုပြီး ကျွန်တော်တို့ကို လိုက်လံရှင်းလင်း တာတွေလည်း ရှိခဲ့ပါပြီ။ အဲဒီလိုဖြစ်ရပ် တစ်ဆင့်ပြီးတစ်ဆင့် တိုးပွားလာတာ ဒီဒေသအတွင်းမှာ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ဆင်းနေကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ လုံခြုံရေးအရ ကျွန်တော်တို့ သတိထားဖို့ သတိရှိအောင် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ သိရှိအောင် အသိပေးထုတ်ပြန် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်” ဟု စက်တင်ဘာ ၁၇ ရက်က ပြောကြားသည်။
အစိုးရတပ်မတော်နှင့် RCSS တို့အကြား သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ ၁၆ ရက်အထိ တိုက်ပွဲကြီးငယ်ပေါင်း ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ဆင်ရေး စီမံချက်များဖြင့် ထိုးစစ်ဆင်နေမှုများ ရှိနေ၍ ဒေသခံ ပြည်သူလူထုများနှင့် ဒေသတွင်း ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးနှင့် မဲဆွယ်ခြင်း လုပ်ငန်းဆိုင်ရာများအား လုပ်ဆောင်လျက်ရှိသော နိုင်ငံရေးပါတီ အားလုံးအတွက် လတ်တလောနယ်မြေ အခြေအနေအရ ဘေးကင်းလုံခြုံမှု မရှိပါသဖြင့် RCSS ထိန်းချုပ်နယ်မြေအတွင်း ပါတီမဲဆွယ်ခြင်းနှင့် စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများအား ဘေးကင်းလုံခြုံမှုရှိသည့် အချိန်အခါအထိ ခေတ္တရပ်ဆိုင်း ပေးထားပါရန်  အသိပေး အကြောင်းကြား ကြေညာအပ်ပါသည်ဟု RCSS ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အစိုးရတပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွား နေမှုများနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၇ ရက်တွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံသို့ တရားဝင် အသိပေး အကြောင်းကြားပြီး ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။
အစိုးရတပ်မတော်နှင့် RCSS တို့အကြား ရှမ်းပြည်နယ်အတွင်းရှိ ခိုလန်၊ လင်းခေး၊ မိုင်းပွန်၊ လွယ်လင်နှင့်  ကျောက်မဲ စသည့် မြို့နယ်များ အတွင်းရှိ နယ်မြေဒေသများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။
 

Most Read

Most Recent