အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ရွေးကောက်ပွဲကြေညာစာတမ်း ရက်ပိုင်းအတွင်း ထွက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပါတီ၏ ကြေညာစာတမ်းနှင့် ပတ်သက်ပြီး အသေးစိတ်အတည်ပြုပြီးဖြစ်ကြောင်း သတင်းရရှိသည်။
“ပါတီကြေညာစာတမ်းကတော့ အခုဆိုလို့ရှိရင် ၃၊ ၄ ရက်လောက် ဆိုထွက်မယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။
ကြေညာစာတမ်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်က “ပါတီကြေညာစာတမ်းမှာကတော့ ထုံးစံအတိုင်းပေါ့။ ရွေးကောက်ပွဲ ကြေညာစာတမ်းကတော့ နိုင်ငံရေးတို့၊ စီးပွားရေးတို့၊ လူမှုရေးတို့၊ တောင်သူလယ်သမားရေးတို့၊ အလုပ်သမားရေးတို့၊ ကျောင်းသား၊ လူငယ် စသည်ဖြင့် အကုန်ပါတာပေါ့။ သူ့လုပ်ငန်းကဏ္ဍတွေ အကုန်ပါတာပေါ့ ကြေညာစာတမ်းမှာတော့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိ သူဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ရှိ နေအိမ်၌ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“CEC အစည်းအဝေးကတော့ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် စည်းဝေးကြတာပေါ့။ နောက်တစ်ခုက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ဆွေးနွေးကြတယ်”ဟု ၎င်းက ပြောကြားသည်။
ရွေးကောက်ပွဲဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ “တို့ ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားထားတာတွေကတော့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီပေါ့။ နိုင်ငံရေးမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဒါတွေနဲ့ပေါ့။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က မဲဆွယ်စည်းရုံးတဲ့နေရာမှာ ကိုယ့်ရဲ့မူဝါဒ ကိုသာ ပြောပြီးတော့ အဆင့်မြင့်မြင့်စည်းရုံးဖို့ အဲဒါတွေပဲ တို့ပြောပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် အစိုးရဖွဲ့နိုင်ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး တိုင်းရင်းသားများနှင့် ဖြောင့်ဖြောင့်တန်းတန်း ပွင့်လင်းစွာဆက်ဆံမည်ဖြစ်ကာ ကတိ ပျက်သည့်အဖွဲ့မဖြစ်စေရကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်ခရီးစဉ်၌ ပြောကြားထားသည်။















