SNLD ကျားခေါင်းပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကထား ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပါတီ၏တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားသည်။
ပင်လုံမြို့ရပ်ကွက်(၄) ရှိ ရှမ်း ပိဋကတ်ကျောင်းတွင် ပြုလုပ်သော SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များအား စည်းရုံးရေးဆိုင်ရာသင်တန်းပေးခြင်းနှင့် ဟောပြောဆွေးနွေးခြင်း အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ထိုစည်းဝေးပွဲသို့ မြန်မာတစ်နိုင်ငံလုံး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၁၀၀၀ နီးပါး တက် ရောက်ခဲ့ကြကြောင်းသိရသည်။
ပင်လုံမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စတည်ခဲ့ပြီး တိုင်းရင်းသားအားလုံး တန်းတူညီညွတ်သော အခွင့်အရေးကို ရစေနိုင်သော သန္ဓေတည်ခဲ့သောနေရာ ပင်လုံတွင် ပြန်လည်အသက်သွင်းရန်၊ စည်းလုံးညီ ညွတ်ရေးမရှိလျှင် ငြိမ်းချမ်းရေးမရှိနိုင်သဖြင့် တိုက်ပွဲများ ဖြစ်ကောင်းဖြစ်လာနိုင်သောကြောင့် ထိုကိစ္စများကျော်ဖြတ်ရန်ပင်လုံတွင် သန္ဓေတည်စေရန် လာရောက်လုပ်ခြင်းဖြစ်ကြောင်း၊ ပင်လုံကတိကဝတ်အတိုင်း ဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
အစည်းအဝေးကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ၁၁ နာရီခန့်တွင် ပင်လုံကျောက်တိုင်သို့ လမ်းလျှောက်သွားခဲ့ကြကာ ပင်လုံကျောက်တိုင်ရှေ့တွင် ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်တာကျင်းပမည့်ပွဲ၌ ပထမနေ့တွင် ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို အဓိကပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ကျန်ရှိသောနောက်ဆုံး နှစ်ရက်တွင် စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် သင်တန်းပို့ချခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆောင်ပုဒ်များမှာ ပြည်သူ့အတွက် SNLD ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရန်၊ ငြိမ်းချမ်းမှုမရှိဘဲ ဒီမိုကရေစီ မတည်ဆောက်နိုင်၊ တန်းတူညီမျှရေးမရှိဘဲ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်တို့ပင် ဖြစ်ကြောင်းသိရသည်။
“လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရန်အတွက် ရွေးကောက်ပွဲကော်မရှင်မှာသာ အဓိက တာဝန်ရှိပါတယ်။ လက်ရှိအာဏာရယူထားသော အစိုးရမှ ရွေးကောက်ပွဲအား တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက် သောနည်းဖြင့်ဖြစ်စေ ဖိအားမပေးဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်ပြုပြီး အမှန်တကယ် အကောင်အထည်ဖော်ရန် ၊ ထိုသို့ပြည့်စုံမှ လူထုယုံကြည်မှုကို ရလိမ့်မယ်လို့ ကျွန်တော် ပြောချင်တယ်” ဟု တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၇ ဦး အပါအဝင် ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ SNLD မှ ရှမ်းပြည်နယ်တွင် အဓိက အောင် နိုင်ရေးကို မျှော်လင့်ချက်ထားကြောင်း သိရသည်။















