တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားရန် ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစုအဖွဲ့အားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ပဒိုစောကွယ်ထူးဝင်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အစည်းအဝေး ပြုလုပ်မည့် နေရာကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ပဒိုစောကွယ်ထူးဝင်းက “သမ္မတကြီးက ညှိနှိုင်းတဲ့ အခါမှာ အကုန်လုံးပါဝင်ရေးမူ ဆိုတာကို လက်ခံပါတယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ လက်တွေ့ကျတဲ့ အကောင်အထည်ဖော်မှုနဲ့ သွားပါမယ်ဆိုပြီးတော့ ပြန်လည်ချပြတဲ့ အခါမှာ ကျွန်တော်တို့က ဒီကိစ္စကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ငါးဖွဲ့ရဲ့ ခေါင်းဆောင်ငါးဦးနဲ့ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့တို့ကနေပြီးတော့ သူတို့ကို တာဝန်ပေးလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များ အစည်းအဝေးကို ပြန်လည်တင်ပြပြီးတော့ ဒါကို သုံးသပ်ပေးဖို့ ချပြသွားမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကိုလည်း ကျွန်တော်တို့ အခုလာမယ့် ၂၄၊ ၂၅၊ ၂၆ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားပြီးတော့ ကျွန်တော်တို့ ဒီထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတကြီးနဲ့ တွေ့ဆုံတဲ့ အခါမှာ ရလာတဲ့ ရလဒ်သဘောထားတွေကို ပြန်လည်တင်ပြပြီးတော့ အခြေခံအားဖြင့် အဖွဲ့အစည်း တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းကနေ ဆုံးဖြတ်ပြီးတော့ အစုအဖွဲ့အလိုက် ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် SD တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ချုပ်ဆိုရာတွင် ပါဝင်မည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသွားရန် ရှိသည်။ထို့ပြင် SD နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့တွင် ပါဝင်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ မိုင်းလားအဖွဲ့ (NDAA) တို့ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် စက်တင်ဘာ ၉ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးမှုအား နိုင်ငံတော်သမ္မတမှ စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်ရန် အဆိုပြုခဲ့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များက အောက်တိုဘာလလယ်ပိုင်းတွင် ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းပေါင်း ၂၀ ကျော်ရှိရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုရာ၌ အစိုးရက အဖွဲ့ ၁၅ ဖွဲ့ဖြင့်သာ ကနဦး လက်မှတ်ရေးထိုးရန် လိုလားလျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကမူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးမူကို ဆက်လက်ကိုင်စွဲထားသည်။
အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ယခုလ နောက်ဆုံးပတ်တွင် ပြုလုပ်မည်